>U Osada – U Silananda Hall opening ceremony at Half Moon Bay

>

ဆရာတော် ဦးသီလာနန္ဒခန်းမ ဖွင့်ပွဲ မြင်ကွင်းနဲ့ အတွေးများ
အရှင်သြသဓ (HMB)
ဇွန် ၁၇၊ ၂၀၁၀
ပစိဖိတ်ကမ်းခြေပေါ်တွင် လခြမ်းကဲ့သို့ ကွေးနေသော ကွေ့ကလေးပေါ်၌ တည်ရှိသဖြင့် “လခြမ်းမြို့”ဟု ခေါ်ဆိုရမည့် ဟပ်ဖ်မွန်းဘေး (Half Moon Bay) ဟု ခေါ်သော မြို့လေးတစ်မြို့ တည်ရှိပေသည်။ ပင်လယ် ကမ်းခြေမြို့ဖြစ်သဖြင့် ညဘက်တွင် ပင်လယ်လှိုင်းရိုက် သံများ တဝုန်းဝုန်းကြားနေရပြီး နေ့ဘက်တွင် လေကလေး တဝှီးဝှီးနဲ့ အေးမြကာ ပင်လယ်ပြင် ပြာပြာကြီးက ကြည့်ရှုမဆုံး အောင် သာယာလှပေသည်။ ညနေဘက်တွင်တော့ မိုးကောင်းကင်ပြာကြီးနှင့် ပုဇွန်ဆီရောင် တောက်ပနေသည့် မြင်ကွင်း ကျယ် ညနေခင်း ဆည်းဆာအလှက ကမ်းခြေသို့ လာလည်သူတိုင်းကို မပြန်ချင်လောက်အောင် ဆွဲဆောင်မှုအားက ကောင်း လှပေသည်။
ထိုသာယာလှပသည့် ကမ်းခြေမြို့ကလေးတွင် ဆရာတော်ဘုရားကြီး ဦးသီလာနန္ဒတည်ထောင်ထားခဲ့သော ဓမ္မာနန္ဒဝိဟာရ ကျောင်းတော်ကြီးလည်း တည်ရှိပေသည်။ ၂ဝ၁ဝ-ခုနှစ်၊ ဇွန်လ ၁၃-ရက်၊ တနင်္ဂနွေနေ့မှာ ရာသီဥတုကလဲ လွန်စွာ သာယာလှပြီး၊ သမိုင်းတွင်မည့် အခမ်းအနားတစ်ခုကို ထိုကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပ ခဲ့ကြပေသည်။
အခမ်းအနားက ဓမ္မာနန္ဒကျောင်းတော်ကြီးကို စတင်တည်ထောင်တော်မူခဲ့သော ဆရာတော်ဘုရားကြီး ဦးသီလာနန္ဒာဘိဝံသရဲ့ ဂုဏ်တော်ကျေးဇူးတော်များကို ရည်စူး၍တည်ဆောက်ထားအပ်သော “ဆရာတော် ဦးသီလာနန္ဒခန်းမ”ဖွင့်ပွဲဖြစ်ပေသည်။
အခမ်းအနားကို အကျဉ်းချုပ် ပြောပြရသော် ဗေးဧရိယာမှ သံဃာတော် ၂၅-ပါးနှင့်၊ အနီးအဝေးမှ ဧည့်ပရိသတ် ၈-ရာကျော် တက်ရောက်ခဲ့ကြပေသည်။
နံနက် ၉-နာရီတွင် အခမ်းအနားစတင်ပြီး၊ ရှေးဦးစွာ ဆရာတော်ကြီး ဦးသီလာနန္ဒနှင့် ၁၉၈၁-ခုနှစ်မှ စ၍ အတူသီတင်းသုံးခဲ့သော သက်တော် ၈၉-နှစ်ရှိ ဆရာတော်ဘုရားကြီး ဦးသောဘနနှင့် ထေရဝါဒဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ Stanley Khoo တို့မှ ဖဲကြိုးဖြတ် ဖွင့် လှစ်ခဲ့ပေသည်။
၎င်းနောက် မေတ္တာဝိဟာရီဝတ် အသင်းမှ ခုနစ်နေ့ဘုရားရှိခိုးများဖြင့် ပူဇော်ခြင်း၊ ဆရာတော် ဦးဇောတာလင်္ကာရထံမှ သီလခံယူခြင်း၊ ဆရာတော် ဦးသြသဓမှ ဆရာတော်ကြီး ဦးသီလာ-နန္ဒ၏ ထေရုပ္ပတ္တိ အကျဉ်းချုပ်ကို ဖတ်ကြားခြင်း၊ ဦးရဲဆင့်မှ ဆရာတော် ဦးသီလာနန္ဒအထိမ်းအမှတ် မော်ကွန်းစာအုပ်များ ဆက်ကပ်လှုဒါန်းခြင်း၊ ထေရ-ဝါဒဗုဒ္ဓဘာသာ အသင်းဥက္ကဋ္ဌ Stanley Khoo မှ ကျေးဇူးတင်စကားပြောခြင်း၊ မြန်မာပြည်မှ ကြွလာ သည့် တောင်စွန်း ဓမ္မဘေရီဆရာတော် ဦးဝီရိယက တရားဟောခြင်း၊ နောက်ဆုံး ဆရာတော် ဦးဇောတာလင်္ကာရမှ ကျောင်း အလှုရေစက်ချ အမျှဝေခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
ဤနေရာ၌ အလျင်းသင့်၍ ဆရာတော်ဦးသီလာနန္ဒ၏ ဂုဏ်များကို ကြည်ညိုနိုင်ရန် သိသာရုံလေးမျှ တင်ပြလိုပေသည်။ ဆရာတော်ဦးသီလာနန္ဒသည် ၁၉၇၉–ခုနှစ် မဟာစည်ဆရာတော်ဘုရားကြီး အမေရိကန်သို့ သာသနာပြုကြွလာသောအခါ နောက်လိုက် တပည့်တစ်ပါးအဖြစ် ပါလာခဲ့ပေသည်။ မဟာစည်ဆရာတော်ဘုရားကြီး ဗေးဧရိယာသို့ ရောက်လာသောအခါ နောင်အမြဲတမ်း ကိုးကွယ်နိုင်ရန် နောက်လိုက်ရဟန်းထဲမှ တစ်ပါးပါးကို ထားခဲ့ပါရန် လျှောက်ထားကြသဖြင့် ဆရာတော် ဦးသီလာနန္ဒနှင့်၊ ဆရာတော် ဦးကေလာသတို့ကို ထားရစ်ခဲ့ပေသည်။
ထိုအချိန်မှစ၍ ဆရာတော်သည် အမေရိကန်ရောက် မြန်မာပြည်ဖွားများအတွက် မိမိတို့ဘာသာ မပျောက်စေရေးအတွက် လည်းကောင်း၊ ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူများ လေ့လာနိုင်ရေးအတွက်လည်းကောင်း ဆင်းရဲဒုက္ခ မျိုးစုံကို ဖြတ်သန်းပြီး ကြံ့ကြံ့ခံကာ သီတင်းသုံးခဲ့ပေသည်။ ထိုအချိန်က မြန်မာပြည်မှရောက်လာသူ များများစားစားမရှိသေး၊ ရှိသူများကလည်း တစ်ဦးနှင့်တစ်ဦး အဆက်အသွယ် မရှိကြ။ အစစအရာရာ ခက်ခဲ၏။ ကျောင်းမရှိသဖြင့် အိမ်ခန်းကျဉ်းကျဉ်းလေးတွင် သီတင်း သုံးခဲ့ရ၏။ ထို့ကြောင့် ရေရှည်သီတင်းသုံးနိုင်ရန် အသင်းစတင်တည်ထောင် ခဲ့ရပေသည်။ ကျောင်းဖြစ်မြောက်ရေးအတွက် လည်း ဂေါပကများနှင့် ကိုယ်တိုင်ထွက်ကာ တအိမ်တက်ဆင်း အလှုခံခဲ့ရပေသည်။ ဒီလိုဒုက္ခမျိုး အမေရိကန်ရောက် ဘယ် မြန်မာဘုန်းကြီးမှ လုပ်ဖူးလိမ့်မည်မထင်။ မြန်မာပြည်တွင် တပည့်များစွာဖြင့် နာမည်ကျော်ကြားသော ဆရာတော်တစ်ပါး ဖြစ်သော်လည်း အမေရိကား ရောက်သောအခါ အစစအရာရာ မိမိကိုယ်တိုင်လုပ်ရ၏။ တဖက်ကလည်း သာသနာ ပြန့်ပွားရေးအတွက် တရားဟောခြင်း၊ တရားပြခြင်း၊ သင်တန်းပေးခြင်း၊ စာရေးခြင်းစသည်တို့ကိုလည်း ကလေးများရော လူကြီးများအတွက်ပါ မနေမနား ပြုလုပ်ခဲ့ပေသည်။
ဤသို့ဖြင့် ဗေးဧရိယာတွင် အခြေစိုက်ကာ လူမျိုးခြားများကိုလည်း သင်တန်းနှင့် တရားစခန်းများပေးခြင်း၊ အခြားပြည်နယ် များသို့ သွားရောက်တရားပြခြင်း၊ တဆင့်တက်ကာ အိမ်နီးနားခြင်း ကနေဒါ၊ မက္ကဆီကို၊ ဂျမေကာနိုင်ငံများသို့သွားခြင်း၊ ကျောင်းများတည်ထောင်နိုင်ရန် အားပေးခြင်း စသည်ဖြင့် သာသနာပြုလုပ်ငန်းများ တဖြေးဖြေး ချဲ့ထွင်ကာ ပြုလုပ်ခဲ့ပေသည်။
“လမ်းပြင်မခက်၊ လမ်းထွင်ခက်၏”ဟူသောစကားအတိုင်း လမ်း စတင် တီထွင်ကြသောသူများသည် နောက်လူများ ကောင်းစား ရေးအတွက် များစွာ စွန့်လွှတ် အနစ်နာခံခဲ့ကြရပေသည်။ ယနေ့ နောက်ခေတ်လူများမှာမူ ခက်ပါသည်ဟု ဆိုသည့်တိုင်အောင် အစဦး လမ်းထွင်သူများလောက် မခက်တော့ပေ။ လမ်းဟောင်းရှိပြီးသား ဖြစ်နေ၍ ထိုလမ်းဟောင်းပေါ်တွင် ပြုပြင် ချဲ့ထွင်ကာ ဆက်လက် လိုက်သွားရုံမျှသာ ရှိပေတော့သည်။
ဤကဲ့သို့ ဆရာတော်ဘုရားကြီးသည် မြန်မာပြည်၌ နေစဉ်ကလဲ သာသနာတော်အတွက် အင်မတန်ကြီးမားသော တာဝန် ကြီးများကို ထမ်းဆောင်ခဲ့ပြီး၊ အမေရိကားရောက်သောအခါ၌လည်း တပည့်ဒကာ၊ ဒကာမများအတွက် ဘာသာရေးအသိမှန် နှင့် ကိုးကွယ်ခွင့်မဆုံးရှုံးစေရန် လွန်စွာကျေးဇူး ကြီးမားလှသောကြာင့် ထင်ရှားသော အထိမ်းအမှတ် တစ်ခုခု ရှိသင့်ပေသည်။
ဆရာတော်သီတင်းသုံးခဲ့သော မြန်မာပြည်၊ မန္တလေးမြို့၊ အဘယာရာမကျောင်းတိုက်တွင်း၌ ဆရာတော်အတွက် အထိမ်း အမှတ် ဗိမာန်တစ်ခုကို တည်ဆောက်ပြီးဖြစ်ပေသည်။ ကျွန်ုပ်တို့ အမေရိကား၌ကား မရှိသေးပေ။ ထို့ကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ Stanley Khoo က ဆွမ်းစားကျောင်းကို ဓမ္မာရုံအဖြစ် တိုးချဲ့ဆောက်လုပ်ရန် စည်းဝေးကြသောအခါ ဆရာတော်ဦးသီလာနန္ဒသည် ဗေးဧရိယာရှိ မြန်မာပြည်ဖွားများအတွက် လွန်စွာ ကျေးဇူးများလှသောကြောင့် ထိုကျောင်း ဆောင်ကို “ဆရာတော်ဦးသီလာနန္ဒ ခန်းမ”ဟု နာမည်ပေးလိုကြောင်း တင်ပြလျှောက်ထားခဲ့ပေသည်။ ဤကဲ့သို့ နာမည်ပေး ခြင်းအားဖြင့် မိမိတို့တပည့်များအနေဖြင့်လည်း မိမိဆရာသမားကို ဂုဏ်ပြုပူဇော်ပြီးသား ဖြစ်သွား၏။ ဤကျောင်းထဲသို့ ရောက်လာကြသူများလည်း ကျောင်းဆောင်နာမည်ကိုမြင်လိုက်သည်နှင့် ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးများကို အမှတ်ရပြီးသား ဖြစ်သွားပေမည်။
ထိုကဲ့သို့ ကျေးဇူးကြီးမား ထင်ရှားသည့်ပုဂ္ဂိုလ်များကို အဆောက်အဦးများ၊ လမ်းများ၊ မြို့များ၊ လေယာဉ်ကွင်းများ၊ အားကစားကွင်းများ၊ ကျောက်တိုင်များတွင် နာမည်တပ် ဂုဏ်ပြုခဲ့သည့် အစဉ်အလာသည် ယခုမှ ရှိခဲ့သည်မဟုတ် ပေ။ ရှေးယခင်နှစ်ပေါင်း ၂၅ဝဝ ကျော်ကပင် စတင်ရှိနေပြီး ဖြစ်ပေသည်။
ကျွန်ုပ်တို့၏ အားထားကိုးကွယ်ရာ ဘုရားရှင် ကိုယ်တော်မြတ်သည် သက်တော် ၈ဝ၊ ပရိနိဗ္ဗာန်စံခါနီး အချိန်တွင် မဂဓတိုင်း၏နယ်စပ်၌ ပါဋလိပုတ်မြို့တော်(ယခု ပတ္တနားမြို့)တည်ရန် ပန္နက်ရိုက်နေစဉ် ရောက်ရှိသွားခဲ့ပေ သည်။ ပန္နက်ရိုက်ပွဲဦးဆောင်နေသော သုနိဓနှင့် ဝဿကာရ အမတ်ကြီးတို့သည် အဇာတသတ်ဘုရင်၏ အပြစ်တင်ခြင်းမှ လွတ်စေရန်အတွက်လည်းကောင်း၊ မိမိတို့ကိုယ်နှိုက်က ဗုဒ္ဓွဘာသာဝင်များ မဟုတ်ကြသော်လည်း ဘုရားရောက်လေရာရာ အရပ်၌ အန္တရာယ်ကင်း ဘေးရှင်းပြီး ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာများ ဖြစ်ပွားစေသည်ဟု သိရှိထားကြသော ကြောင့်လည်းကောင်း မြို့ပန္နက်ရိုက်ပွဲတွင် မြတ်စွာဘုရားကို ပင့်ကာ ဆွမ်းကပ်လှူဒါန်းကြ၏။
ထိုမြို့ပန္နက်ရိုက်ပွဲ၌ ဘုရားရှင်သည် မြို့သစ်ရွာသစ်တည်ထောင်ရာ၌ လိုက်နာပြုလုပ်ကြရမည့် စည်းကမ်းနည်းလမ်းများကို ဟောကြားခဲ့ပေသည်။ မြတ်စွာဘုရားက တရားဟောပြီးသောအခါ ခရီးဆက်ရန် ရဟန်းတော်များနှင့် ဂင်္ဂါမြစ်ဖက်သို့ ဆင်း လာခဲ့ပေသည်။ အမတ်ကြီးများကလည်း မြတ်စွာဘုရားထွက်သော မြို့ပေါက်တံခါးနှင့် ရေဆိပ်ကို အမည်ပေးရန် ရည်ရွယ် ချက်ဖြင့် နောက်မှ လိုက်ပါလာခဲ့ကြပေသည်။ မြတ်စွာဘုရားထွက်သော မြို့တံခါးကို “ဂေါတမတံခါး”၊ မြတ်စွာဘုရားဆင်း သော ဆိပ်ကမ်းကို “ဂေါတမ ဆိမ်ကမ်း”ဟူ၍ ဘုရားရှင်၏ အနွယ်တော်နာမည်တပ်၍ပင် ဂုဏ်ပြုမှည့်ခေါ်ခဲ့ကြပေသည်။
ဤကဲ့သို့ ဗုဒ္ဓြွဘာသာဝင်မဟုတ်သော သုနိဓနှင့် ဝဿကာရအမတ်ကြီးများသည်ပင် ဘုရားရှင်အပေါ် ရိုသေလေးစားသမှု ထားကာ အနွယ်တော်နာမည်ဖြင့် ဂုဏ်ပြုခဲ့ကြ၏။ ကိုယ်ကျိုးစွန့်အနစ်နာခံကာ သင်ကြားပြသ ဆိုဆုံးမသွားခဲ့သော ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးများကို ရည်ရော်မှန်းဆ ပူဇော်သောအားဖြင့် အကျွန်ုပ်တို့သည်လည်း ဤခန်းမကို “ဆရာတော်ဦးသီလာနန္ဒခန်းမ”ဟူ၍ ဆရာတော်ဘုရားကြီး၏ အမည်တော်နာမဖြင့် ကမ္ဗည်းတပ်ကာ ပူဇော်အပ်ပါသည်။

(Photo Credits – Kim)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts