>People’s Age – Burmese 2010 Political Journal launched

>

ပြည်သူ့ခေတ်ဂျာနယ် မိတ်ဆက်ပွဲ ကျင်းပ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇူလိုင် ၆၊ ၂၀၁၀
သတင်းစာဆရာ မောင်ဝံသ အတိုင်ပင်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်တဲ့ ပြည်သူ့ခေတ် ဂျာနယ် စတင်ထွက်ရှိတဲ့ မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။
ယခုလပိုင်းအတွင်း နိုင်ငံရေး အသားပေး ဂျာနယ်များ ထွက်ရှိလာတာတွေ့ရပြီး ဆရာမောင်ဝံသ၊ စာရေးဆရာ ဖေမြင့်၊ ကိုမော်လင်း အစရှိတဲ့ စာပေနယ်မှသူများ စုပေါင်းပြီး  နိုင်ငံရေး အသားပေး ပြည်သူ့ခေတ်ဂျာနယ်ကို ထုတ်ဝေလိုက်ကြခြင်း ဖြစ်ပါတယ်။
(အယ်ဒီတာချုပ် – စာရေးဆရာ ဖေမြင့်)
ပြည်သူ့ခေတ် ဂျာနယ်မှာ အယ်ဒီတာချုပ် အနေဖြင့် စာရေးဆရာ ဖေမြင့်၊ ဒုအယ်ဒီတာချုပ် ကိုမော်လင်း၊ အမှုဆောင် အယ်ဒီတာများအဖြစ်  ဦးမျိုးညွန့်နှင့် ကိုရဲ၊ တာဝန်ခံအယ်ဒီတာ မင်းနိုင်စိုးတို့ ဖြစ်ကြပါတယ်။
အယ်ဒီတာချုပ် ဆရာဖေမြင့်က ပြည်သူများရဲ့ သဘောထား အမြင်ကို ထင်ဟပ်ဖေါ်ပြကာ အကျိုးစီးပွားကို ဆောင်ရွက်နိုင်တဲ့ ဂျာနယ် တစ်စောင်ဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ယနေ့ပြုလုပ်တဲ့ မိတ်ဆက်ပွဲမှာ ပြောဆိုသွားပါတယ်။ ဂျာနယ်ရဲ့ အယ်ဒီတာ့ အာဘော်မှာလည်း “ပြည်သူတို့ အကျိုးစီးပွားအတွက် ပြည်သူများ ကိုယ်တိုင်ပါဝင် ဆောင်ရွက်သည့် ပြည်သူ့အစိုးရ ခေတ်ကိုရည်မျှော်လျက်” ဆိုတဲ့ စာသားကို ထည့်သွင်းဖေါ်ပြထားတာ တွေ့ရပါတယ်။
(အငြိမ်းစား သံအမတ်ကြီး ဦးသက်ထွန်း )
ဂျာနယ်မိတ်ဆက်ပွဲတွင် အငြိမ်းစား သံအမတ်ကြီး ဦးသက်ထွန်း၊ ဆရာဖေမြင့်၊ ဆရာမောင်မိုးသူ၊ ဆရာမောင်ဝံသနဲ့ ဆရာမကြီးဒေါက်တာ ဒေါ်မြင့်မြင့်ခင် တို့က မိတ်ဆက်စကားများ ပြောကြားခဲ့ကြရာမှာ ပြည်သူတွေရဲ့ ခံစားချက်တွေကို ပြည်သူ့တွေ ဘက်က ကိုယ်စားပြုပြီး ဖေါ်ပြပေးနိုင်အောင် ဆန္ဒပြုပြောဆိုခဲ့ကြ ပါတယ်။
(စာပေလွတ်လပ်ခွင့်မရှိသဖြင့် အကျဉ်းချခြင်းခံခဲ့ရသူ  ကဗျာဆရာ စောဝေ)
ယနေ့ ထွက်ရှိသည့် ပြည်သူ့ခေတ် ဂျာနယ် အမှတ် ၁ ၏ စာမျက်နှာ ထက်ဝက်ကျော်မှာ နိုင်ငံရေး ဗဟုသုတ ဆောင်းပါးများထည့်သွင်း ဖေါ်ပြထားသည်ကို တွေ့ရပြီး ပြည်တွင်းသတင်းကဏ္ဍ တစ်မျက်နှာနှင့် အခြား နိုင်ငံတကာ သတင်းများ အနုပညာသတင်းများ ထည့်သွင်းဖေါ်ပြထားပါတယ်။
(ဒေါက်တာဒေါ်မြင့်မြင့်ခင်) 

အခြားသော စာနယ်ဇင်း မိတ်ဆက်ပွဲများထက် ထူးခြားစွာ ယနေ့ ပွဲသို့ ပရိသတ် ရာနဲ့ချီတက်ရောက်လာတာ တွေ့ရပြီး ထင်ရှားတဲ့ စာပေပညာရှင်များ၊ အငြိမ်းစား သံအမတ်၊ နိုင်ငံရေး သမားအချို့နဲ့ ကဗျာ၊ ကာတွန်း စာရေးဆရာများ၊ စာနယ်ဇင်းသမားများ တက်ရောက်လာကြတာ တွေ့ရပါတယ်။ ထူးခြားသည့် အချက်တစ်ချက်အနေနဲ့ စာပေစိစစ်ရေးမှ တာဝန်ရှိသူ တဦးမှ တက်ရောက်တာ မတွေ့ရပဲ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဌ တက္ကသိုလ် တင်ခ တက်ရောက်သည်ကိုသာ တွေ့ရပါတယ်။
(ဧည့်ပရိသတ်များ)

ယခုဂျာနယ်ကို ဆရာမောင်ဝံသနှင့် အယ်ဒီတာအဖွဲ့ဂင်များ အပြင် ပြင်ပမှ ဦးဝင်းချိုနှင့် ဆရာအာသာတို့ပါ စုပေါင်း ထုတ်ဝေကြတာဖြစ်တယ် လို့လည်း မိတ်ဆက်ပွဲမှာ ဆရာဖေမြင့်က ပြောဆိုခဲ့ပါတယ်။
ပြည်တွင်း သတင်းထောက် တစ်ယောက်က ပြည်သူ့ခေတ် ဂျာနယ်ကို ဖတ်ရှုပြီး “ ပရိသတ် အများကြီးရဖို့တော့ တော်တော်ကြိုးစားရမယ် ထင်တယ်။ နည်းနည်းလေးတယ်လို့ ပြောရမလား မသိဘူး။ သတ်သတ်မှတ်မှတ် ကြိုက်နှစ်သက်သူတွေ အားပေးမယ့်ဂျာနယ် လို့မြင်တယ်။ နိုင်ငံရေး အသားပေးဆိုပေမယ့် မော်နီတာလို နော့သင်းစတားလို အဟောင်းတွေကို ပြန်ဖေါ်ပြတာမျိုး မဟုတ်တော့ ပရိသတ်အတွက် ပိုအကျိုးရှိတယ်လို့ မြင်ပါတယ်”လို့ ပြောပါတယ်။
(ဆရာ ပါရဂူ နဲ့ တက္ကသိုလ်တင်ခ) 
မြန်မာနိုင်ငံတွင် စာပေစိစစ်ရေး နှင့် ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်အဖွဲ့မှ ခွင့်ပြုထားသည့် လစဉ်ထုတ် မဂ္ဂဇင်းပေါင်း ၁၅၀ ကျော်နှင့် အပတ်စဉ်ထုတ် ဂျာနယ်ပေါင်း ၁၅၀ ကျော်အသီးသီးရှိပြီး အမှန်တကယ် ထွက်ရှိနေသည့် အရေအတွက်မှာ မဂ္ဂဇင်းရော ဂျာနယ်ပါ ၁၄၀ နီးပါးသာရှိတယ်လို့ စာပေစိစစ်ရေး မှ ၀န်ထမ်းတဦးက ပြောကြားခဲ့ပါတယ်။
 ( ဆရာပါရဂူ၊ ဆရာမောင်ဝံသ)
အပတ်စဉ်ထုတ် ဂျာနယ် တစ်စောင် ထုတ်ဝေရန်ရင်းနှီးမြှုပ်နှံငွေ အနည်းဆုံး ကျပ် သိန်း ၁၅၀ ၀န်းကျင်ရင်းနှီးရန် လိုအပ်ပြီး အပတ်စဉ် လည်ပတ်သုံးစွဲမည့်ငွေ  ၂၀ သိန်းမှ ၃၀ သိန်း အထိလိုအပ်သည်ဟု ရန်ကုန် ဂျာနယ် ထုတ်ဝေသည့် အသိုင်းအ၀ိုင်းက ပြောဆိုပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts