>women day of burma

>

မြန်မာအမျိုးသမီးခေတ်နဲ့ မြန်မာအမျိုးသမီးများနေ့
မိတ္ထီလာ မြင့်မြင့်အေး
ဇူလိုင် ၃၊ ၂ဝ၁ဝ



မြန်မာ့ဒီမိုကရေစီအင်အားစုများက ၁၉၉၇ ခုနှစ်ကစပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဇွန်လ ၁၉ ရက်ကို “မြန်မာအမျိုးသမီးများနေ့” ရယ်လို့ သတ်မှတ်ကြပြီး နှစ်စဉ်နှစ်တိုင်း မြန်မာအမျိုးသမီးများနေ့အဖြစ် ကျင်းပခဲ့ကြတာဟာ ဒီနှစ်ဆိုရင် ၁၄-နှစ်မြောက် ရှိပါပြီ။ အရင်က “မြန်မာအမျိုးသမီးးများနေ့” ရယ်လို့ မရှိခဲ့ဘူးပါ။

မိန်းမ – ဘ, သမီး
မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်ကျော်ဟာ အမျိုးသမီးများ ဖြစ်ကြပါတယ်။ အင်္ဂလိပ်ကျွန်ဘဝ ရောက်ခဲ့ကြရပြီး လွတ်လပ်ရေးတိုက်ပွဲ တလျှောက်လုံးမှာ မြန်မာ အမျိုးသမီးများဟာ အမျိုးသားများနဲ့ ရင်ဘောင်တန်းပြီး အတူ တိုက်ပွဲဝင်ခဲ့ကြတာပါ။ အမျိုးသားများနဲ့ တန်းတူ စီတန်း လှည့်လည် ဆန္ဒပြခဲ့ကြ၊ ခရီးရှည် ချီတက် လမ်းလျှောက်ခဲ့ကြတယ်။ သပိတ်မှောက်တယ်။ သပိတ်တားတယ်။ မြင်းနဲ့အတိုက်ခံကြရတယ်။ အရိုက်ခံ အဖမ်းခံကြရတယ်။ ထောင်ကျခဲ့ကြတယ်။ အသတ်ခံ အသေခံပြီး တိုက်ခဲ့ကြတယ်။ အမျိုးသားတွေထက် ပိုတာက တခါတရံ မုဒိမ်းအကျင့်ပါ ခံကြရပါသေးတယ်။

မိန်းမ သတ္တိ
နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်တွေ၊ မျိုးချစ်စိတ်ဓာတ်တွေ၊ တရားဟောပြောမှုက အစ အမျိုးသားတွေထက် နောက်ကျမကျန်ခဲ့ကြပါဘူး။ နယ်ချဲ့ကို ဆန့်ကျင်ရာမှာ ခေါင်းပေါ်က လိပ်ခွံဘီးကို ချိုးလွှင့်ပစ်တယ်။ ခါးပေါ်က အင်္ဂလိပ်လုပ် အင်္ကျီစ ဝတ်ထားတာကို ဆုတ်ဖြဲပြခဲ့ကြတယ်။ ဆန္ဒပြပွဲမှာ အင်္ဂလိပ်အရေးပိုင် (D.C) ဒုတိယ ကော်မရှင်နာ (ယခု ခယက ဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီး အဆင့်)ကို ဘိနပ်နဲ့ ပါးရိုက်ပြီး ထောင် အကျခံခဲ့တယ်။

အားနွဲ့သူလား
ခေတ်အဆက်ဆက်-
– ဂျီစီဘီအေခေတ်မှာ ကုမ္မာရီ အမျိုးသမီးအသင်း
– ဒို့ဗမာအစည်းအရုံးခေတ်မှာ သခင်မ သခင်မကြီးများ
– ဖဆပလခေတ်မှာ မြန်မာနိုင်ငံလုံး ဆိုင်ရာ လွတ်လပ်ရေး အမျိုးသမီး အဖွဲ့
– ပြည်သူ့ရဲဘော် အဖွဲ့ချုပ်မှာ ရဲဘော်၊ ရဲမေ
– ဗမာပြည် ကွန်မြူနစ်ပါတီမှာ အမျိုးသမီးကွန်ဂရက်၊ အမျိုးသမီးသမဂ္ဂ
အဲဒီလိုတွေ ဖွဲ့စည်းပြီး အမျိုးသားများနဲ့ ရင်ဘောင်တန်းပြီး တစ်တပ် တစ်အား ပါဝင်ခဲ့ကြတာပါ။ “ဘယ်သောအခါမှ နောက်မကျန်ရစ်ခဲ့ကြပါ။” ခေတ်အဆက်ဆက် လှုပ်ရှားမှုတိုင်း ပါတီ အဖွဲ့ အစည်းတွေ ဖွဲ့တိုင်း အမျိုးသမီးအဖွဲ့ မပါရင် မပြီးခဲ့ပါဘူး။ ပမညတ မှာ အမျိုးသမီး ညီညွတ်ရေး အဖွဲ့။ ပြည်သူ့ အမျိုးသမီး အဖွဲ့ချုပ်။ တည်မြဲ-သန့်ရှင်း ဖဆပလ ကွဲတော့ ဦးနုရဲ့ ပထစ မှာ ပြည်ထောင်စု အမျိုးသမီး အဖွဲ့။ ထမီနီ – ထမီဝါ တွေနဲ့ပါ။

အဖြည့်ခံဘဝနဲ့
အဲဒီလို စဉ်ဆက်မပြတ် လှုပ်ရှားခဲ့ကြပေမဲ့ “မြန်မာအမျိုးသမီးများနေ့” ရယ်လို့ သတ်သတ် မှတ်မှတ် ထိုက်ထိုက် တန်တန် အသိအမှတ်ပြုခြင်း မခံခဲ့ကြရပါဘူး။ အမျိုးသားများသာ သမိုင်းမှာ ထင်ရှားပြီး အမျိုးသမီးများရဲ့သမိုင်းဟာ တိမ်မြုပ် ပျောက်ကွယ်နေခဲ့ပါတယ်။ အမျိုးသားများနဲ့ တန်းတူ ရည်တူတဲ့ အခွင့်အရေး မရခဲ့ကြပါဘူး။ အဖြည့်ခံ ဘဝသာ ဖြစ်ခဲ့ကြရပါတယ်။

အာဇာနည် စုဖုရားလတ်
ဒီလိုဖြစ်ရတာဟာ ကျွန်မတို့ အမျိုးသမီးခေါင်းဆောင်တွေရဲ့ အစွမ်းအစက ညံ့လို့လား။ မဟုတ်ပါဘူး။ ထက်မြက်ပြီး စွမ်းရည်ပြည့်ဝတဲ့ ပညာရှိ၊ သတ္တိရှိ၊ သိက္ခာရှိ၊ အိနြေ္ဒရှိတဲ့ အမျိုးသမီးခေါင်းဆောင်တွေ ဒုနဲ့ဒေးပါ။ သမိုင်းမှာ ရှာဖွေလေ့လာရင် တွေ့နိုင်ပါတယ်။ ကျွန်မတို့ မြန်မာ့သမိုင်းမှာ “ဗီလိန်”လို့ သိနေကြတဲ့ မိဘုရား စုဖုရားလတ်အကြောင်း လေ့လာကြည့်လိုက်တော့ တကယ့် အစွမ်းထက်တဲ့ အမျိုးသမီးခေါင်းဆောင် ဆိုတာ တွေ့ရပါတယ်။ စုဖုရားလတ်ဟာ မိဘုရား ဖြစ်နေလို့ပါ။ ဘုရင်မသာ ဖြစ်ခဲ့ရင် ကျွန်မတို့ နိုင်ငံ ကျွန်ဘဝ မရောက်နိုင်ဘူးလို့လည်း ထင်မြင်မိပါတယ်။ စုဖုရားလတ်အကြောင်း တစွန်းတစ တင်ပြရရင် – သီပေါဘုရင် ကံတော်ကုန်တော့ မြန်မာနိုင်ငံကို အလောင်း ပြန်သယ်ဖို့ စုဖုရားလတ်က စီစဉ်တယ်။ အင်္ဂလိပ်အစိုးရက နိုင်ငံတွင်း မတည် မငြိမ်ဖြစ်မှာ စိုးလို့ ခွင့်မပြုဘူး။ ရတနာဂီရိမှာပဲ သင်္ဂြိုလ်ဖို့ စုဖုရားလတ်က လက်မခံတော့ အင်္ဂလိပ် အစိုးရက သီပေါဘုရင် အလောင်းကို အတင်း အဓမ္မ လုတယ်။ မိဘုရား စုဖုရားလတ်ဟာ အလောင်းပိုက် အဆောင်သော့ ခတ်ပြီး အချိန်ကြာမြင့်စွာ ခုခံတယ်။ နောက်ဆုံး အင်္ဂလိပ် အစိုးရက အင်အားသုံး အဓမ္မ လုတော့မှ သီပေါဘုရင် အလောင်း အင်္ဂလိပ် အစိုးရလက်ထဲ ရောက်သွားတယ်။ သူတို့ ကြိုက်သလို သင်္ဂြိုလ်လိုက်ကြတယ်။

သုံ့ပန်းအကျဉ်းသား မိဘုရား
စစ်ရှုံးသုံ့ပန်း ဘုရင့်မိဘုရားဟာ ပင်လယ်ရပ်ခြား တိုင်းတပါးမှာ နေမဝင်အင်ပါယာ ပိုင်ရှင် အင်္ဂလိပ်နယ်ချဲ့ အစိုးရကို အထိန်းသိမ်းခံ အကျဉ်းသားဘဝနဲ့ အံတုခဲ့တဲ့ သတ္တိကို လေ့လာရင် မြန်မာအမျိုးသမီးများရဲ့ ထက်မြက်မှုကို အကဲ ဖြတ်နိုင်ပါလိမ့်မယ်။ စုဖုရားလတ်ဟာ မြန်မာနိုင်ငံကို ကြိုသူမရှိ၊ အသိအမှတ်ပြုသူ မရှိဘဲ မထင်မရှားနဲ့ ပြန်ရောက်လာခဲ့ရပါတယ်။ သမိုင်းမှာ ကျွန်မတို့ မြန်မာ အမျိုးသမီး ခေါင်းဆောင်တွေ ဘယ်လောက်ပဲ စွမ်းဆောင်နိုင်ပါစေ ရှေ့တန်း ရောက်မလာခဲ့ကြပါဘူး။ အမျိုးသားခေါင်းဆောင်ကြီးများရဲ့ ဇနီးမယားအဖြစ်နဲ့ ညှိုးနွမ်း၊ မှေးမှိန်၊ တုံးကုန်ကြတာ တွေ့ရပါတယ်။

ထိုက်တန်တဲ့နေ့
ဒါ့ကြောင့် ကျွန်မတို့ မြန်မာနိုင်ငံ အမျိုးသမီးများရဲ့ ထိုက်တန်တဲ့ အသိအမှတ်ပြုခံရရေးနဲ့ အမျိုးသားများနဲ့ တန်းတူ ရရှိရေးတို့အတွက် “မြန်မာအမျိုးသမီးများနေ့” မှတ်တိုင် ထူရတာဖြစ်ပါတယ်။ ဒီလို သတ်မှတ် မှတ်တိုင်ထူရာမှာ သတ်မှတ်ချင်တဲ့နေ့ကို ပေါ့ပေါ့တန်တန် သတ်မှတ်လို့လည်းမဖြစ်နိုင်ပါဘူး ကျွန်မတို့ ထူလိုက်တဲ့ “မြန်မာ အမျိုးသမီးများနေ့” မှတ်တိုင်ဟာ ထာဝရ တည်မြဲဖို့လည်းလိုပါတယ်။

စစ်အာဏာရှင်ခေတ်မဟုတ်၊ အမျိုးသမီးများခေတ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို “မြန်မာအမျိုးသမီးများနေ့” သတ်မှတ်ရတဲ့ အကြောင်း တင်ပြပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု ထူထောင်ဖို့ မဟုတ်ပါဘူး။ ဒီခေတ်မှာ စစ်အာဏာရှင် အုပ်စိုးနေတာ မှန်ပါတယ်။ စစ်အာဏာရှင်ခေတ်လို့ မြင်ကြမှာပါ။ ဒါ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ “မြန်မာအမျိုးသမီးများခေတ်” ဖြစ်ပါတယ်။ ဒို့အမျိုးသမီးများခေတ်ကိုရောက်ပါပြီ။ အမျိုးသမီး သူရဲကောင်းတွေ ပေါ်ထွန်းလာတာ တွေ့နိုင်ပါတယ်။ နိုင်ငံတကာက မြန်မာအမျိုးသမီးတွေကို အသိအမှတ် ပြုလာကြရတဲ့ခေတ်ပါ။ မြန်မာ အမျိုးသမီးတွေကို ဂုဏ်ပြုဆုတံဆိပ်တွေ ချီးမြှင့်နေတာတွေ၊ မြန်မာ အမျိုးသမီးငယ် တစ်ဦးကို အမေရိကန် သမတကြီးက လက်ခံ တွေ့ဆုံနေတာတွေ၊ သတင်း မီဒီယာတွေမှာ မြန်မာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ၊ မြန်မာအမျိုးသမီးတွေရဲ့ အသံကို နေ့စဉ် မြင်နေ ကြားနေရတာတွေ ရှိနေပါတယ်။ သူတော်စင် မြတ်သီလရှင်တို့ရဲ့ အေးမြ ကြည်လင် သာယာရွှင်တဲ့ ကြည်ညိုဘွယ်ရာ မေတ္တာပို့သံနဲ့၊ သေနတ်သံ တဒိန်းဒိန်းညံ “အားပြိုင်”လို့ နေတာကိုလည်း တွေ့ခဲ့ကြရပါတယ်။ ဒါတွေဟာ မြန်မာအမျိုးသမီးခေတ်ရဲ့ ကြေးမုံပြင်ပါပဲ။

ခိုင်မာတဲ့ ခေါင်းဆောင်မှု
မြန်မာအမျိုးသမီးခေတ်ကို ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ-
– မြန်မာအမျိုးသမီး ခေါင်းဆောင်
– မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
– မြန်မာနိုင်ငံ ခေါင်းဆောင် Head of state ပထမဦးဆုံး အမျိုးသမီး ခေါင်းဆောင်
– ကမ္ဘာ့ ထူးခြား ထင်ရှားတဲ့ နိုဘယ်လ်ဆုရှင် ….ဒီလိုကြီးမြတ်တဲ့ ခေါင်းဆောင်ကြီး ဖြစ်ပါတယ်။

နေမဝင် အမျိုးသမီးနေ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေတ်ဟာ မြန်မာအမျိုးသမီးများရဲ့ခေတ်ပါ။ မြန်မာအမျိုးသမီးများ ဆိုတာ မြန်မာပြည်တွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသူများ အားလုံး ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဟာ “မြန်မာအမျိုးသမီးများနေ့” ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနဲ့ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်က ဖယ်ရှား ဖျောက်ဖျက်ပစ်လို့ မရနိုင်ပါဘူး။ နွံထဲကို နှစ်လို့ မရတဲ့ “ပတ္တမြား” ပါ။ ကျွန်မတို့ ဒီလိုမျိုး “မြန်မာအမျိုးသမီးများနေ့” လို့ သတ်မှတ်တာဟာ သင့်မြတ်ပါတယ်။ ခိုင်ခန့်ပါတယ်။ ဂုဏ်မြောက်ပါတယ်။ ဘယ်လိုပြိုင်ဖက်ကပဲ ဖြစ်ဖြစ် ပြိုင်ဆိုင်ပြီး ချေဖျက်လို့ မရနိုင်ပါဘူးလို့ ဆိုချင်ပါတယ်။

ဒီကနေ့ စစ်အစိုးရဟာ ဇူလိုင်လ(၃)ရက်နေ့ကို “မြန်မာအမျိုးသမီးများနေ့” ရယ်လို့ သတ်မှတ် ကျင်းပကြတယ်လို့ ကြားရပါတယ်။ ဘယ် အထိမ်းအမှတ်နဲ့ သတ်မှတ်ကြတယ်လို့ တိတိကျကျ မသိရပါဘူး။ ဒိအပြင် နအဖက ဖွဲ့စည်းပေးထားတဲ့ အမျိုးသမီးရေးရာအဖွဲ့ ဆိုရင် အမျိုးသမီးများရဲ့ အခွင့်အရေးကို အမှန်တကယ် ရစေချင်လို့ ဖွဲ့စည်းပေးထားတာ မဟုတ်ပါဘူး။ စစ်ဗိုလ် စစ်သား မိန်းမများ၊ အရာရှိကြီး/ငယ်များရဲ့ ဇနီးမယားများနဲ့ အဓမ္မဖွဲ့၊ ဟန်ပြဖွဲ့၊ ပြိုင်ဆိုင်ဖွဲ့တာသာ ဖြစ်ပါတယ်။ အမှန်တကယ် အမျိုးသမီးတို့ရဲ့အရေးကို လုပ်နေတယ် ဆိုရင် ခေါင်းဆောင် အမျိုးသမီးများဟာ အမျိုးသမီးရေးရာ ဌာနမှာ မြဲနေရမှာပါ။ အခုတော့ ယောင်္ကျား ရာထူး ပြုတ်ရင် မိန်းမလည်းပြုတ်၊ ဒါဟာ အမျိုးသမီးရေးရာအဖွဲ့ အစစ်အမှန် မဟုတ်ဘူး ဆိုတာကို ဖော်ပြနေခြင်းပါ။

ဒီလိုမျိုး ဟိုရှေးရှေးတုံးကလည်း ကုမ္မာရီ အမျိုးသမီးအသင်းနဲ့ အပြိုင် အင်္ဂလိပ် ဗျူရိုကရေစီအရာရှိကြီးများရဲ့ ကတော်တွေက အမျိုးသမီး နေရှင်နယ်ကောင်စီ ဆိုတာ ဖွဲ့ခဲ့ကြတယ်။ အသင်း ဥက္ကဋ္ဌက မင်းကြီးကတော် ဒေါ်မြမေပါ။ အသင်း လုပ်ငန်းက ရံဖန်ရံခါ ကလေးပြပွဲ၊ ကျန်းမာရေးပြပွဲ လုပ်တာမျိုးပဲ ရှိခဲ့ပါတယ်။ နောက်ဆုံးတော့လည်း ပျက်သွားတာပါပဲ။

ကျွန်မတို့မြန်မာအမျိုးသမီးတွေ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုကို ရယူလိုရင်၊ အမျိုးသားများနဲ့ တန်းတူရည်တူ အခွင့်အရေးတွေ ရနိုင်ဖို့ ဆိုရင် ….
(၁) – မြန်မာနိုင်ငံအမျိုးသမီးများနေ့ရယ်၊
(၂) – ဒေါ်အောင်ဆန်းစုကြည်ရယ်၊
(၃) – မြန်မာအမျိုးသမီးထုရယ် ခွဲခြားလို့ မရနိုင်ပါဘူး။

ဒိအပြင် အမျိုးသားများနဲ့ ရင်ဘောင်တန်း တိုက်ပွဲဝင်နေကြသော မြန်မာအမျိုးသမီးထု တရပ်လုံးရဲ့ စွမ်းဆောာင်ရည်များ တိုးတက် မြင့်မားလာဖို့နဲ့ မြန်မာ အမျိုးသမီးများနေ့ကို ကမ္ဘာ တည်သရွေ့ တည်တံ့အောင် အမျိုးသားများနဲ့ တန်းတူရေး တိုက်ပွဲ ရည်ရွယ်ချက် အောင်မြင်အောင်၊ ခိုင်ခန့်အောင်၊ ကျွန်မတို့ မြန်မာအမျိုးသမီးထုကြီး တစ်ရပ်လုံးက ဇွဲနဲ့ သတ္တိနဲ့ လုံ့လ ဝီရိယနဲ့ ကြံ့ကြံ့ခံ ရပ်တည်ကြရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

မြန်မာအမျိုးသမီးများ သွေးစည်း ညီညွတ်ကြ ။
မြန်မာအမျိုးသမီးများနေ့ အဓွန့်ရှည်ပါစေ ။