>to collect Aung San’s biograpy, speech and writing

>

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိနှင့် အောင်ဆန်း လက်ရွေးစင် ကျမ်းများ ပြုစုရေး
မိတ္ထီလာ-မြင့်မြင့်အေး
၁၉ ဇူလိုင် ၂၀၁၀


ကျမတို့ မိတ္ထီလာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးတဲ့ အာဇာနည်နေ့ အခမ်းအနားကို ဘယ်လို ဟန့်တား နှောက်ယှက်မှုတွေ ရှိနေပါစေ မပျက်မကွက် ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးများဟာ အမိနိုင်ငံတော်ရဲ့ ကျေးဇူးရှင်ကြီးများ ဖြစ်ကြပါတယ်။ ကျမတို့ နိုင်ငံသူနိုင်ငံသားပြည်သူလူထုကြီးက ကျေးဇူးရှင် အာဇာနည် ခေါင်းဆောင်ကြီးများကို ဘယ်တော့မှ မမေ့မလျော့ ဂုဏ်ပြု ကျေးဇူးဆပ်ရမယ်ဆိုတဲ့ အသိခံယူချက်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။

နောက်တစ်ကြောင်းက ကျမတို့ရဲ့ လူငယ်တွေဟာ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ကောင်းမြတ်တဲ့ တိုင်းပြည်အကျိုးပြုမှုနဲ့ အလေ့အထများကို အတုယူရေး၊ အာဇာနည်ခေါင်းဆောင်ကြီးများကဲ့သို့ နိုင်ငံ့ခေါင်းဆောင်ကြီးများ ပေါ်ထွန်းရေးတို့ အတွက် ရည်ရွယ် ကျင်းပခြင်း ဖြစ်ပါတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဖခင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို တင်ပြလိုပါတယ်။ ဗိုလ်ချုပ်ကို ကိုယ်ကျိုးမရှာ အလွန်ရိုးသားတဲ့ ကြည်ညိုဘွယ် ခေါင်းဆောင်ကြီးအဖြစ် တင်စားနေတာသာများ
ပါတယ်။
မှန်ပါတယ်။ ဗိုလ်ချုပ်ဟာ ရိုးသားဖြောင့်မတ်သူ ကိုယ်ကျိုးမရှာ နိုင်ငံအကျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ်တဲ့ ကြည်ညိုဘွယ် ခေါင်းဆောင်ကြီးပါ။ နိုင်ငံရေးဆိုတာက နိုင်ငံအတွင်းရှိ လူအပေါင်းတို့ရဲ့ အရေးပါ။ ကိုယ်ကျိုးမလုပ်ဘဲ နိုင်ငံအတွင်းရှိ လူအပေါင်းတို့ရဲ့အရေး နိုင်ငံ့အရေးလုပ်တဲ့ ပုဂ္ဂိုလ်ကို နိုင်ငံရေးသမားလို့ ခေါ်ကြတာပါ။ ဗိုလ်ချုပ်ဟာ နိုင်ငံရေးသမား စစ်စစ် ဖြစ်ပါတယ်။ နိုင်ငံရေးသမားတိုင်း စံနမူနာယူကြရမှာဖြစ်ပါတယ်။

လိမ္မာ ပါးနပ်တဲ့ နိုင်ငံရေး ခေါင်းဆောင်ကြီးဖြစ်လို့ ဗိုလ်ချုပ်ဟာ- နှစ်ပေါင်း ရာကျော် ဆုံးရှုံး ကျွန်ဖြစ်နေခဲ့ရတဲ့ နိုင်ငံတော်ကို လွတ်မြောက်အောင် လွတ်လပ်ရေး ရယူပေးနိုင်ခဲ့တဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဖြစ်ပါတယ်။

ကျွန်ဘ၀အတွင်းမှာ ၆ လက်မကျော် ဓားလက်နက် ကိုင်ခွင့်မရတဲ့အထဲက ဒီနေ့လိုခေတ် မှီ ဗမာ့တပ်မတော်ကြီး တည်ဆောက် ထူထောင်ပေးနိုင်ခဲ့တဲ့ တပ်မတော်ရဲ့ဖခင်ကြီးလည်း ဖြစ်ပါတယ်။

အမိနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ ပြည်သူတွေဟာ ပဒေသရာဇ်စနစ်နဲ့ နယ်ချဲ့ရဲ့ သွေးခွဲမှုကြောင့် ညီညွတ်ရေး ပြိုကွဲနေတာကို တမျိုးသားလုံး သွေးစည်း ညီညွတ်ရေး အတွက် စည်းရုံး ပေးနိုင်ခဲ့တဲ့ မဟာအမျိုးသား စည်းရုံးရေးမှူးကြီး အမျိုးသား ခေါင်းဆောင်ကြီး လည်းဖြစ်ပါတယ်။

အခြေခံ ဥပဒေ တစ်ရပ်နဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရယ်လို့ – ဒီမို ကရေစီနိုင်ငံတော် တည်ဆောက်နိုင်ခဲ့တဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီးလည်းဖြစ်ပါတယ်။

ဒီလို အမိနိုင်ငံတော်ရဲ့ ကြီးလေးတဲ့တာဝန်တွေကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ခဲ့တာဟာ အလွန် လိမ္မာ ပါးနပ် ကျွမ်းကျင် အမြော်အမြင် ကြီးတဲ့ နိုင်ငံရေးသုခမိန်ကြီး ဖြစ်လို့သာ ထမ်းဆောင်နိုင်တာ ဖြစ်ပါတယ်လို့ ကျမ ပြောလိုတာပါ။

ကျွမ်းကျင် လိမ္မာပါးနပ်တယ်လို့ ကျမ သုံးနှုံးတာက လှည့်ဖြားတတ်တယ် ပရိယာယ်ကြွယ်ဝတယ် လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဗိုလ်ချုပ် ဒီတာဝန်တွေ ထမ်းဆောင် နိုင်ခဲ့တာဟာ အသက် ၃၂-နှစ် အတွင်းမှာ ဖြစ်ပါတယ်။ ကမ္ဘာမှာ အသက် အငယ်ဆုံး ( Head of state ) နိုင်ငံခေါင်းဆောင် ဖြစ်တယ်လို့ သတ်မှတ်ကြတာပါ။ အာရှမှာ နေထွက်ဘုရင် အကြီးကျယ်ဆုံး ဂျပန်နိုင်ငံခေါင်းဆောင်ကြီးများနဲ့ နေမ၀င် အင်ပါယာပိုင်ရှင် ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်ကြီးများ ဖြစ်ကြတဲ့ အင်္ဂလိပ် ဗြိတိသျှ ခေါင်းဆောင်ကြီးများနဲ့ တန်းတူရည်တူ မဟုတ်။ ကျွန်နိုင်ငံငယ်ကလေးက ခေါင်းဆောင်ငယ်လေး တစ်ဦးအနေနဲ့ ဒီတာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ အရည်အချင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရေး ခေါင်းဆောင်ကြီး ဂျဝါဟာလာပဏ္ဍစ်နေရူးက – “အောင်ဆန်း ကျဆုံးရတာဟာ မြန်မာနိုင်ငံရဲ့ ဆုံးရှုံးမှုသာမက အာရှတိုက်ကြီးရဲ့ ဆုံးရှုံးမှုပါ” လို့ ဆိုပါတယ်။ ခေါင်းဆောင်ကြီး နေရူးက အာရှမှာ အားကိုးစရာဟာ ဗီယက်နမ်ခေါင်းဆောင်ကြီး ဟိုချီမင်း၊ အင်ဒိုနီးရှားခေါင်းဆောင်ကြီး ဆူကာနိုနဲ့ ဗမာပြည်က အောင်ဆန်း (၃) ဦး ရှိတဲ့အနက် သမ္မတ ဟိုချီမင်းနဲ့ သမ္မတ ဆူကာနိုတို့က အသက် ကြီးရင့်နေပြီဖြစ်လို့ အောင်ဆန်းသာ အာရှရဲ့ အားကိုးရမဲ့ ခေါင်းဆောင်လို့ ဆိုကြောင်း လေ့လာ သိရှိရပါတယ်၊ ကျမတို့နိုင်ငံ လွတ်လပ်ရေး ရပြီးနောက် နိုင်ငံကို ခေါင်းဆောင်ခဲ့တဲ့သူတွေဟာ သူတို့ အာဏာမြဲရေးအတွက် သူတို့ လုပ်နေတာဟာ ဗိုလ်ချုပ်လမ်းစဉ်ပါလို့ လိမ်ညာခဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကို ဖျောက်ပစ်ဖို့ ရှေးရှေးတုန်းက သမိုင်းပြတိုက်ထဲမှာ ထားရမယ့် ပဒေသရာဇ် ခေါင်းဆောင်ဟောင်းများကို ပွဲထုတ် အစားထိုးနေကြတာကိုလည်း တွေ့နိုင်ပါတယ်။

ဖခင်ဗိုလ်ချုပ်ရဲ့ အတ္ထုပ္ပတ္တိများနဲ့ ဗိုလ်ချုပ်ရဲ့ မှန်ကန်တဲ့ အတွေး၊ မှန်ကန်တဲ့ အမြင်၊ မှန်ကန်တဲ့ မိန့်မှာစကား – ရေးသားမှုများ၊ မှန်ကန်တဲ့ အပြုအမူ၊ မှန်ကန်တဲ့ လုပ်ရပ်များကို ရှာဖွေလေ့လာကြပါ၊ အတုယူကြပါ၊ ဗိုလ်ချုပ်လို ခေါင်းဆောင်မျိုး နိုင်ငံရေးသမားမျိုး ဖြစ်အောင် ကြိုးစားကြပါလို့ ၆၃ ကြိမ်မြောက် အာဇာနည်နေ့ ကာလမှာ လူငယ်တွေကို ကျမ တိုက်တွန်းလိုပါတယ်။

ဒိထက် တစ်ဆင့်တက်ပြီး တင်ပြလိုတာက ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိကို – ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ခေါင်းဆောင်တွေ၊ စာရေးဆရာတွေ၊ သမိုင်းဆရာတွေ၊ တစ်ဦးချင်း မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတွေနဲ့ ရေးသားထားကြတာတွေ ရှိပါတယ်။

ဗိုလ်ချုပ် ကိုယ်တိုင်ရေးတာလည်း ရှိပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် ရေးသားပြုစုထားတာလည်း ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတော်က တစ်မျိုးသားလုံး လက်ခံရမဲ့ အတ္ထုပ္ပတ္တိရယ်လို့ မရှိသေးပါဘူး။ အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ပြုစုရေးကော်မရှင် တစ်ရပ် ဖွဲ့ပြီး အားလုံးစုပေါင်း တည်းဖြတ် ပြုစု သင့်ပါတယ်။ နောက်တစ်ခုက ဗိုလ်ချုပ်ရေးသားတဲ့ ဗိုလ်ချုပ် ပြောကြားတဲ့ စာပေနဲ့ မိန့်ခွန်းများကို ရှာဖွေ စုဆောင်း တည်းဖြတ်ပြီး “အောင်ဆန်း လက်ရွေးစင်ကျမ်းများ” ပြုစုရေး ကော်မရှင် ဖွဲ့ပြီး ပြုစုထားသင့်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ပြုစုရေးနဲ့ “အောင်ဆန်းလက်ရွေးစင်ကျမ်းများ” ပြုစုရေး တာဝန်ကို ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီးက တာဝန်ယူ ခေါင်းဆောင် ဆော်သြ၍ ဖြစ်မြောက်အောင် ဆောင်ရွက်ကြပါလို့ အဆိုပြု တင်ပြလိုက်ပါတယ်။

ဒေါ်မြင့်မြင့်အေး
အတွင်းရေးမှူး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
မိတ္ထီလာ။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts