>Rgn residents can buy and use handphone in 2 days

>

၅ သိန်းတန်ဖုန်း ၀ယ်သူနည်းသဖြင့် ၂ ရက်အတွင်း အပြီး အစီး လုပ်ပေးနေ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၂၅၊ ၂၀၁၀ ဘဏ်တွင် ငွေသွင်းနေကြသော တယ်လီဖုန်း ၀ယ်သူများ (ဓာတ်ပုံ – မိုးမခ)


မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာန၏ အစီအစဉ်အောက်တွင် ဦးတေဇပိုင် အီလိုက် တက်ခ် ကုမ္ပဏီက တာဝန်ယူ ရောင်းချပေးလျက်ရှိသည့် ၅ သိန်းတန်ဖုန်းများ မျှော်လင့်ထားသလောက် ၀ယ်ယူသူမရှိ၍ အထူးအစီအစဉ် တရပ်အဖြစ် ၂ ရက်အတွင်း ပြီးစီးအောင် လုပ်ဆောင် ရောင်းချပေးနေကြောင်း တွေ့ရသည်။

ယခုကဲ့သို့ စတင်လျှောက်ထားသည်မှ ၂ ရက်အတွင်း ဖုန်းကတ် ထုတ်ယူနိုင်သည်အထိ အထူးအစီအစဉ်ဖြင့် ရောင်းချပေးခြင်းကို လွန်ခဲ့သည့် တနင်္လာနေ့ (ဇွန်-၂၁) မှ စတင်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် မြို့နယ်များအလိုက် နေရာခွဲကာ ရောင်းချပေးခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် အလုံးရေ တစ်သိန်း ရောင်းချရန် အသိပေး ကြေညာထားခဲ့ပြီး စတင် ရောင်းချပြီး လအတန်ကြအထိ အလုံးရေ ၃သောင်းခွဲကျော်သာ ရောင်းချရသေးသဖြင့် ယခုကဲ့သို့ အထူးအစီအစဉ်များဖြင့် ရောင်းချခြင်းဖြစ်သည်ဟုလည်း သိရှိရသည်။

စတင် ရောင်းချစဉ်က ရယက (ရပ်ကွက် အေးချမ်းသာယာရေး ကောင်စီ ) မှ တဆင့် တိုင်း အေးချမ်း သာယာရေး ကောင်စီသို့ လျှောက်လွှာ တင်ရပြီး ထိုမှတဆင့် ဆက်သွယ်ရေး ၀န်ကြီးဌာနသို့ ပေးပို့သည့် စနစ်ဖြင့် ရောင်းချခဲ့သော်လည်း လမကြာမီမှာပင် ဆက်သွယ်ရေး ၀န်ကြီးဌာနသို့ တိုက်ရိုက်လျှောက်ထားသည့် စနစ်သို့ ပြန်ပြီး ပြောင်းခဲ့သည်။

ယခုအခါ မြန်မာ့ ဆက်သွယ်ရေး စာတိုက်နှင့် အခြား ဆက်သွယ်ရေး ရုံးများတွင် သီးခြားဌာန ဖွင့်လှစ်ကာ လျှောက်လွှာကို နေ့ချင်း စိစစ်ပြီး နောက်တရက်တွင် ဘဏ်ငွေသွင်းခြင်းနှင့် ဖုန်းကတ် ထုတ်ယူခြင်းတို့ တပါတည်း ပြီးစီးအောင် လုပ်ဆောင်ပေးနေသည်ဟု သိရှိရသည်။

၅ သိန်းတန်ဖုန်းကတ် (ဓာတ်ပုံ – မိုးမခ)


စတင် ရောင်းချစဉ်က ၀ယ်ယူသည့် မြို့နယ် တ၀ိုက်တွင်သာ သုံးစွဲနိုင်မည်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ၀ယ်လိုအား နည်းပါးခြင်းကြောင့် ၀ယ်ယူသည့် မြို့တစ်မြို့လုံးတွင် သုံးစွဲနိုင်ရန် ခွင့်ပြုခြင်းဖြင့် ၀ယ်ယူသူ များလာစေရန် ဆွဲဆောင်ခဲ့သည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုသည်။

ရန်ကုန် ဆိပ်ကမ်းမြို့နယ်မှ ၅သိန်းတန်ဖုန်း ၀ယ်ယူသူ တစ်ဦးက “ဖုန်းတွေက ဈေး ထပ်ကျဦးမလားတော့ မသိဘူး။ အခုလောလောဆယ် သုံးဖို့ လိုလို့သာ ၀ယ်တာ။ အခု ၅ သိန်းဖုန်းတွေ ပြီးရင် နောက်တော့ ၃သိန်းဖုန်းတွေ လာဦးမယ်လို့ ပြောသံလည်း ကြားနေတယ်” ဟုပြောသည်။

သန်လျင်မြို့နယ်တွင် နေထိုင်သည့် သူတစ်ဦးကလည်း “၅သိန်းက အရင် ၁၅ သိန်းဖုန်းနဲ့ စာရင် ဈေးတော်တယ်လို့ ပြောလို့ ရပေမယ့် သူများနိုင်ငံတွေထက် အများကြီး ဈေးများနေသေးတယ်။ ကျွန်တော် စင်္ကာပူ ရောက်တုန်းက ဟိုမှာ ဒေါ်လာ ၂ဝဝ တန် နိုကီယာဟန်းဆက် အသစ်နဲ့၊ ပြောခ ၅၀ ပါပြီးသားကို ဒေါ်လာ ၂၅၀ ပဲ ကျတယ်။ ကတ်အတွက် ဘယ်လောက်မှ မယူထားဘူး ဆိုတဲ့ သဘောပဲ၊ အခုဒီမှာ ကျွန်တော် ၅ သိန်း ပေးမှ နံပါတ်တခုပဲ ရမယ်။ ငွေမထည့်ရင် ပြောလို့ မရသေးဘူး။ ဖုန်းလိုင်း တစ်လိုင်းကို ၅ သိန်းပေးရတဲ့ သဘောပဲ” ဟု ပြောဆိုသည်။

အဆိုပါဖုန်းကို ရန်ကုန်နှင့် မန္တလေးတွင် စီဒီအမ်အေ ၈၀၀ မီဂါဟဇ် စနစ်၊ အခြားပြည်နယ်နှင့် တိုင်းများတွင် ၄၅၀ မီဂါဟဇ် စနစ်တို့ဖြင့် ရောင်းချလျက်ရှိသည်။

ဦးတေဇပိုင် အီလိုက်တက်ခ်က ဖုန်းကတ် ထုတ်ပေးခြင်း၊ ဖုန်းပြောဆိုနိုင်ရန် ကြိုတင်ငွေပေးကတ်များ ရောင်းချခြင်း၊ တရုတ်နိုင်ငံမှ ကုမ္ပဏီများနှင့် ပူးပေါင်းပြီး ရတနာပုံစီးတီးတွင် တည်ဆောက်ထားသည့် စက်ရုံများမှ ယခု စနစ်သုံး ဖုန်းဟန်းဆက်များ ရောင်းချခြင်းတို့ကို လုပ်ကိုင်လျက်ရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာများက ယခု ၅ သိန်းဖုန်း စီမံကိန်းတွင် ၎င်းတို့ ဆက်သွယ်ရေး ၀န်ထမ်းများ အကျိုးအမြတ် တစုံတရာ မခံစားရဘဲ ဦးတေဇပိုင် ကုမ္ပဏီကသာ အကျိုးအမြတ် ခံစားနေရသည်ဟုလည်း ပြောဆိုသည်။

ပြည်တွင်း စီးပွားရေး သတင်း အယ်ဒီတာ တစ်ဦးက “ဆက်သွယ်ရေး လုပ်ငန်းကိုလည်း အစိုးရနဲ့ နီးစပ်တဲ့သူ တဦးတည်းကပဲ လက်ဝါးကြီး အုပ်ပြီး တဆင့်ခံ လုပ်ကိုင်နေတော့ စားသုံးသူက သူတို့ လက်ခုပ်ထဲကရေ သဘောမျိုးပဲ၊ သူတို့က ၅ သိန်းဆိုလည်း လူထုက အခြား ရွေးစရာ မရှိဘူး၊ နောက်တခါ လူတွေ ၀ယ်လိုအား မရှိတော့ဘူး ဆိုရင် ၃ သိန်း လျှော့ရင်လည်း ၃ သိန်းပေါ့။ သုံးစွဲသူတွေက ကြာလာတော့ ဖုန်းအတွက် ပိုက်ဆံ သုံးရတာနဲ့ စုဆောင်းထားတာတွေ ကုန်ခမ်းလာတဲ့ သဘောပဲ။ သူများနိုင်ငံမှာ နံပါတ်အသေ ဖုန်းကတ် တစ်ကတ်ကို မြန်မာငွေ လေးငါးထောင် တစ်သောင်း အပြင် ပိုမပေးရပါဘူး၊ မြန်မာနိုင်ငံမှာတော့ နံပါတ်အသေ ဖုန်းကတ် တစ်ကတ်ကို ၅သိန်း အထိပေးနေရတုန်းပဲ” ဟု ဝေဖန် ပြောဆိုသည်။

ယခု စီမံကိန်းသည် ဖုန်းလိုင်း တစ်လိုင်း ကျပ် ၅သိန်းဖြင့် လိုင်းပေါင်း တစ်သိန်း ရောင်းချရန် ရည်မှန်းထားပြီး ဖုန်းလိုင်း တန်ဖိုးချည်း ကျပ် သန်းပေါင်း ၅ သောင်းရရှိမည့် စီမံကိန်းဖြစ်သည်။ ထို့ပြင် ဖုန်းပြောဆိုခ တစ်မိနစ်လျှင် ၅၀ ကျပ်နှုန်းဖြင့် ကြိုတင်ငွေ ပေးကတ်များ ရောင်းချသည့် အတွက်လည်း ကျပ်သန်းပေါင်း ရာထောင်နှင့်ချီပြီး လစဉ် ရဦးမည် ဖြစ်သည်။

ယခု ကတ်ဖြင့် ပြောဆိုခ ဖြည့်တင်းသည့်စနစ်ဖုန်းများ လာဦးမည် ဆိုသည့် သတင်းမှာ လွန်ခဲ့သည့် ၂ နှစ်ကျော် ကတည်းက ထွက်ပေါ်နေခဲ့ပြီး ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းဇော်နှင့် နီးစပ်သည့် လုပ်ငန်းရှင် တဦးက ပြောဆိုရာတွင် နအဖ စစ်အစိုးရ ခေါင်းဆောင်ပိုင်းကို ဦးတေဇ အနေဖြင့် လုပ်ပိုင်ခွင့်တောင်းထားသည်မှာ နှစ်ချီ ကြာမြင့်ခဲ့ပြီးနောက် ယခုမှ ကတ်ဖုန်းများ လက်တွေ့ရောင်းသည့် အခြေအနေ ရောက်ရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။

ဦးတေဇပိုင် ထူးကုမ္ပဏီက လွန်ခဲ့သည့် ၁ နှစ်ခွဲ ခန့်ကလည်း FEC ၂၀ တန် ၁၀ တန် တခါသုံး ဖုန်းကတ်များ ရောင်းချခွင့် ရရှိခဲ့သည်။ ထိုကတ်များကို ၂၀၀၈ ခုနှစ်ကုန်မှ စတင်ရောင်းချလာခဲ့ရာ ယခုအချိန်ထိ ကတ်ပေါင်း တစ်သိန်းကျော် ရောင်းချခဲ့ပြီးဖြစ်သည်။

ဖုန်းကတ်များ ရောင်းချသည့် လုပ်ငန်းကို ထူးကုမ္ပဏီအုပ်စု၏ ကုမ္ပဏီခွဲ စင်ထရယ် မားကက်တင်း ကုမ္ပဏီ အမည်ဖြင့် လုပ်ကိုင်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts