>Burmese inside Burma and outside will mark Aung San Suu Kyi 65 Birthday collectively

>

 ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်တွင်းပြည်ပ မြန်မာများ လက်တွဲဆင်နွှဲကြမည်
မိုးမခအထောက်တော် ၀၀၂
ဇွန် ၁၈၊ ၂၀၁၀
နေအိမ်အကျယ်ချုပ်ကျခံနေရသော မြန်မာပြည်၏ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်ပြည့်မွေးနေ့ကို ပြည်တွင်းပြည်ပတွင် မြန်မာများက အမှတ်တရ ကျင်းပကြမည် ဖြစ်ရာ၊ ယခုနှစ်တွင်လည်း မြန်မာမိသားစုတို့က ပြည်တွင်း ပြည်ပ လက်တွဲ ချိတ်ဆက်ပြီး ဆင်နွှဲကြသကဲ့သို့ ရှိသည်ဟု ပရိသတ်များက ပြောကြားသည်။
          ပြည်နယ် ၇ ခုက စုဝေး ကျင်းပမည့် ၀ါရှင်တန်ဒီစီက မြန်မာမိသားစုများ၏ မွေးနေ့တွင် အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နှင့် စာနယ်ဇင်းဆရာကြီး လူထု (ဦး) စိန်ဝင်း တို့ထံက မွေးနေ့ဆုတောင်းစကားကို တယ်လီဖုံးအသံဖမ်းပြီး ထုတ်လွှင့်နိုင်ရန် စီစဉ်နေသည်ဟု ဆိုသည်။ မြန်မာပြည်တွင်းရှိ ရေဘေးဒုက္ခများကို ကူညီစောင့်ရှောက်ရန်အတွက် ရန်ပုံငွေအလှူလည်း ပြုလုပ်မည်ဟု သိရသည်။ ၎င်းတို့ ဖိတ်စာက သည်မှာ။
          မြန်မာပြည်တွင်းက အင်အယ်ဒီလူငယ်များ၊ အမျိုးသမီးများက ဒေါ်အောင်ဆန်းစုကြည် ၆၅ အတွက် သစ်ပင် ၆၆ ပင် စတင်စိုက်ကြရန် တိုင်ပင်ထားကြသည်ဟု သိရသည်။ ပြည်တွင်းက ထုတ်ပြန်သော လက်ကမ်းနှိုးဆော်စာတွင် တပြည်လုံး သစ်ပင်စိုက်ကြစို့ဟု ဆိုထားရာ အပင်ပေါင်း သောင်းဂဏန်း ရှိမည်ဟု မျှော်လင့်သည်ဟု ဆိုသည်။ သည်နေရာမှာ နှိုးဆော်စာကို ဖတ်ပါ။
          “သည်တခါတော့ အိမ်ထဲမှာ၊ သို့မဟုတ် ခြံထဲမှာ ပန်းပင်ကလေးဖြစ်ဖြစ်၊ သစ်ပင်ကလေး ဖြစ်ဖြစ် စိုက်မယ်ဗျာ။ ဒေါ်စု သစ်ပင်ပေါ့လေ။ အမှတ်တရ လုပ်မှ ဖြစ်မယ်”
          ဟု မိုးမခပရိသတ်တဦးက စာရေးသားပေးပို့ထားသည်။ ဦးဝင်းတင်နှင့် ဦးတင်ဦးတို့က အင်န်အယ်ဒီလူငယ်ခေါင်းဆောင်တဦး ဖြစ်သူ မဖြူဖြူသင်း၏ ဒဂုံမြို့သစ်ရှိ လူနာများ ရိပ်သာတွင် ခရေပင် ၂ ပင် စိုက်ခဲ့သည်ကို သတင်းများတွင် တွေ့ရသည်။
          စင်္ကာပူက မြန်မာများက သွေးလှူပွဲ ၀ိုင်းဝန်းဆင်နွဲကြရန် ဖိတ်ခေါ်ထားသည်ကို တွေ့ရသည်။ တနင်္ဂနွေနေ့ – စင်္ကာပူ တိုပါးယိုး ဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းကျွေးတရားနာပြုလုပ်မည်ဟု ဖော်ပြထားသည်။ ထိုမွေးနေ့ပွဲတွင် ဆရာကြီး ဦးဝင်းတင်၏ ဖုံးမှတဆင့် မွေးနေ့အမှတ်တရ ဂုဏ်ပြုစကား ပြောကြားမည်ဟု သိရသည်။ ထိုမွေးနေ့ အမှတ်တရစကားကို လက်ကမ်းစာစောင်ထုတ်ဝေမည်ဟု ဆိုသည်။ သူတို့ဖိတ်စာက သည်နေရာမှာ
          အယ်လေက မြန်မာမိသားစုများကမူ ဒေါ်အောင်ဆန်းစုကြည် ၆၅ နှင့် မြန်မာအမျိုးသမီးများနေ့တွင် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားအမျိုးသမီးများကို အားပေးကူညီရန် ဂုဏ်ပြုရန် အစီအစဉ်နှင့် ဒေါ်စုမွေးနေ့ပွဲကို ဆင်နွဲမည်ဟု သိရသည်။ အမျိုးသမီး နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ရှိနေသော်လည်း ယခုနှစ်တွင် ဦးရေ ၂၀ ကို ဂုဏ်ပြုမည်ဟု ရေးသားထားသည်။ ဖိတ်စာမှာ သည်မှာ ဖြစ်သည်။
          နယူးယောက်က မြန်မာမိသားစုများက ဖိတ်စာကို သည်နေရာမှာ တွေ့နိုင်သည်။ ဆရာမောင်စွမ်းရည်က စကားပြောပြီး၊ လားရှိုးသိန်းအောင်နှင့် ဒေသခံ အနုပညာဝါသနာရှင်တို့က အနုပညာတို့နှင့် ဖျော်ဖြေမည်ဟု ဖော်ပြထားသည်။
          ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာမိသားစုများအနက် BAWA အမည်ရှိ ဗမာအမေရိကန်အမျိုးသမီးမဟာမိတ် အဖွဲ့က မွေးနေ့အခမ်းအနားကို ကျင်းပကြမည် ဖြစ်ရာ၊ ထူးခြားမှုတခုအဖြစ် ဒေသခံ လူမှုရေးစွမ်းဆောင်သူတဦးကို ရွေးချယ်ဆုပေးခြင်းနှင့် မြန်မာပြည်တွင်းရှိ အမျိုးသားရေးစွမ်းဆောင်သူတဦးအဖြစ် အင်န်အယ်ဒီပါတီ၏ လူငယ်ခေါင်းဆောင်၊ HIV/AIDS လူနာများ၊ မိသားစုများကို စောင့်ရှောက်သူ မေတ္တာရှင်၊ မဖြူဖြူသင်းကို ဂုဏ်ပြုခြင်း အစီအစဉ်ကိုပါ ကျင်းပမည်ဟု သိရှိရသည်။ ဖိတ်စာက သည်နေရာမှာ ဖြစ်ပါသည်။
          မဖြူဖြူသင်းမှာ ၂၀၁၀ ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ခြင်းအစီအစဉ်တွင် နောက်ဆုံး ၅ ဦး ဆန်ကာတင်တွင် ဆရာတော် ဦးဉာဏိသရ၊ နိုင်ငံရေးအကျဉ်းသား ကိုဇာဂနာ၊ လမ်းပြကြယ် ဦးအေးမြင့်နှင့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ကိုကျော်သူတို့နှင့်အတူ ပါဝင်သူ တဦးလည်း ဖြစ်သည်။ ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာများ၏ အဆိုပါ မွေးနေ့အစီအစဉ်တွင် မဖြူဖြူသင်းက အမှတ်တရ ကျေးဇူးတင်စကားနှင့် ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ် မွေးနေ့ နှုတ်ခွန်းဆက်ကို အသံဖိုင်ဖြင့် တင်ဆက်ပေးနိုင်ရန် မိုးမခမီဒီယာက ကြိုးစားမည် ဖြစ်သည်။
          မိုးမခမီဒီယာကလည်း အထက်ပါ ပွဲတော်တွင် ၎င်းအင်တာနက်ဆိုက်တွင် တင်ဆက်ထားသော ဒေါ်စုနှင့် ပတ်သက်သော ပန်းချီ၊ ကာတွန်းနှင့် ဓာတ်ပုံများကို ရွေးချယ် ကောက်နုတ်ပြီး ပွဲတော်လာဧည့်ပရိသတ်တို့ ကြည့်ရှုခံစားနိုင်ရန် တင်ဆက်ပေးမည်ဟု သတင်းထုတ်ပြန်ထားပါသည်။ သည်နေရာသတင်းမှာ ဖော်ပြထားသည်။
          “ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူတွေက ထောက်ခံမှုတွေ ပြသကြတယ်ဆိုတာက သူရဲ့ ခေါင်းဆောင်မှုကို လက်ခံတဲ့ သဘောထားကို ထုတ်ဖော်ပြသတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ၉၀ ရွေးကောက်ပွဲ အနိုင်ရ အင်န်အယ်ဒီပါတီနဲ့အတူ မြန်မာပြည်သူတွေကလည်း သူတို့တတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိတ်ဆွေတွေ ဖြစ်တယ်။ အင်န်အယ်ဒီရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာကို ပြသကြတာ ဖြစ်ပါတယ်။ ဒါက ဘာကို ထင်ရှားသလဲ ဆိုတော့ နအဖ စစ်အစိုးရကို ထောက်ခံခြင်းမရှိဘူး၊ ၎င်းတို့ရဲ့ အကြမ်းဖက်လမ်းစဉ်တွေကို လက်မခံဘူး ဆိုတာကို ပြသတာ ဖြစ်ပါတယ်။ သူတို့ အကြမ်းဖက်ပြီး မင်းမဲ့စရိုက် အဓမ္မလုပ်နေတဲ့ မတရားလုပ်နေတာကို ငုံခံနေကြရတဲ့ လက်နက်မဲ့ပြည်သူတွေရဲ့ အသံတိတ် သဘောထားကို ထင်ဟတ်ပြနေတာ ဖြစ်ပါတယ်။ စစ်အစိုးရအလိုတော်ရိတွေ၊ လက်ကိုင်တုတ်တွေကိုလည်း လက်မခံဘူး ဆိုတာကို ပြသရာလည်း ရောက်ပါတယ်။”
          ဟု မြန်မာပြည်တွင်း စာနယ်ဇင်းဆရာကြီးတဦးက မှတ်ချက်ပေးပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts