>Htain Linn Article – 64

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၆၄)

ခေတ်စမ်းစာပေ မှ နိုင်ငံရေး
ထိန်လင်း
ဇွန် ၂၇၊ ၂၀၁၀

‘ခေတ်သစ်ကဗျာအစ ခေတ်စမ်းစာပေက’ ဆိုတဲ့ စကားအတိုင်း ခေတ်စမ်းစာပေက လမ်းရိုးလမ်းဟောင်းကနေ လမ်းသစ်ကို ခွဲထွက်ခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့အပတ်မှာ တင်ပြခဲ့ပါတယ်။ ခေတ်စမ်းကဗျာကို စတင်သူ ၂ ဦးက ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ် တို့ဖြစ်ပြီး ပထမဆုံး မျိုးစေ့ချသူက ဆရာဇော်ဂျီဖြစ်ပါတယ်။

ဒီလို အသစ်တီထွင် ရေးသားခဲ့တဲ့ကဗျာတွေကို အစောပိုင်းမှာ ခေတ်စမ်းကဗျာ လို့ မခေါ်ကြသေးပါဘူး။ ၁၉၃၄ ခုနှစ်အတွင်း ဆရာကြီး ဦးဖေမောင်တင်က စုစည်းထုတ်ဝေတဲ့အခါ ‘ခေတ်စမ်းကဗျာ’လို့ အမည်ပေးလိုက်တော့မှ အဲဒီအမည် တွင်လာခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ခေတ်စမ်းကဗျာ၊ ခေတ်စမ်းစာပေ ဆိုတဲ့ အမည်သတ်မှတ်ခေါ်တွင်မှုကို ဆရာကြီးဦးဖေမောင်တင်က စခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။

ခေတ်စမ်းစာပေများဟာ အရေးအသားခေတ်မီသော်လည်း စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ ရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် နိုင်ငံရေး၊ အမျိုးသားရေးစိတ်ဓာတ်တွေနဲ့ တိုင်းပြည်လွတ်လပ်ရေးလှုပ်ရှားမှုတွေအပေါ် ထင်ဟပ်စေတဲ့ စာပေအရေးအသားတွေက ခေတ်စမ်းစာပေများထဲမှာလည်း ရှိနေပါတယ်။

ခေတ်စမ်းစာဆို ဆရာဇော်ဂျီရဲ့ ကဗျာများထဲက

“ပြဒါးရှင်
ပေးချင်ငဲ့ ခုအရေး။
ဇော်ဂျီမောင် ငါ မစစ်လို့
စိတ်ညစ်တယ်လေး။ ။” ဆိုတဲ့ ‘သည်အရေး’ကဗျာဟာ ၁၉၃၆ ခုနှစ် ဧပြီလထုတ် ဂန္ထလောက မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး ကိုလိုနီစနစ်ဆိုးကနေ ရုန်းထွက်လိုစိတ် ရှိပုံကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒုတိယ ကျောင်းသားသပိတ်အတွင်း သပိတ်မှောက်ကျောင်းသားတွေရဲ့ သပိတ်စခန်းကို ရောက်တုန်း သပိတ်မှောက်ကျောင်းသူ မအမာ (နောင် စာရေးဆရာမကြီး လူထုဒေါ်အမာ) ကို ရေးသားပေးခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ဆရာ့ရဲ့ ‘အိုတက်လူတို့’ကဗျာ၊ ‘ရှေးခေတ်ပုဂံပြည်’ ကဗျာ၊ ‘တို့တိုင်းပြည်’ ကဗျာတို့ဟာ ခေတ်ပြိုင်နိုင်ငံရေးကို ထင်ဟပ်စေတဲ့ ကဗျာတွေပဲ ဖြစ်ပါတယ်။

ခေတ်စမ်းစာဆို ဆရာမင်းသုဝဏ်ကလည်း ‘သပြေညို’ကဗျာကို ရေးသားပြီး လွတ်လပ်ရေးကို အခုလို မျှော်တမ်းခဲ့ပါတယ်။

သပြေညို

သူ့ ခေါင်းမှာတဲ့ သပြေညို
ငါ့ ခေါင်းမှာတဲ့ သပြေညို။

တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုကအသွေး။

လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။

ဒီကဗျာဟာ ကိုလိုနီခေတ်မှာသာမက ဒီကနေ့ခေတ်မှာလည်း နိုင်ငံရေးအတွေး ဖြစ်ပေါ်စေတဲ့ ကဗျာဖြစ်ပါတယ်။ စနေနဂါးနီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆရာမင်းသုဝဏ်ရဲ့ ‘ဗိုလ်အောင်ကျော် နတ်သံ’ ကဗျာမှာလည်း ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် ကျဆုံးတဲ့သတင်းကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ ကြေကွဲမှုနဲ့ တော်လှန်ရေးတပ်လှန့်သံကို တွေ့ရမှာ ဖြစ်ပါတယ်။

ဗိုလ်အောင်ကျော် နတ်သံ

စာအုပ်ကယ်မှ ကလောင်လေ –
သိပ္ပံအပေါင်း၊ ဝိဇ္ဇာအောင်းသည့်
ကျောင်းများခေါင်က
ဗိုလ်အောင်ငယ်မှ မည်တင့်
ကျော်တစ်ဆင့်နှင့်၊ မင်းမင့်နောင်ညီ။
ငါ – ဇာနည်ကို၊ လာပြီကြိုကြ။
သပြေပန်းနှင့် ရေချမ်းဆောင်ကာ
အောင်စည်စလော့။
နှမငယ်ဖြူဖြူ၊
ပညာစီးပွား၊ စွမ်းအင်အားနှင့်
အင်းလျားသူတို့
ငါမူအစ၊ ရှေးဘဝက
နှမတို့နှယ်
ပျော်ပျော်ပါးပါး၊ ဟိုသည်သွားလို့
ကြွားခဲ့တယ်။
နောက်ဝယ်သောခါ
ငါ့မိငါ့ဘ၊ ကျွန်ဘဝကို
မြင်ရမလျော်၊ စိတ်မပျော်၍
ရဲဘော်အများ၊ သစ္စာအားနှင့်
ကြိုးစားရာဝယ်၊ ကြမ္မာငါ့ကံ။
တလူ့ဘဝ၊ ရှုမလှအောင်
ငါ့ကိုခံ၍၊ ရန်သူလက်နက်
ဆံတိုဆံတောင်း၊ ဘာမဆောင်းသည့်
ငါ့ခေါင်းထက်မှာ၊ ဆက်ကာ ဆက်ကာ
ဝင်းဝင်းလျှံတောက်၊ မူးမော်နောက်အောင်
ကျရောက်လှာသော်၊ ငါ့မှာမချိ
ဘုရားကယ်ပါ၊ အော်မြည်ပါလည်း
ကွာသတိနှင့်၊ ငါ့မိရင်ခွင်
ဤမြေပြင်တွင်၊ ငါလျှင်လဲ၍
အောင်ပွဲခံသည်၊ နိုင်ငံသာကြောင်း
ငါဆုတောင်းမည်၊ သောင်းသိန်းသန်းကျော်
တို့ ရဲဘော်တို့။ ။

သိပ္ပံမောင်ဝ အပါအဝင် တခြား ခေတ်စမ်းစာဆိုတို့ရဲ့ စာပေများမှာလည်း လူထုရဲ့ ဆင်းရဲမှု၊ အသိပညာ ချို့တဲ့မှု စတဲ့ ပုံရိပ်တွေ ရောယှက်ပါဝင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အချုပ်ဆိုရရင် ခေတ်စမ်းစာပေများဟာ ရသစာပေများဖြစ်ပေမယ့် တချိန်တည်းမှာပဲ ခေတ်စနစ်ရဲ့ ဖြစ်ရပ်မြင်ကွင်းတွေကို ဖော်ပြနိုင်ခဲ့သလို နိုင်ငံရေးဖြစ်ရပ်တွေအပေါ် ဝေဖန်မှုတွေလည်း ရောယှက်ပါဝင်ခဲ့တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ။

ထိန်လင်း (၂၄၊ ၁၁၊ ၂ဝဝ၉)

၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts