Uncategorized

Ashin Nanika – Myrtle Beach

 
မာတယ်လ်ဘိခ်ျကမ်း ထူးဆန်းထွေလာ
အရှင်ဉာဏိက၊ ဇွန် ၁၄၊ ၂၀၁၃

ဒီတစ်ခေါက်သွားဖြစ်တဲ့ခရီးက အမေရိကန်နိုင်ငံရဲ့ အရှေ့တောင်ဖျားပြည်နယ်တွေဆီ။ တိတိကျကျ ပြောရလျင် မြောက်နဲ့တောင်ကာရိုလိုင်းနားပြည်နယ်များ၊ ဂျော်ဂျီယာပြည်နယ်နဲ့ ဖလော်ရီဒါပြည်နယ် တွေပါ။ ဒီအထဲမှာ ဂျော်ဂျီယာပြည်နယ်ကတော့ ဖြတ်သွားဖြတ်လာ ခဏတာ နားရုံမျှမို့ အထူးတလည် ပြောစရာ မရှိပါဘူး။ မြောက်တောင်ကာရိုလိုင်းနားပြည်နယ်များနဲ့ ဖလော်ရီဒါပြည်နယ်ထဲက ထင်ရှား တဲ့နေရာတော်တော်များများကိုတော့ ရောက်ခဲ့တယ်။ နေရာအားလုံးဟာ သူ့ပုံဟန်နဲ့သူ သဘောကျ စရာချည်းပါပဲ။ အချို့က အံ့သြစရာ၊ အချို့က ပျော်ရွှင်ကြည်နူးစရာ၊ အချို့နေရာများကတော့ လွမ်းမော တသစရာ။ သုတ ရသ ဒဿနအလှတွေ တစ်လှေကြီးရခဲ့တဲ့ခရီး။

ဖလော်ရီဒါပြည်နယ်အတွင်း ရောက်ခဲ့တဲ့နေရာတွေထဲမှာ အလျင်က ရောက်ဖူးတဲ့နေရာလည်းပါသလို ကြားဖူးရုံမျှ နေရာလည်းပါရဲ့။ အလျင်က လုံးဝမကြားမိခဲ့ဖူးတဲ့နေရာအချို့လည်း ပါဝင်ပါတယ်။ မြောက် တောင်ကာရိုလိုင်းနားပြည်နယ်များထဲကိုတော့ ဒါကပထမဆုံးအကြိမ်ရောက်ဖူးခြင်းလေ။ ဒီပြည်နယ် များထဲကနေရာအတော်များများကလည်း နာမည်မျှတောင် မကြားခဲ့ဖူးလောက်အောင် စိမ်းနေခဲ့တာ။ မကြားဖူးတဲ့နေရာများမှာ မထင်မှတ်ထားတဲ့အရာများကိုတွေ့ရတော့ မယုံကြည်ဖွယ်တွေဖြစ်ပြီး မအံ့ သြပဲ မနေနိုင်ဖြစ်ရတာ ဘယ်မှာအဆန်းတော့လည်း ဟုတ်ပါ့မလဲ။

 
 အံ့သြခြင်းတွေကြားမှာ လွမ်းမောတသစရာနေရာများလည်းပါဝင်နေခဲ့တာဟာ ခရီးသွားရခြင်းရဲ့ အလှ ရသများဖြစ်လေမလားရယ်လို့လည်း တွေးမိခဲ့ပါသေးရဲ့။ သွားခဲ့တဲ့နေရာတွေထဲ စိတ်မှာအမှတ်ထင်ထင် ဖြစ်ခဲ့တဲ့နေရာကတော့ တောင်ကာရိုလိုင်းနားပြည်နယ်ထဲက အတ္တလန်တိတ် ကမ်းခြေမြို့လေးတစ်မြို့ ပေါ့။ နာမည်က Myrtle Beach တဲ့။ နားထဲမှာတော့ မာတာဘိခ်ျလို့ပဲကြားမိပါတယ်။ အမေကမ်းခြေ လို့ပဲ ကိုယ့်ဘာသာကိုဘာသာပြန်ကာ စိတ်ထဲမှာမှတ်ထားလိုက်ပါတယ်။

ဒီအမေကမ်းခြေမြို့လေးကိုတော့ အလျင်က နာမည်မျှပင် မကြားဖူးခဲ့။ ရောက်ရမယ်လို့လည်း ထင် မထားခဲ့။ အမည်မျှပင် မကြားမိဖူးတဲ့ဒီမြို့လေးဟာ အမှတ်ထင်ထင်ဖြစ်စရာများနဲ့စုစည်းတည်ဆောက် ထားတဲ့မြို့လေးတစ်မြို့ဖြစ်လိမ့်မယ်လို့လည်း ဘယ်မှာကြိုတင်မျှော်လင့်ထားခဲ့ပါ့မလဲ။ ဒီကမ်းခြေလေး ဟာ မိုင်ယာမီတို့လို ဟာဝိုင်ယီတို့လို ကျော်ကြားတဲ့ကမ်းခြေတစ်ခုတော့ မဟုတ်ပါဘူး။ သို့ပေမယ့် လည်း ကမ်းခြေရဲ့အလျားက မိုင် ၆၀ ကျော်ကျော်ရှည်တာဆိုတော့ ကမ်းခြေငယ်လေးတစ်ခုတော့ လည်း မဟုတ်ပါဘူး။ ကမ်းခြေတလျှောက် တမြော်တခေါ်မြင်ရတဲ့ မိုးထိမြင့်မား တည်းခိုခန်းများ၊ လူနေတိုက်ခန်းတွဲများက ဒီကမ်းခြေလေးကိုလာရောက် အပန်းဖြေသူတွေ မနည်းလှဘူးဆိုတာကို ညွှန်ပြနေသလိုပါပဲ။

 
 အမေကမ်းခြေမြို့လေးရဲ့ အသိသာအထင်ရှားဆုံး အမှတ်အသားကတော့ ဂေါက်ကွင်းတွေဖြစ်လေ မလားပါ။ မီနီဂေါက်ကွင်းခေါ် ဂေါက်ကွင်းအသေးစားလေးများက လမ်းဘေးဝဲယာ နေရာအနှံ့။ ဒါ ကြောင့်လည်း ကမ္ဘာ့ဂေါက်ကွင်းအသေးစားလေးများရဲ့ မြို့တော် (the mini golf capital of the world) လို့ ဂုဏ်ယူကြတာဖြစ်ပေမယ်။ ဂေါက်ရိုက်ဝါသနာပါသူတွေအတွက် နှစ်သက်ဖွယ်အကောင်း ဆုံး ကမ်းခြေမြို့လေးဖြစ်လေမပေါ့။ ကိုယ်အဖို့တော့ ဂေါက် (gout) ရောဂါနဲ့ ဂေါက်နေသူအချို့က ဒုက္ခပေးတတ်လွန်းလို့ ဂေါက်ဆိုတဲ့အသံတောင် မကြားချင်လောက်အောင်ဖြစ်နေလေရဲ့။ ဒါပေမယ့် စိမ်းလန်းခြင်းနဲ့ ကျယ်ပြန့်ခြင်းတွေကိုနှစ်သက်သူမို့ မြက်ခင်းကျယ်များနဲ့တည်ဆောက်ထားတဲ့ ဂေါက် ကွင်းစိမ်းစိမ်းများကိုတော့ နှစ်သက်သဘောကျတတ်ပါတယ်။

ဒီကမ်းခြေမြို့လေးကိုလာရောက်ကြသူတွေဟာ တစ်နှစ်တစ်နှစ်မှာ ပျန်းမျှ လေးသန်းဝန်းကျင်လောက်ရှိ တယ်တဲ့။ နွေးထွေးတဲ့ရာသီဥတုက ခရီးသွားတွေကို ပျော်ရွှင်ကြေနပ်မှုဖြစ်စေတယ်တဲ့။ ဆောင်းခိုလိုတဲ့ အမေရိကန်အရှေံမြောက်ပြည်နယ်သားတွေနဲ့ ကနေဒါဖက်ကသူတွေ ဆောင်းမှာဒီမြို့လေးကို လာ ရောက်လေ့ကြလေ့ရှိတယ်တဲ့။ မိသားစုလိုက် ရက်ရှည်အနားယူလိုသူတွေအတွက် မိသားစုနေထိုင်မှု ပုံစံဖွဲ့စည်းထားတဲ့ ဟော်တည်ခန်းများက ခရီးသွားတွေကို ချောချောမွေ့မွေ့ပိုမိုဖြစ်စေတယ်လို့လည်း သိရပါတယ်။ ငွေကြေးအတော်အတန်ပြည့်စုံတဲ့ မြောက်ပိုင်းသားတွေအတွက် ဆောင်းခိုနားနေရာ ဒုတိယအိမ်အဖြစ် မိသားစုပုံစံဟော်တည်ခန်းတွေကို ဝယ်ယူထားတတ်ကြတယ်။

မာတာဘိခ်ျကို ရောက်သွားချိန်က မုန်တိုင်းစဲစအချိန်မို့ အတ္တလန်တိတ်ရဲ့ ရေပြင်လှိုင်းက အတန်ငယ် မာန်ဟုန်ထနေချိန်။ သောင်ပြင်ကမ်းဆီ တဝုန်းဝုန်းချီလာလေတဲ့ လှိုင်းလုံးတွေကြား အရဲတင်းစွာ လှိုင်း စီးနေသူရဲ့သတ္တိကလည်း ချီးကြူးစရာပါပဲ။ သာမန်အချိန်များမှာ လဲ့လဲ့ပြာအောင်ကြည်နေတဲ့ရေပြင်က လည်း အနည်းငယ်နောက်ကျုနေချိန်ပေါ့။ သို့ပေမယ့် လှိုင်းပျော် ရေပျော် ပင်လယ်ပျော်အချို့ကတော့ လှိုင်းလေကြားမှာ မြူးတူးပျော်ပါးစွာ ရေကစားလို့နေကြဆဲ။ မိုးရေစိုစိုချိုးထားတဲ့ ကမ်းနားသဲသောင်များ က သိပ်သိပ်သည်းသည်း။ မြောက်ကာရိုလိုင်းနားပြည်နယ်ရဲ့အမှတ်တံဆိပ် ထန်းပင်ပျိုများကလည်း ကမ်းခြေတခို စိုစိုပြေပြေ လန်းလန်းဆန်းဆန်း။ ပျားပန်းခတ်မျှ သွားလာလှုပ်ရှားနေတဲ့ အရောင်အသွေး စုံ လူမျိုးပေါင်းစုံတို့ရဲ့ အပျော်မျက်နှာအောက်မှာ မာတာဘိခ်ျလေးက မြူးရွှင်စွာ လှုပ်ရှားတက်ကြွလို့။ ဒီအချိန်အခါဟာဖြင့် မာတာဘိခ်ျလေးဟာ အလှတရားအားလုံးတို့ရဲ့ ဘုရင်မတစ်ပါးဖြစ်လေမလားပါ။

ကောင်းကင်မှာတော့ မိုးသားတိမ်လိပ်တွေ အလိပ်လိပ်တွေကြား နေမင်းကြီးက ပေါ်ချည်တခါ ငုတ်ချည် တလှည့်။ နေသာချိန် တိမ်ပြာကြား ထီးထီးမားမားမြင်ရတဲ့ ကမ်းခြေရဲ့သင်္ကေတ (SkyWeel) ကောင်း ကင်ဘီးကြီးက နေကွယ်ခိုက် တိမ်ညိုမဲတွေအောက်မှာတော့ မတူကွဲပြားတဲ့မြင်ကွင်းကို ဖြစ်စေပြန် တယ်။ SkyWeel ကအချက်အခြာကျတဲ့နေရာမှာရှိတာမို့ ကောင်းကင်ဘီးကြီး စီးပျော်နေသူတွေအဖို့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေကြား ပျားပန်းခတ်မျှ လှုပ်ရှား သွားလေနေသူတွေကို အပေါ်စီးက ဆီးမြင်ရတဲ့မြင်ကွင်းက တစ်မျိုးတစ်ဖုံထူးခြားနေစေမှာပါ။ ၁ဂ၇ ပေမြင့်တာမို့လည်း အဆုံးအစမဲ့ အတ္တလန်တိတ်ရေပြင်ကျယ်ကြီးနဲ့ အမေကမ်းခြေမြို့လေးကိုလည်း ဟိုး ဝေးဝေးအထိ မိုးကာဆီးလို့မြင်ပေမပေါ့။

တစ်နှစ်မှာ ပျမ်းမျှနေသာချိန်က ရက်ပေါင်း ၂၁၀ ဝန်းကျင် အပူချိန်က ၇၄ ဖာရင်ဟိုက်ဒီဂရီဆိုတော့ နေရောင်ချစ်သူတွေ၊ နွေးထွေးမှုကိုနှစ်သက်သူတွေအတွက် မာတာဘိခ်ျက စွဲမက်ဖွယ်ဖြစ်စေမှာတော့ အမှန်ပါပဲ။

 
 အမေကမ်းခြေမြို့လေးရဲ့ အထင်ရှားဆုံးသင်္ကေတကတော့ Wonderworks ခေါ်တဲ့ အိမ်ဇောက်ထိုး အဆောက်အဦပေါ့။ ကမ္ဘာ့အခြားဘယ်နေရာမှာ ဒီအဆောက်အဦးမျိုးရှိလေဦးမယ်ဆိုတာ မသိပေမယ့် ကိုယ့်ဘဝမှာတော့ ဒါဟာပထမဆုံးတွေ့ရတဲ့ အဆောက်အဦတစ်ခုပေါ့။ အဆောက်အဦထဲဝင်လိုက် တာနဲ့ မြင်မြင်သမျှ အရာအားလုံက ဇောက်ထိုးချည်းဖြစ်တာမို့ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်ဖို့ ဆိုလျင်ဖြင့် ဝင်ရောက်သူကိုယ်တိုင်က ဇောက်ထိုးဖြစ်အောင် အလျင်လုပ်ဖို့လိုပါတယ်တဲ့။

အင်း တခါခါမတော့ လောကကြီးက ဇောက်ထိုး ကြည့်မှ အတည့်မြင်ရတတ်လို့ ဒီလိုဇောက်ထိုး ကြည့်ရတဲ့နေရာမျိုးရှိတာလည်း ခပ်ကောင်း ကောင်းရယ်လို့ တွေးမိပါသေးတယ်။

 
ဘာပဲဖြစ်ဖြစ်ပါ။ အများနဲ့အတူ မတူခြားနားတဲ့ အပျော်ကိုခံစားလိုတယ်ဆိုလျင်ဖြင့် (Inversion Tunnel) က သင့်အတွက် အသင့်ပေါ့။ ကိုယ် ကတော့ အချိန်မရလို့ ဒီအတွေ့အကြုံကို မခံစား နိုင်ခဲ့။ ဒါကြောင့် ဒါကပင် နောက်တစ်ခေါက် မာတာဘိခ်ျကို မရောက်ရောက်အောင် သွားဖြစ်စေဖို့ တွန်းအားတစ်ခုဖြစ်နေခဲ့တယ်။ “နောက်တစ် ခေါက်တော့ အရောက်လာမယ် Wonderworks” ရယ်ပေါ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts