>
ကော်လာပေါ်က အနီစက် … တရားခံ ဘသူလဲဟေ့
မောင်သာရ
လွန်ခဲ့တဲ့ မေလ ၂၄ ရက်နေ့က ရန်ကုန်မှာ လက်လီလက်က္ကား အကြီးအကျယ်ရောင်းဝယ်ရာဖြစ်တဲ့ မင်္ဂလာဈေးကြီး မီးလောင်ခဲ့တယ်။ ဆိုင်ခန်းပေါင်း ၁၄၅ ခန်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုတယ်။ မကြာသေးဘူး။ ဖေဖော်ဝါရီလထဲကပဲ ရန်ကုန် သင်္ကန်းကျွန်းဈေးကြီးလည်း မီးလောင်ပြာကျခဲ့ရတယ်။ မှတ်မိကြပါလိမ့်မယ်။ သည်အစိုးရလက်ထက်မှာပဲ ရန်ကုန်ရွှေတိဂုံခြေတော်ရင်း အရှေ့ဘက်မုဒ်အဆင်းက ဗဟန်းဈေးကြီးလည်း မီးလောင်ပြာကျခဲ့ဖူးတယ်။ ပြီး ၂၀၀၀ ခုနှစ်က မန္တလေး ရတနာပုံဈေးသစ်ကြီးနဲ့ မော်လမြိုင်က မြို့မဈေးကြီးတွေလည်း မီးလောင်ခဲ့တယ်။ ရတနာပုံဈေးက ဆိုင်ခန်းပေါင်း ၁၅၂၁ ခန်းနဲ့ မော်လမြိုင်ဈေးက ဆိုင်ခန်းပေါင်း ၁၁၂၄ ခန်းပျက်စီးဆုံးရှုံးခဲ့တယ်လို့ စာရင်းထွက်လာတယ်။ နောက် မင်းလှ၊ ချောင်းဦး၊ တောင်တွင်း၊ ရေစကြို စသဖြင့် နယ်မြို့ဈေးတွေလည်း မီးလောင်ကြတယ်ဆိုတဲ့ သတင်းတွေ ဖတ်ရ ကြားရတယ်။ ဟော … အခု ဂျွန်လဆန်း ၃ ရက်နေ့က မုံရွာက ရတနာဈေးကြီး မီးလောင်ပြန်ပြီတဲ့။ ဒုက္ခပဲ။
ကျုပ်တို့တိုင်းပြည်အကြောင်းတော့ သိတယ်နော် …။ လက်ညှိုးထိုးပြစရာ၊ အပြစ်ပုံချစရာတွေကလည်း အများသားလား။ ပူပြင်းတဲ့ နွေရာသီရယ်၊ လျှပ်စစ်ဓာတ်အား အချိန်မမှန် စည်းကမ်းမရှိ လာချင်သလိုလာနေတာရယ်၊ အိုမင်းဟောင်းဆွေးပြီး … ရေများများ မသယ်နိုင်တဲ့ ‘မီးသတ်ကား’ လို့တောင် မခေါ်သင့်တော့တဲ့ ကားအနီကြီးတွေ လုံလုံလောက်လောက် မရှိတာရယ်၊ ပြီး အမြဲတမ်း ပြာကျခါနီးမှ အဂ္ဂိရတ်မီးသွေးကောက်ဖို့ အိပ်မှုန်စုံဖွားနဲ့ ရောက်လာတတ်ကြတဲ့ ဆိုင်ရာပိုင်ရာ တာဝန်ခံတွေရယ် … စသဖြင့် စသဖြင့်ပေါ့။ ကြည့် …။ မီးတွေက လောင်လိုက်မှဖြင့်လည်း နေခင်းဘက် မြင်မြင်ထင်ထင် လူတွေရှိနေချိန် ဘယ်တော့မှမလောင်ဘူး။ ခိုးကြောင်ခိုးဝှက် လူခြေတိတ်ချိန် လူတွေအိပ်မောကျချိန် သန်းကောင်ကျော် လင်းအားကြီးမှ ချည့်ပဲ။ ထူးမခြားနား ညှိထားကြသလို တိုက်ဆိုင်တူညီနေကြပုံတွေ ပြောပါတယ်။ သံသယဖြစ်ချင်စရာကြီး ရယ်နော်။ ဒါပေမယ့် လူထုပရိတ်သတ်ကတော့ ရိပ်မိကြပါတယ်။ အကြံအဖန် ရှို့မီးလို့ပဲ ယုံကြည်ကြပါတယ်။ မှတ်မိကြမလား မပြောတတ်ဘူး။ ၈၈၈၈ ဒီမိုကရေစီအရေးအခင်းကာလ ‘ညမထွက်ရ’ Curfew ထုတ်ထားတဲ့အချိန် ညသန်းခေါင်ကျော် နှစ်ချက်တီးမှာ ဆူးလေဘုရားလမ်းမက ပြည်ထောင်စုဘဏ်ကြီးကို လက်နက်ကိုင်လူတစုက ဖောက်ပြီး ငွေတွေထုတ်သယ်သွားတဲ့ သတင်းကိုတောင် မနက်လင်းတော့ ပြည်သူလူထုရဲ့ လက်ရေးနံရံကပ်သတင်းစာတွေမှာ ဖတ်ကြရသေးတာပဲ။ အထောက်တော် ပြည်သူလူထုက မြင်ပါတယ်။ ဒါပေမယ့် သိတယ်နော် …။ ဟိုဇာတ်ထဲကလိုပေါ့။ ‘အကြံခက်လေသနော် … သန်လျက်တော် ယူသည့်သူခိုးကိုလ … အို ရွှေဘုရင်ရဲ့ … ထုတ်ဖော်လို့ပြောရမှာဖြင့် … ဓား ဂုတ်ပေါ်မှာဝဲ’ … ဆိုတဲ့ ငိုချင်းလိုပါပဲ။
အင်း … စစ်အစိုးရ စစ်ထောက်လှမ်းရေးရဲ့ အစွမ်းလည်း သိတယ်နော်။ လမ်းဓာတ်တိုင်တွေတမျှ ပိုက်စိပ်တိုက် ဖြန့်ကျက်ထားတယ်လို့တောင် ပြောစမှတ်ပြုကြရတယ် မဟုတ်လား။ ဒါကြောင့်လည်း ကျုပ်တို့ ဒီမိုကရေစီဘက်သားတွေ မှန်သမျှ … နယ်စပ်ကျော် ထွက်ပြေးနိုင်ကြတဲ့လူတွေက လွဲလို့ … တယောက်မကျန် ဘယ်မှာလွတ်လို့တုန်း။ နည်းနည်းကလေး မလှုပ်လိုက်နဲ့။ လှုပ်လိုက်တာနဲ့တပြိုင်နက် ဖမ်း နှိပ်စက် နှစ်ရှည်ထောင်ချပစ်လိုက်တာပဲ မဟုတ်လား။ မှတ်မှတ်ရရ ပြောရအုံးမယ်။ ရန်ကုန်မြို့တော်ခန်းမထဲ ဗုံးဖောက်ခွဲမှု၊ ပြည်လမ်း အသံလွှင့်ရုံထဲ ဗုံးပစ်သွင်းမှု၊ နောက်ဆုံး အာဇာနည်ဗိမာန်မှာ တောင်ကိုရီးယား အစိုးရဝန်ကြီးအဖွဲ့ အလေးပြုနေခိုက် ဗုံးဖောက်ခွဲလုပ်ကြံသတ်ဖြတ်မှု … ၄၈ နာရီအတွင်း လက်သည်တွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ် မဟုတ်လား။ ဆိုလိုတာက စွမ်းကြပါပေတယ်။
ဒါပေမယ့် သူတို့မမိချင်တာတွေကျ မမိပါဘူး။ မန္တလေး မီးရထားဘူတာရုံ စောင့်အိပ်နားနေကြတဲ့ ခရီးသည်တွေကြား စစ်ကျောပိုးအိတ်ထဲက ဗုံးထပေါက်ကွဲမှု၊ မန္တလေးမြို့မရုပ်ရှင်ရုံ ရုပ်ရှင်ပြနေခိုက် ဗုံးပေါက်ကွဲမှု၊ ရန်ကုန်ဘူတာကြီးထဲ ပြည်ရထား အဝင် စင်္ကြံ ၃၊ ၄ ပေါ်မှာ ဗုံးပေါက်ကွဲမှု၊ ဟော … အခုနှစ် ပြီးခဲ့တဲ့သင်္ကြန်အကြတ်နေ့က ကန်တော်ကြီး ကန်ပတ်လမ်း သင်္ကြန်မဏ္ဍပ်တခုရှေ့မှာ ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲခဲ့မှု၊ လူအုပ် လူစုလူဝေးရှိတဲ့နေရာတွေမှာချည်း။ လူတွေ အစုလိုက် အပြုံလိုက် သေကျေဒဏ်ရာရစေချင်တဲ့ ယုတ်မာရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုတွေ … ဘယ်မှာ လက်သည်တရားခံ မိလို့လဲ။ ဆိုလိုတာက မမိချင်တဲ့အမှုကျ မမိပါဘူး။ မိဖို့လည်း မကြိုးစား အားမထုတ်ပါဘူး။
ကဲ … ဘာပြောချင်ကြပါသေးလဲ။ ဈေးတွေ မီးလောင်ရတာ ဘယ်သူ့လက်ချက်လဲ။ ဘယ်သူ ဘယ်ညစောင့်လုံခြုံရေးတွေမှာ တာဝန်ရှိသလဲ။ ဘယ်သူတရားခံလဲ။
(မောင်သာရ)