>6 lanes road project underway at Rangoon’s Strand Road

>

ရန်ကုန်ကမ်းနားလမ်း ၆လမ်းသွားစီမံကိန်း စတင်

မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၁၂၊ ၂၀၁၀
ရန်ကုန်မြို့၏ ဆိပ်ကမ်းများတည်ရှိရာ ကမ်းနားလမ်းအား ၆လမ်းသွား လမ်းမကြီးအဖြစ် ချဲ့ထွင်ဖေါက်လုပ်ရန် အတွက် မလွတ်ကင်းသည့် အဆောက်အဦ ဈေးဆိုင်များအား စတင်ဖယ်ရှားနေသည်ကို တွေ့မြင်ရသည်။
ပထမဦးဆုံး အနေဖြင့် ရန်ကုန်ဗိုလ်တထောင်မြို့နယ်နှင့် ဆိပ်ကမ်းမြို့နယ် အပိုင်းရှိ မလွတ်ကင်းသည့် အစိုးရ အဆောက်အဦများ၊ ပန်းခြံများ၊ဈေးဆိုင်များအား တိုင်းထွာသတ်မှတ်ခြင်းများ ပြုလုပ်ပြီးနောက် မြေထိုးစက်များဖြင့် စတင်ရှင်းလင်းနေသည်ကို တွေ့ရှိရသည်။
ကုန်သေတ္တာတင် ယာဉ်များ လွယ်ကူမြန်ဆန်စွာ မောင်းနှင်နိုင်ရန် ရည်ရွယ်ပြီး ကြည့်မြင်တိုင်မြို့နယ်မှ လင်းစဒေါင်းအထိ ၆လမ်းသွားလမ်းကို ဖေါက်လုပ်ရန် ရည်ရွယ်ထားသည်ဟု သိရှိရပြီး အလုံမြို့နယ်၏ အချို့သော အပိုင်းများရှိ လူနေအိမ်ရာများအား ဖယ်ရှားရေးတွင် ညှိနှိုင်းပြေလည်မှု မရသေးဟုလည်း သိရှိရပြီး ယခုလောလောဆယ် ဆိပ်ကမ်းမြို့နယ် အပိုင်းတွင်စတင် ရှင်းလင်းနေခြင်းဖြစ်သည်ဟု ဆိပ်ကမ်းမှ အရာရှိတစ်ဦးက ပြောဆိုသည်။
ဗိုလ်တထောင်ဘုရား ၀င်းမျက်နှာစာရှိ ပန်းခြံများ၊ ဈေးဆိုင်များနှင့် သစ်ပင်ကြီးများအား ယခုအခါ ရှင်းလင်းပြီးမြေညှိစက်များဖြင့် လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။ ကမ်းနားလမ်းအား လက်ရှိအကျယ်ထက် နောက်ထပ် ပေ၇၀ ထပ်မံချဲ့မည်ဟုလည်း အဆိုပါ အရာရှိကပြောသည်။
၆ လမ်းသွားလမ်းမကြီး ချဲ့ထွင်ရန်နှင့် အေးရှားဝေါလ် ဆိပ်ကမ်းချဲ့ထွင်ရေးအတွက် ရန်ကုန်မြို့၏ ကုန်စိမ်းလက်ကားဒိုင် သီရိမင်္ဂလာဈေးကို ပြောင်းရွှေ့ရန် လွန်ခဲ့သည့် သီတင်းပတ်က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
အစိုးရပိုင် လုပ်ငန်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေးနှင့် ငှားရမ်း လုပ်ကိုင်ခွင့်ပြုမည့် အစီအစဉ်များ ယခုနှစ်ဆန်းတွင် ထွက်ပေါ်ခဲ့ပြီးနောက် ဆိပ်ကမ်းများ ကုန်တင်ကုန်ချသွားလာရာတွင် အဆင်ပြေစေရန် အတွက် ယခုလို လမ်းချဲ့ထွင်ခြင်းဖြစ်သည်ဟု သိရှိရသည်။
ဗိုလ်တထောင် ဆိပ်ကမ်းအား ကြယ်ငါးပွင့် သဘောင်္လိုင်းကို လွှဲပြောင်းရယူခဲ့သည့် စစ်တပ်၏ စီးပွားရေး လုပ်ငန်းဖြစ်သည့် ဦးပိုင်လီမိတက်က အငှားစနစ်ဖြင့် လွှဲပြောင်းရယူပြီး၊ ဆူးလေ ဆိပ်ကမ်းများအား ဦးတေဇနှင့် ဦးဇော်ဇော်တို့က ငှားရမ်းလုပ်ကိုင်ခွင့် ရရှိထားသည်ဟု ရန်ကုန်မြို့မှ လုပ်ငန်းရှင်တဦးကပြောသည်။
(၆လမ်းသွားဖောက်လုပ်ရန် တိုင်းထွာ အမှတ်အသားပြထားသည့်  ကမ်းနားလမ်းတနေရာ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts