>7 States together for Aung San Suu Kyi 65

>

ဝါရှင်တန်ဒီစီ ပြည်နယ် ၇ ခုပေါင်း ဒေါ်အောင်ဆန်းစုကြည် ၆၅
မိုးမခအထောက်တော် ၀၀၇
ဇွန် ၂၀၊ ၂၀၁၀
ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက်မွေးနေ့ကို ဇွန်လ၁၉ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တွင် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ မေရီလန်း၊ ဗာဂျီနီယား၊ ဝါရှင်တန်ဒီစီမှ မြန်မာမိသားစုများ ပူးပေါင်းပြုလုပ်ခဲ့သော အဆိုပါပွဲသို့ နယူးယောက်၊ နော့သ်ကယ်ရိုလိုင်းနား အပါအဝင် ပြည်နယ်ပေါင်း ၆ ခု မှ မိတ်ဆွေများ တက်ရောက် အားပေးကူညီခဲ့ပါသည်။
အစီအစဉ်ကို ၂ ပိုင်းခွဲ ကျင်းပခဲ့ရာ ပထမပိုင်းတွင် နေ့လည် ၂ နာရီ မှ ၄ နာရီ အထိ အမေရိကန်လွှတ်တော်ရှေ့ မြက်ခင်းပြင်တွင် ဆန္ဒပြပွဲကိုကျင်းပခဲ့ပြီး၊ ဒုတိယပိုင်းအစီအစဉ် အဖြစ် ညနေ ၄ နာရီ မှ ည ၈ နာရီ အထိ National City Christian Church ရဲ့ Auditorium တွင် မွေးနေ့ပွဲကျင်းပခဲ့ကြပါသည်။
ပရိတ်သတ်ပေါင်း ၄၀၀ ခန့် တက်ရောက်ခဲ့ကြပြီး အငြိမ့်၊ ကရင်ဒုံးယိမ်း၊ အက၊ ညနေစာတို့ဖြင့် ဧည့်ခံခဲ့ပြီး ပြည်တွင်းမှ ဆရာကြီး ဦးဝင်းတင်နှင့် ဆရာကြီး လူထုစိန်ဝင်းတို့၏ ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်ပြည့် မွေးနေ့ နှုတ်ခွန်းဆက်စကားများကို အသံသွင်းပြီး ထုတ်လွှင့်ခဲ့ကြသည်။
မကြာသေးမီက အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သော ကိုညီညီအောင်က ပြောကြားရာတွင် …
“ အခုလို မြန်မာ Communitiy တွေ စုပေါင်းပြီး ကျွန်တော်တို့အားလုံးက ချစ်ခင်လေးစားရတဲh ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ် မြောက် မွေးနေ့ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာ ဂုဏ်ယူမိပါတယ်။
အထူးသဖြင့် ဒီပွဲဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးကြတဲ့ မေ၇ီလန်း၊ ဗာဂျီနီယား၊ ဝါရှင်တန်ဒီစီမှ မြန်မာမိသားစုများ၊ NCGUB, US Campaign for Burma, NLD(LA) အဖွဲ့တွေနဲ့ အတူ – မွေးနေ့သဝဏ်လွှာ ပေးပို့ခဲ့ကြတဲ့ ဆရာကြီးဦးဝင်းတင်နှင့် ဆရာကြီး လူထုစိန်ဝင်း၊ မိုးမခဝိုင်းတော်သားများ၊ အခြားပြည်နယ်တွေက လာရောက် ပူးပေါင်းကူညီကြတဲ့ မိတ်ဆွေအပေါင်းကို ကျေးဇူးတင်ရမှာပါ။  (သည်နေရာမှာ ဆရာကြီးတွေရဲ့ မိန့်ခွန်းကို နားဆင်ပါ)
အဓိကကတော့ ကျွန်တော်တို့တွေအားလုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ အရှုံးမပေး အလံမလှဲဘဲ ကျန်ခဲ့ကြတဲ့ NLD အဖွဲ့ဝင်တွေနဲ့ အတူတကွ အမြဲ ရပ်တည်နေကြပါတယ် ဆိုတာကို ပြသခြင်းပါပဲ။ ကျွန်တော်တို့အားလုံး နောင်နှစ်မှာ အမေစုနဲ့အတူ မွေးနေ့ကျင်းပနိုင်ဖို့ အစွမ်းကုန်ကြိုးစားဖို့လည်း တိုက်တွန်းလိုက်ပါတယ်”
မေရီလန်းမှ ပွဲဖြစ်မြောက်ရေးစီစဉ်သူ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုရင်ထွေးကလည်း
“အောင်အောင်မြင်မြင် ဖြစ်တယ်ခင်ဗျာ။ မျိုးဆက်သစ်ကလေးတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်ဘဝ အကြောင်းအစီအစဉ်၊ မချောအိသိမ်းရဲ့ performance၊  တပင်တိုင်အက၊ ပျူအက၊ မြိုင်မြိုင်ဆိုင်ဆိုင် ကရင်ဒုံးယိမ်းတို့ မြန်မာအငြိမ့်အစီအစဉ်တွေက အစုံပါပဲ။ အားလုံးကို ကျေးဇူးအထူးတင်ရပါတယ်။ အထူးသဖြင့် Birthday Cake စီစဉ်ပေးတဲ့သူများ ညနေစာ စီစဉ်ပေးတဲ့မိတ်ဆွေများနဲ့ ရပ်ဝေးမှ ဧည့်သည်တွေ တည်းခိုဖို့အတွက် ကူညီကြတဲ့မိသားစုများကို ကျေးဇူးတင်ပါတယ်လို့ ပြောကြားလိုပါတယ်ခင်ဗျာ”
ဟု ပြောကြားသွားသည်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts