>Kyaw Thu – The Perspective of Soe Thinkha on FFSS Yangon

>

မြတ်ဗုဒ္ဓနှင့် နာရေးကူညီမှုအသင်း ဆုံတွေ့ခြင်း

ကျော်သူ
(မိုးမခက ပြန်လည်တင်ဆက်သည်)
ဇွန် ၂၆၊ ၂၀၁၀
တေးရေး/ဆို ကိုစိုးသိင်္ခမှ မိမိ သီဆိုရေးဖွဲ့ထားသော ကိုယ်ပိုင်သံစဉ်ဖြစ်သည့် “သစ္စာတည်ရာ မြတ်ဗုဒ္ဓကမ္ဘာ” စီးရီးအခွေအား  နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ မြောက်ဒဂုံမြို့နယ်သို့ လာရောက်ပြီး လှူဒါန်းခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် လက်ခံ ရယူခဲ့ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တေးရေး/ဆို ကိုစိုးသိင်္ခ၏ ရင်တွင်းခံစားချက်၊ ပြောကြား ချက်တို့အား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
“ နာရေးကူညီမှုအသင်း(ရန်ကုန်)က ကန့်သတ်ထုတ်ဝေထားတဲ့ အခွေတွေမှာ ကျွန်တော် ကိုယ်တိုင်ရေး သီဆိုထားတာပါ။ ကိုယ်ပိုင်သံစဉ်လေးပေါ့။ နောက်ပြီးတော့ ကျွန်တော်နဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ကိုကျော်သူနဲ့က မရင်းနှီးပါဘူး။
ကျွန်တော်က ဂီတသမား၊ သူက ရုပ်ရှင်သမား … တစ်နေ့ ကျွန်တော် ကိုညီဂျော်နဲ့ ပတ်သက်ပြီးတော့ သူတို့ ရုပ်ရှင်/ဗီဒီယို ထုတ်လုပ်ရေးတိုက်မှာ ကျွန်တော် ဇာတ်ဝင်သီချင်း ရေးပေးနေတာ အဲဒီမှာ ကိုညီဂျော်က ကဒ်ကလေး ကျွန်တော်ကို ထုတ်ပေးလိုက်တယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်) လိပ်စာကဒ်လေးပေါ့။
အဲဒီကဒ် လေးမှာ “ဗြဟ္မစိုရ်နှလုံးသားနှင့် ခရီးသွား၍ ပေးဆပ်နေသူများ” ဆိုတဲ့ စာတန်းလေးကို ကျွန်တော် တွေ့လိုက်တော့ အရမ်းရင်ခုန်သွားတယ်။ အဲဒါလေးကို ကျွန်တော် သီချင်းလေး လုပ်ချင်တယ်။ ဒီ နာရေးကူညီမှုအသင်း လုပ်ဆောင်ချက်ကို အတိအကျ မသိပေမယ့်။ လေးစားနေတယ်။ ကိုယ် မလုပ်နိုင်တော့ ဒီလို လုပ်ကိုင်ပေးနေတဲ့ လူတွေကို ကျွန်တော်က အရမ်းလေးစားတယ်။ အဲဒါနဲ့ ကျွန်တော် ကိုကျော်သူနဲ့ အဆက်အသွယ်လုပ်တော့ ၀မ်းသာအားရနဲ့ပဲ ကြိုဆိုတယ်။
ကျွန်တော် Mood ပေါ့နော်။ အရမ်းလုပ်ချင်တဲ့ စိတ်ပြင်းထန်နေတဲ့အတွက် (၂) ပါတ်အတွင်း သီချင်းရေးပြီး သွားခဲ့တယ်။ နိုင်ငံခြားသံစဉ်တွေနဲ့လည်း မလုပ်ချင်ဘူး။ ခမ်းခမ်းနားနားလည်း လုပ်ချင်တယ်။ အဲဒီမှာ ကိုယ်ပိုင် သံစဉ် စစ်စစ်လေးကို သေသေချာချာ ပုံစံမျိုးနဲ့ (၂) ပါတ်အတွင်း ပြီးအောင်လုပ်ခဲ့တယ်။ အသံသွင်း တာကတော့ (၁) လလောက် ကြာသွားခဲ့တယ်။ အဆိုတော်ကို စဉ်းစားတော့ ကျွန်တော်သီချင်းက Rock ဘက်ကို နွယ်တော့ Rock သီချင်းကို သီဆိုနိုင်တဲ့ အဆိုတော်ကို စဉ်းစားတယ်။ အကုန်လုံးနဲ့ တိုင်ပင်လိုက်တော့ မငယ် (မေခလာ)နဲ့ ကိုကျော်သူက ရင်းနှီးတယ်။ ဖုန်းဆက်လိုက်တော့ ချက်ချင်းပဲ အားရ၀မ်းသာ လုပ်မယ်ဆိုပြီးတော့ အဲဒါနဲ့ မငယ် (မေခလာ)နဲ့ ဖြစ်သွားတာပဲ။ အဲဒီမှာတင် “ဗြဟ္မစိုရ်နှလုံးသားနှင့် ခရီးသွားသူများ” ဆိုတဲ့ သီချင်းဖြစ်ပေါ် လာတော့ တာပါပဲ။
အဲဒီနောက်ပိုင်း နာဂစ်မုန်တိုင်း ၀င်တော့တာပဲ။ အဲဒီမှာတင် နာရေးကူညီမှုအသင်းမှာက နာဂစ်အတွက် ကယ်ဆယ်ရေးတွေ လှူဒါန်းမှုတွေနဲ့ အလုပ်တွေ နေ့ညမအား ရှုပ်နေတာကို ကျွန်တော် မြင်တွေ့ခဲ့တယ်။ ဒါနဲ့ နာဂစ်နဲ့ ပတ်သက်ပြီး သီချင်းလေးတစ်ပုဒ် ကျွန်တော် ထပ်မံ ဖန်တီးခဲ့တယ်။ 
နာဂစ်ပုံစံမျိုးနွယ်တဲ့ အသံပိုင်းဆိုင်ရာ Effect တွေ ကျွန်တော် အကုန်စဉ်းစားရပြီ။ အဲဒီမှာ ကျွန်တော် (၂) ပါတ်လောက် ကြာသွားတယ်။ ဒီသီချင်းကလည်း ကျွန်တော်ရဲ့ Owntune ဖြစ်တဲ့ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်မယ့် Melody ပေါ့နော်။ အဲဒါလေးကို ပရိတ်သက်ကအစ နာရေးကူညီမှု အသင်းဝင်အားလုံး ကြိုက်ကြတယ်။ သြဘာပေးကြတယ်ဆိုတော့ အတိုင်းအဆ မရှိပေါ့ဗျာ။ အမှန်က အဲဒီလောက်အထိ မရည်ရွယ်ပါဘူး။ ကျွန်တော် လုပ်ချင်တဲ့ ဆန္ဒနဲ့ပဲ လုပ်ခဲ့တာ။

ဒီ နာရေးကူညီမှုအသင်းနဲ့ ပတ်သက်ပြီးတော့ အသံနဲ့ ကူညီပေးရုံတင်မကပဲ ဈာပန ကိစ္စတွေ ကိုပါ ကျွန်တော် လိုက်ပြီး ကူညီပေးဖို့ စိတ်ဝင်စားခဲ့တယ်။ ဒါနဲ့ စနေနေ့တိုင်း အသင်းဝင်ရောက် ပြီးတော့ လုပ်အားပေးတယ်။ အဲဒီမှာ တစ်ရက်လောက် နာရေးကူညီမှုအသင်းကို မသွားဖြစ်ရင် ဘယ်လိုဖြစ်သလဲဆိုတော့ ရေမချိုးရသေးတဲ့ လူတစ်ယောက်လို ခံစားရတယ်။ နာရေးကူညီမှု အသင်းကို လာပြီးတော့ နာရေးလမ်းကြောင်းလေး လိုက်ပြီး ကူညီလိုက်မှပဲ စိတ်ထဲမှာ သန့်ရှင်းသွား တယ်။ အဲဒါ ကျွန်တော် စိတ်ပဲ။

ကျွန်တော်တို့ အနုပညာ အသိုင်းအ၀ိုင်းက လူတွေကို ကျွန်တော် ပြောတယ် …. လုပ်အားပေး လာကြဖို့ …. နောက် ဒီမှာ လုပ်ကြကိုင်ကြဖို့ …. သူငယ်ချင်း  အပေါင်းအသင်းတွေကိုလည်း ဒီမှာ လှူကြဒါန်းကြဖို့ ကျွန်တော် အမြဲတိုက်တွန်းတယ်။
အခု ကျွန်တော် နောက်ထပ်ပြီး “သစ္စာတည်ရာ မြတ်ဗုဒ္ဓကမ္ဘာ” ဆိုတဲ့ ဓမ္မသီချင်း အခွေကိုလည်း ကျွန်တော်ကိုယ်တိုင်ရေး သီဆိုထားတာပါ။ ဓမ္မတေးဆိုတော့ ရည်ရွယ်ချက်ကလည်း ကျွန်တော်တို့ နိုင်ငံမှာ လူငယ်တွေက အဓိကပေါ့။
လူငယ်တွေမှာ အသိပညာ ဘာသာရေးနဲ့ ပတ်သက်လို့ အားနည်းတာကို ကျွန်တော် တွေ့တယ်။ ဒီ လူငယ်တွေ နားထောင်လို့ရတဲ့ Music နဲ့ လူငယ်တွေ ကြိုက်နိုင်တဲ့ Music တွေနဲ့ ကျွန်တော် ပညာပေးချင်တယ်။ ကျွန်တော်က Rocker ဆိုတော့ Rock music နဲ့ပဲ ပညာပေးချင်တာပေါ့။ အဲဒီမှာ ကျွန်တော် ဘုန်းဘုန်းတွေနဲ့ တိုင်ပင်ရပြီ။ တပည့်တော် မရိုင်းတဲ့ Music တွေနဲ့ အနောက်တိုင်းပုံစံနဲ့ပေါ့ …. ဒီလို လုပ်ချင်တယ်။ ဘုန်းဘုန်းတွေ ကို တိုင်ပင်တဲ့အခါ ဘုန်းဘုန်းတွေက ခွင့်ပြုတယ်ဆိုတော့ ကျွန်တော်လည်း ဓမ္မတေး စီးရီးလေး ဖန်တီးခဲ့တာပေါ့။
ဖြစ်သွားပြီဆိုတဲ့အခါကြမှ အဆိုတော်တွေ အကုန်လုံးက မေတ္တာနဲ့ အတီးသမား စတူဒီယိုတွေက အစပေါ့ ၀ိုင်းပြီး လုပ်လိုက်တော့ ပြီးသွားတယ်။ အဲဒါကိုလည်း ကျွန်တော် ဒီ နာရေးကူညီမှုအသင်းကိုလည်း လှူချင်တယ်။
ကျွန်တော် စီးပွားဖြစ် မလုပ်ချင်တော့ဘူး။ ဒီ ဥစ္စာက ထိုက်တန်တာ ဒီ နာရေးကူညီမှုအသင်းနဲ့ပဲ ထိုက်တန်တယ်လို့ ကျွန်တော်ထင်တယ်။ ဘာသာရေး တကယ်လုပ်နေတာကလည်း ဒီ နာရေးကူညီမှုအသင်း၊ လူမှုရေးတကယ်လုပ်နေတာကလည်း ဒီ နာရေးကူညီမှုအသင်း။  နာရေးကူညီမှုအသင်း လက်ထဲရောက်ရင် လူငယ်တွေကြားမှာ ပိုပြီး ပျံ့နှံ့လိမ့် မယ်လို့ ကျွန်တော် ယုံကြည်တယ်။
နောက်ပြီးတော့ Hip Hop အဆိုတော်တွေ အနဂ္ဂတို့ ဂျေမီတို့တွေ နာရေးကူညီမှုအသင်း အတွက် သီချင်းသီဆို ပေးထားတယ်လို့ သိရတဲ့အတွက်လည်း ကျွန်တော် ချီးကျူးတယ်။ ဘယ်လို သီချင်းပုံစံမျိုးစုံ၊ မိုနိုနဲ့ ဖြစ်ဖြစ်၊ စတီဒီယိုနဲ့ ဖြစ်ဖြစ်၊ Rock နဲ့ပဲ ဖြစ်ဖြစ်၊ Hip Hop နဲ့ပဲ ဖြစ်ဖြစ်ပေါ့နော် လူတွေ စိတ်ဝင်စားတဲ့ ဥစ္စာမျိုး လုပ်လို့ရှိရင် အောင်မြင်မှုကို ရနိုင်တယ်။
လူ့ဘ၀က တိုတိုလေးပါ။ မသေခင်မှာ သမိုင်းကောင်းလေးတွေ ထားခဲ့နိုင်ခဲ့ရင် ကောင်းတဲ့ ဟာလေးပေါ့။ ကောင်းတာလုပ်တာဆိုတော့ ကောင်းတာတွေက အများကြီးပဲလေ …. ကောင်းတဲ့ အထဲမှာ လူတွေမှာ တကယ်လိုအပ်ချက် အမှန်တကယ်ဖြစ်တဲ့ ဒီလိုကိစ္စမျိုးတွေကို များများလုပ်လေ လူတွေ အမောပြေလေပေါ့နော်။ ဒါ လူတွေ အမောပြေအောင် လုပ်တဲ့အလုပ်လေ။ ကျွန်တော်တို့ နာရေးကူညီမှုအလုပ်ဆိုတာ ဒုက္ခရောက်နေတဲ့ လူတွေ ပေါ့ပါးသက်သာသွားအောင် လုပ်တဲ့အလုပ် အဲဒီ အလုပ်မျိုးကိုပဲ အဓိက စောင်းပေးပြီးတော့ အားလုံးရင်ထဲမှာ ရှိထားမယ်ဆိုရင် အရမ်းကောင်း ပါတယ်။ ” ဟု တေးရေး/ဆို အလှူရှင် စိုးသိင်္ခမှ ရင်ထဲရှိသမျှ ဖွင့်ချသွားခဲ့ပါသည်။
တေးရေး/ဆို စိုးသိင်္ခမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းသော “သစ္စာတည်ရာ မြတ်ဗုဒ္ဓကမ္ဘာ” တေးစီးရီးတွင် –
Ø      ဗုဒ္ဓနှင့် တွေ့ဆုံခြင်း (၁)
Ø      ဗုဒ္ဓနှင့် တွေ့ဆုံခြင်း (၂)
Ø      သစ္စာတည်ရာ မြတ်ဗုဒ္ဓကမ္ဘာ
Ø      ခင်ပွန်းကြီး (၁၀)ပါး
Ø      နိဗ္ဗာန်ဆော်
Ø      သစ္စာရှင်သန် ၀ဋသုတ္တံ
Ø      မျှော်လင့်ခြင်း
Ø      ငြိမ်သက်ခြင်း
Ø      လွတ်မြောက်မဲ့ သံသရာ
Ø      ဂုဏ်တော်များရှင်၏ ထေရုပ္ပတ္တိ
Ø      မြင့်မြတ်တဲ့လမ်း အစရှိသော Rock ဓမ္မတေး သီချင်းများ ဖြစ်တော့သည်။
ထိုကဲ့သို့ ဂီတစွမ်းအားတို့ကို လူမှုရေးလုပ်ငန်းဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းသည့်နေ့တွင် စင်္ကြ၀ဌာ အာကာသ ကောင်းကင်ဘုံဝယ် ဒေ၀တာနတ်မင်းများ၏ စောင်းကြိုးခတ်သံ၊ လောကပါလ နတ်မင်းကြီး၏ ဆည်းလည်းခတ်သံတို့သည် သြကာသ လောကကြီး တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်ဟု ပြောရလျှင် လွန်အံ့မထင်တော့ပါ . . . . ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts