Uncategorized

Soe Min – Lobby Satire


“လှော်မည် ညှော်မည် လော်ဘီ”

စိုးမင်း ဖေ့စ်ဘွတ်၊ ဇွန် ၁၄၊ ၂၀၁၃ (ကူးယူဖော်ပြသည်)

by Soe Min (Notes) on Wednesday, 12 June 2013 at 16:30

          သည်ကနေ့ခေတ် မီဒီယာ အင်တာနက်ပေါ်မှာ လှိုင်လှိုင်ကြီး တွင်ကျယ်နေတဲ့ အသုံးတစ်ခုကတော့ လော်ဘီလုပ်တာပါတဲ့။ ဟိုးအရင်တုန်းကတော့ အဲဒီစကား ဘာပြောမှန်းမသိလို့ အဘိဓါန်ထဲမှာ လှန်ရှာရတာပါ။ ပထမဦးဆုံး ကြားဖူးတာကတော့ ဟောလီးဝုဒ်က ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားတစ်ကားထဲမှာဗျ။ မင်းသားက lobbyist လုပ်တယ်ဆိုတော့ ဘာပြောမှန်းမသိဘူး။ Lobby ဆိုတာ ဟိုတယ်တွေမှာဆို ဧည့်ခန်းဆောင် လို့ ခေါ်တာမို့လို့ ဧည့်ကြိုလုပ်တာလား။ Receptionist လိုမျိုးလား လို့ အောင့်မေ့နေတာ။ (ကိုယ့်ဆီမှာ အဲ့လိုလူမျိုးမှ မရှိသေးပဲကိုးဗျာ) နောက်တော့မှ သူက ဆေးလိပ်ကုမ္ပဏီကြီးတွေက ပြောရေးဆိုခွင့်ရှိသူအဖြစ် ငှားထားပြီး ဆေးလိပ်ရောင်းကောင်းအောင် ဆွယ်တရားဟောပေးရတဲ့သူ၊ ဆေးလိပ်မကောင်းကြောင်း ပြောရင် ကာကွယ်ချေပပေးရတဲ့သူ ဖြစ်နေတယ်။ လိုအပ်တဲ့အရည်အချင်းကတော့ ကြမ်းပိုးကိုလိပ်ဖြစ်အောင် ပြောနိုင်ရမယ်။ မှားတာမှန်တာ ကိုယ်နဲ့မဆိုင်ဘူး။ သူ့ဘာသာ ယုံတာ မယုံတာလည်း ကိုယ့်အလုပ်မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်ပြောတဲ့စကားကိုတော့ သူများတွေယုံအောင်တော့ ယုတ္တိယုတ္တာကလေးနဲ့ လှည့်ကာပတ်ကာ ပြောနိုင်ရမယ်။ ရှေ့နေတွေလို ဥပဒေကြောင်းနဲ့ ငြင်းရခုန်ရတာ မဟုတ်ဘူး။ အလိမ္မာကလေးနဲ့ နှုတ်ရေးကြွယ်ကြွယ် ငါ့စကားနွားရ ပြောရတာ။ လော်ဘီသမားဆိုတာ အမှားအမှန် တရားတာ မတရားတာက အဓိကမကျဘူး။ ကိုယ့်ကို ဘယ်သူက ပိုက်ဆံပေးမှာလဲ ဆိုတာကပဲ အဓိကကျတယ်။ ကြေနပ်လောက်တဲ့ ငွေကြေးပမာဏယူပြီးရင် အဲသည်လူဘက်ကနေ ခိုင်ခိုင်မာမာရပ်တည်ပြီး လှော်တန်လှော်၊ ကြော်တန်ကြော် လို့ ညှော်တန်ရင်လည်း ၀င်ဝင်ညှော်ပေးနေရတယ်။ အဲဒီလိုဆိုတော့ လော်ဘီဆိုတာ အောင်သွယ်ပွဲစားလည်း မဟုတ်ဘူး။ ရှေ့နေတို့ ဥပဒေအကျိုးဆောင်တို့လည်း မဟုတ်ဘူး။ ပြောရေးဆိုခွင့်ရှိသူ (Spoke person) တောင် မဟုတ်ဘူး။ အဲဒါတွေ အားလုံးအပြင် အလံရှူးလိုလို၊ ဘေးတီးပေးတဲ့လူလိုလို၊ ကိုယ်တိုင်လည်းလိုက်ဖွတန်ဖွ၊ သူများတွေပါးစပ်ဖျားမှာ ပွသွားအောင်လည်း ဆွတန်ဆွပေးရတဲ့သူပေါ့။ ဥပမာ လင်္ကာဒီပချစ်သူ ၀တ္ထုမှာ ဆရာချစ်ဦးညိုကြီး ဒဿဂီရိဘက်က လော်ဘီလုပ်သွားတယ်။ (ဒါကျတော့ ပိုက်ဆံရလို့ ဟုတ်ပါဘူး။ သူ့အနုပညာပေါ့)။  အဲသလောက် ရှင်းပြလိုက်ရင်ကိုပဲ အခုရက်ပိုင်းအတွင်းမှာ ဘယ်သူဘယ်ဝါတွေ ဘယ်သူ့အတွက် လော်ဘီလုပ်ပေးနေတယ်ဆိုတာ အကင်းပါးတဲ့သူတွေကတော့ မျက်စိထဲ မြင်ယောင်နေလောက်ပါပြီ။
          ဒါပေသိ တို့ပိတ်သတ်ကြီးက အထူအပါး မညီတာလည်း သိတော်မူကြတဲ့အတိုင်းပါပဲ။ ခပ်ပိန်းပိန်းသမားတွေအတွက် ဥပမာလေးတွေ ထပ်ပေးရပါဦးမယ်။ ဟိုတလောတုန်းက မင်းသားလေးတစ်ယောက် “တို့ကတော့ တို့ကတော့ တို့ကတော့ ဘုရားကျောင်းထဲပြန်ရောက်တဲ့အချိန်..” ဆိုပြီး လုပ်တာ မှတ်မိသေးလား။ နှစ်ရက်လောက်ကြာတော့ ဒါရိုက်တာတစ်ယောက်က “အဲဒီမင်းသားကို သူငယ်ငယ်ကတည်းက သိပါတယ်။ လူငယ်လေးတစ်ဦးပါ။ အမှန်တရားကို ရှာတဲ့သူ။ ဖြေးဖြေးလေး ရှာပါစေ။” ဆိုပြီး မျက်ရည်ကျဖွယ်ဇာတ်လမ်းကလေး နဲ့ တစ်ကျပ်ဖိုး သုံးပုဒ် ဇာတ်ထုပ်ခင်းပြသွားတာမျိုးကို လော်ဘီလုပ်တယ် လို့ ခေါ်ပါတယ်။ အဲ့လိုပဲပေါ့။ “တို့ဘဘကြီး(ငြိမ်း) ထမင်းဆိုင်ဖွင့်စားနေရရှာတယ်။” “မာမီတို့များ လွှတ်ရိုးတာ။ သည်နေ့အနားယူ နောက်နေ့ မုန့်ဟင်းခါးအိုး တည်ရတော့မှာ။” “ဒေါ်ဒေါ့်ကို သနားလို့တဲ့ မော်တော်ပီကယ်တောင် ငိုချလိုက်တယ်။ မီးကိုစိမ်းရော။” အစရှိတဲ့ ဂရုဏာသက်စဖွယ် စာမျိုးရေးသော အမည်မဖော်လိုသူ လှထုံတို့ဟာလည်း လော်ဘီသမားစစ်စစ်ကြီးတွေ ဖြစ်တယ် မဟုတ်ဘူးလား။
          လူမှုကွန်ယက်ပေါ်မှာ ကိုယ်ရေးအချက်အလက်တွေ မဖော်ပြပဲ ဟိုဟာရှာဖွေနေသူ၊ ချစ်ဖို့ကောင်းသူကလေး၊ အ၀ှာပြုချင်သူများစုဝေးရာ စသည်ဖြင့် စာမျက်နှာတစ်ခုဖွင့်ပြီး ကိုယ်ရေးချင်တာကိုယ်ရေးလို့ ရနေတဲ့ခေတ်ဆိုတော့ တချို့လူတွေဆို ပိုက်ဆံအကုန်ခံပြီး သူများတောင် လော်ဘီငှားမနေတော့ပါဘူး။ ကိုယ့်ဘာကိုယ် နောက်ထပ် အကောင့်သစ်တစ်ခုဖွင့်ပြီး “ဟုတ်ဘူးလား ငါ့တူရယ်”  “ဟုတ်တာပေါ့ ဦးလေးရယ်။” နဲ့ သိပ်ပိုင်တဲ့မင်းပဲ ဇာတ်ခင်းကြတယ်။ သူများကိုဆဲဖို့က အကောင့်တစ်ခု၊ ကြိတ်ပုံးကလေး ကြူဖို့က အကောင့်တစ်ခု၊ ဘုရားစာလေးတွေတင်ပြီး မေတ္တာပို့ဖို့က အကောင့်တစ်ခုနဲ့ တစ်မိုးလုံးဖျောက်ဆိတ် လုပ်နေကြတယ်။ အမယ် တချို့များဆို သူ့အကောင့်အချင်းချင်း In a relationship တို့၊ Married to တို့ နဲ့ အမျိုးစပ်ထားလိုက်သေးတယ်။ သူ့ဖာသူ အားအားယားယား အချိန်ကုန်ခံနိုင်လို့ တစ်လုံးက မီးထိုးဖို့ တစ်လုံးက ကိတ်ဆိတ်ဖွေ့ဖို့ လုပ်ချင်လည်း လုပ်ပေါ့လေ။ ဒီအထိက သူ့အခွင့်အရေးပဲဟာ။ ဒါပေသိ သူရော၊ သူ့အကောင့်ခွဲတွေပါ ၀ိုင်းကာအုံကာ ဖဲ့ရွဲ့တိုက်ခိုက်နေတဲ့အခါမှာတော့ တော်တော်ကို အာရုံနောက်စရာကောင်းတာပါ။ အဲဒီလူတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ဆိုက်ဝါး (Psy-War)တွေသုံးပြီး နိုင်ငံရေးလှည့်ကွက် ကစားနေတာကတော့ နည်းနည်းများ မလွန်လွန်းဘူးလားလို့။
          ဖေ့စ်ဘုတ်ပေါ် အနေကြာလာတဲ့အခါ အပြင်မှာ လူချင်းတစ်ခါမှ မမြင်ဖူးပေမယ့်လည်း နံမည်တွေ့လိုက်တာနဲ့ သည်လူ့ဆီက ဘယ်လိုစကားမျိုးကြားရတော့မယ်လို့ ကြိုတင်မှန်းဆလို့ရတာ ပညာလို့တောင် မခေါ်ချင်ပါဘူး။ သူ့နံရံပေါ် ဘာတွေရေးထားသလဲ တပတ်လောက်ဖတ်ကြည့်လိုက်ရင် သဘောပေါက်နေပြီ။ တချို့များဆို အင်မတန် သစ္စာရှိတာ။ Status ဆယ်ခုတင်လိုက်၊ ကိုးခုက ဒေါ်စုအမှားကို ထောက်ပြဖို့။ (နောက်တစ်ခုကတော့ အသားလွတ်ကြီး ဆဲဖို့)။ KIA တံဆိပ်တပ်ထားပြီး ကချင်ဘက်ကချည့် ရေးတဲ့သူလည်း ရှိတာပဲ။ မင်းသမီးတွေ အောက်စလွတ်တာချည့်ပဲ ထိုင်တင်မယ့် စာမျက်နှာလည်း ရှိရဲ့။ ကုန်ကုန်ပြောရရင် အပြာစာ၊ အပြာပုံတွေ တင်တဲ့စာမျက်နှာတင်မကဘူး။ မာမီတွေ ရွပိုးထိုးတဲ့ စာမျက်နှာတွေလည်း ရှိတယ်။ ဒါပေမယ့် အဲဒီစာမျက်နှာတွေအားလုံးဟာ သူ့ရပ်တည်ချက် (Main theme) တစ်ခုခုနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ကြတာမို့ သိက္ခာမဲ့တဲ့ စာမျက်နှာ လို့ မပြောချင်ပါဘူး။ သူ့ထက်သိက္ခာမဲ့တာက ဘာရပ်တည်ချက်မှ မရှိပဲနဲ့ ပြည်သူလူထုကြားမှာ အမုန်းမီးတောက်တွေ ကြီးထက်ကြီးလာအောင် ဆီလောင်းလေပင့် လုပ်ပေးနေကြတဲ့ များစွာသော ခါတော်မီ အကောင့်ပုန်းတွေ ဖြစ်ပါတယ်။
          အဲဒီလူတွေက ဘယ်သူဘယ်ဝါတွေဆီက ဘယ်လောက်အတိုင်းအတာအထိ အကျိုးအမြတ်ရနေသလဲတော့ မသိပါဘူး။ ဒါပေမယ့် သူတို့လုပ်ကွက်များကတော့ တော်တော် ကြောက်စရာကောင်းပါတယ်။ မဟုတ်မှန်တဲ့သတင်းတွေ လုပ်ကြံဖန်တီးပြီး  တကယ့်လက်တွေ့ဘ၀မှာ လူအမြောက်အများ သေကြေပျက်စီးအောင် ပြုတဲ့ အကုသိုလ်ဟာ မုသာဝါဒတစ်ပါးတည်း ကျိုးလိမ့်မယ် လို့ မထင်မိပါဘူး။ ဓါတ်ပုံအတုတွေ ဖန်တီးတယ်။ သတင်းအတုတွေ လွှင့်တယ်။ ပလီမဟုတ်ပဲနဲ့ ပလီဆောက်နေတာပါလို့ အခိုင်အမာ လိမ်တဲ့သူကလိမ်သလို ဖြစ်ခဲ့ပြီးသမျှ ကိစ္စရပ်တွေမှာ ခြေရာလည်းပျောက် ရေလည်းနောက်အောင် တမင်လိုက်နှောက်ပစ်ကြတယ်။ ထိပ်ဆုံးကတော့ ခေါင်းစဉ်အကြီးကြီးနဲ့ ဖြစ်ရပ်မှန်ဆိုတာကြီးက အမြဲတမ်းပါတယ်။
            ဘယ်လောက်ထိဆိုးသလဲ။ ကျောက်နီမော်မှ မသီတာထွေးရဲ့ ဖြစ်ရပ်မှန်ဆိုပြီး အပြစ်မရှိပဲ မတရားစွပ်စွဲခံရပြီး နှိပ်စက်ညှင်းပန်း အသတ်ခံရသူ လူငယ်ကလေးသုံးဦးပုံပြင်ကို စာမျက်နှာပေါ် တင်ကြရှဲကြတယ်။ သူတို့သုံးယောက်က တရားခံအစစ် မဟုတ်ပါဘူးတဲ့။ ရဲတွေက မတရား အမှုဆင်ဖမ်းပြီး နှုတ်ပိတ်ပလိုက်တာပါလို့ ရေးတာဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုရော၊ တရားရေးမဏ္ဍိုင်ကိုပါ စော်ကားတာ မဟုတ်ဘူးလား။ ထားပါတော့လေ။ တရားဥပဒေ မစိုးမိုးတဲ့နိုင်ငံလို့ စွပ်စွဲချင်တာ ရှိပါလိမ့်မယ်။ ဒါဖြင့်ရင် သေသွားတဲ့ ကလေးမကလေးကို ဘာနဲ့မုန်လာဥလုပ်မလို့တုန်း။ အဲဒီမှာတင် သူတို့က တရားခံကို နံမယ်နဲ့တကွ ဖော်ထုတ်လာပြန်ရော။ ရခိုင်ပါတီက လူတစ်ယောက်က လူမျိုးရေးမုန်းတီးမှုတွေဖြစ်အောင် ဇာတ်လမ်းဆင်တာပါတဲ့။ ရခိုင်တွေသာ အဲဒီစာဖတ်ရရင် ရယ်ရလွန်းလို့ အူတက်သေလိမ့်မယ်။ တောမှာသွားပြော။ ရခိုင်မှာ လာမပြောနဲ့။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်မှာ ရခိုင်ပါတီတွေ မဲအများဆုံးနဲ့ အနိုင်ရတာ မှန်ပါတယ်။ ရခိုင်အမတ်၊ ရခိုင်ကိုယ်စားလှယ်တွေ အများကြီး လွှတ်တော်ထဲမှာပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ထဲမှာ ရခိုင်ဘယ်နှစ်ယောက်ရှိသလဲ ပြန်ကြည့်။ ဘယ်ကိုမှ သွားကြည့်စရာမလိုဘူး။ စစ်တွေလေယာဉ်ဆိုက်တဲ့အခါ တစ်စီးတည်းအတူပါလာတဲ့ ရခိုင်အမတ် နဲ့ ကြံ့ဖွံ့အမတ် ဘယ်လိုလာ ဘယ်လိုစီးပြီး ဘယ်သူလာကြိုသလဲ မြင်ရင် သဘောပေါက်သွားမယ်။ ရခိုင်ပါတီဝင်တစ်ယောက်မို့လို့ ရခိုင်ပြည်နယ်မှာ သူလုပ်ချင်ရာလုပ်ခွင့်ရဖို့ ဆိုတာ နောင်ပွင့်မယ့် ဘုရားရှင်လက်ထက်တော့ မပြောတတ်ဘူး။ အခုလောလောဆယ်တော့ ဘယ်လိုမှ မဖြစ်နိုင်သေးဘူး။ မှားတာနဲ့ ဆွဲစိဖို့ အသင့်ကြည့်နေတာ။ (ငါတော့ အနာပေါ် တုတ်ချမိပြန်ပြီ)
            မလေးရှားမှာ လူတွေသေကုန်ကြတဲ့အခါ ဘယ်ဟာကိုမှ ယုံလို့မရတော့ဘူး။ အစိုးရမီဒီယာကိုယ်၌က ဟုတ်ပဲနဲ့ ဟုတ်ပဲနဲ့ ဆိုရင်းကနေ တက်လာပြန်ပြီ။ ဓါတ်ပုံတွေ။ ခဏနေတော့ အဲဒါ မဟုတ်သေးဘူး။ တကယ့်ဖြစ်ရပ်မှန်မှာ ဆို လာပြန်ရော။ မကြာပါဘူး။ တကယ်ဆိုမှတကယ် ဘုရားစူး မိုးကြိုးပစ် ဖြစ်ရပ်မှန်မှာ ဆို လာပြန်တယ်။ ကိုယ့်အသိအကျွမ်းတွေဆီ ဆက်သွယ်မေးမြန်းတော့လည်း မဟုတ်ပြန်ဘူး။ စဉ်းစားကြည့်လေ။ မလေးဆိုတာ တောမှာ လယ်လုပ်နေတဲ့ မိသားစုတွေဆီက မြန်မာလူငယ်ကလေးတွေ အများစုရဲ့ အိပ်မက်တိုင်းပြည်။ တရားဝင်ရော တရားမ၀င်ပါရောက်နေတဲ့ မြန်မာလူငယ်တွေ သိန်းချီပြီးနေတယ်။ တော်တော်များများက အဆင်မပြေလှဘူး။ အဲဒီကလေးတွေအတွက် ထိုက်တန်တဲ့ အလုပ်သမားအခွင့်အရေးတွေရအောင် ဘယ်သူကမှ တာဝန်ခံမပေးနိုင်ဘူး။ ကိုယ့်ဘာကိုယ် လည်သလို ပွဲစားနဲ့ ပိုက်ဆံပေးပြီး ထွက်လာကြရတယ်။ အခုပြဿနာက သူတို့တတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးကိုလည်း ဘယ်သူကမှ တာဝန်ယူမပေးနိုင်ဘူး။ ရဲဆီတောင် ပြေးလို့မရဘူး။ အဲဒီရဲက ဖမ်းမလို့တဲ့။ မလေးအစိုးရလုပ်ပုံက ရှင်းတယ်။ တရားဝင်စာရွက်စာတမ်းရှိသလား။ အာမခံပေးတဲ့ အလုပ်ရှင်ရှိသလား။ စိစစ်ပြီး ပြန်လွှတ်ပေးမယ်။ အိုနေပြီလား။ ထောင်ထဲဝင်။ အိမ်ပြန်ချင် လေယာဉ်ပေါ်တင်ပေးမယ်ဆိုတာတောင် လေယာဉ်ခ ပေးစရာမရှိ။ ဒါနဲ့ပဲ ပြည်တော်ဝင် စနေမောင်မောင်တွေကို ကြိုဖို့ တို့ဆီက လေယာဉ်ကုမ္ပဏီကြီးတွေနဲ့ ခရိုနီကြီးတွေက နိဗ္ဗာန်ကူးတို့ ပို့ကြရတော့တယ်။ ဒါလည်းပဲ လော်ဘီနဲ့ မလွတ်ပေါင်ဗျာ။ ပန်းဆိုးတန်းဆိပ်ကမ်းက တိုင်တန်းနစ်ကြီးထွက်သလို ထွက်သွားလို့ ကမန်းကတန်း ဖဲဝိုင်းက ထလိုက်သွားရတဲ့ လီယိုနာဒိုလေးတွေ ပါသွားတယ်ဆိုတာတော့ ထားပါတော့လေ။ လူသုံးသောင်းဆန့်တယ် ဆိုတာကတော့ ဘတ်စကားများလို မတ်တတ်စီးခိုင်းမလို့နဲ့တူပါရဲ့။
           တို့ဆီက မိအေးတို့ကတော့ အခါခါနာရပြန်တာပါပဲ။ ကိုယ့်ဆီကလူတွေ တရားဝင်ထွက်သွားတာတောင် ဟိုမှာ သက်တမ်းကုန်နေတော့ ကိုယ့်စားရိတ်နဲ့ကိုယ် လိုက်ခေါ်ရ။ သူများဆီက ကိုယ့်ထဲမှာ ဘာအထောက်အထားမှ မရှိပဲ ၀င်လာတာတွေ မိပြန်တော့ ဟိုဘက်ပို့ဖို့နေနေသာသာ နေရင်းရပ်ရွာ နယ်စပ်ကို လ၀ကမင်းများကိုယ်တိုင် အိမ်တိုင်ယာရောက် ထမင်းကျွေး စားရိတ်ခံ ပြန်ပို့ပေးရ။ အပို့ခံရတဲ့အကောင်များကလည်း ဘုန်းကြီးကျောင်း ကြောင်သွားလွှတ်သလို ပို့တဲ့သူပြန်တာနဲ့ အထုပ်ကောက်ဆွဲပြီး ၀မ်းစမိုးရော သောသောညံ ပြန်ဝင်ကြနဲ့။ ၀န်ထမ်းများခမျာ ကိုယ့်ထမင်းတောင်ကိုယ် ဖြောင့်ဖြောင့် မစားနိုင်ရှာဘူး။ (လ၀ကတွေ လာဘ်စားပြီး မှတ်ပုံတင်တွေ လုပ်ပေးတာလည်း မဖြစ်နိုင်ပါဘူး။ ဘာလို့ဆိုတော့ အဲဒီလူတွေကို မှတ်ပုံတင်ပေးနိုင်တဲ့ အခွင့်အာဏာက မိုးပေါ်ကလာတာပါ။)
            နောက်ပြဿနာတစ်ခုကတော့ သေဆုံးသွားသူတွေကို အမည်၊ နေရပ်၊ နာရေး သင်္ဂြိုလ်လုပ်ပေးဖို့လေ။ ဖြစ်တည်မှု စာရွက်စာတမ်း တစုံတရာ မရှိတဲ့သူတွေကို သေဆုံးမှုစာရင်းထဲ ဖြည့်ပေးဖို့ရာ ဘာအထောက်အထားမှ လည်း မရှိဘူး။ နဂိုကတည်းက ရုံးလုပ်ငန်းဆောင်တာဆိုတာ On paper စာရွက်ပေါ် လုပ်ရတာမို့လို့ without paper စာရင်းမရှိ အင်းမရှိ တော်သလို လုပ်ဖို့ဆိုတာ သူတို့အတွက် ခက်နေမှာပဲ။ ခက်တာက သံရုံးတွေမှာကိုက ဘာပေပါ မှ ရှိတာ မဟုတ်ဘူး။ သံရုံးသွားတဲ့ မြန်မာတွေကို စာရွက်ဝယ်ပေးပါဦး။ သောက်ရေ၀ယ်ပေးပါဦး အလှူခံနေရတာ လို့ မကြာခဏ သံရုံးတွေ ၀င်ထွက်သွားလာနေသူတစ်ယောက်ဆီက သိလိုက်ရတော့ တော်တော်တောင် အံ့သြသွားသေး။ Flight Plan ဇာတ်ကားထဲကလို အလောင်းတွေ မွေးမြေအရောက် လိန်ပျံကြီးနဲ့ သယ်ဖို့ဆိုတာ မြန်မာကားထဲထည့်ရိုက်လို့ ရပါလိမ့်မယ် အားကြီး။ ဇာတ်က အလိုလိုကို နာလွန်းအားကြီးလို့ ဘာမှ ၀င်မရေးရက်ဘူး။ အဲဒါကို မဟုတ်ကဟုတ်က အလောင်းပုံတွေနဲ့ လော်ဘီလုပ်နေကြတာတော့ ရက်စက်လှချည့်လား။ ယုတ်မာလှချည့်လား။ မိုက်ရိုင်းလှချည့်လား။ လို့ ပဲ ပြောချင်ပါတယ်။
           ခုရက်ပိုင်းမတော့ များမကြာမီပေါ်ပေါက်လာမယ့် လော်ဘီအသစ်တစ်မျိုးကို သိုးသိုးသန့်သန့် အနံရနေသလိုလို ရှိပါတယ်။ Like များများနဲ့ account တွေကို သိန်း ၂၀ နဲ့ အရောင်းအ၀ယ်ဖြစ်သွားသတဲ့။ ပြီးတော့ မူလအကောင့်ပိုင်ရှင်ကပဲ အဲဒီ Page ကို ဆက်ရေးပေးနေရမတဲ့။ သေချာတာကတော့ အကောင့်ဝယ်ပြီး လော်ဘီလုပ်ခိုင်းမလို့ မဟုတ်လား။ နဂိုကတည်းက လူသိများ လူဖတ်များတဲ့ စာမျက်နှာပေါ်မှာ ကိုယ်လိုချင်တဲ့ ၀ါဒဖြန့်စစ်မျက်နှာဖွင့်ဖို့ အဲသလောက်ပိုက်ဆံကလေးကတော့ ကြော်ငြာခလောက်ပဲ ရှိပေလိမ့်မယ်။ ပြီးရင် ဆက်ထွက်လာမယ့် အိုင်ဒီယာတွေလည်း အလကားဆက်သုံးလို့ ရဦးမယ်။ သိန်း၂၀ ဆိုတဲ့ ပိုက်ဆံဟာ မူးမူးနဲ့ ကောင်တာပြတ်ဝယ်လိုက်တဲ့ ပန်းကုံးဖိုးတောင် မရှိဘူး။ ဒီပိုက်ဆံနဲ့ ပညာတတ်ဦးနှောက်တစ်ခု နဲ့ သူရင်းထားတဲ့ အချိန်တွေကို ၀ယ်ရတာ တန်ပါတယ်။ နောက်ဆို ပစ္စည်းများဝယ်လှောင်ထားသလို တက်ဈေးရတော့ ပြန်ရောင်းထုတ်လို့လည်း ရနိုင်တယ်။ ဒီလိုဆိုတော့ တို့ဆီမှာ စတော့ရှယ်ယာဈေးကွက်သာ မပေါ်သေးတာ။ အိုင်ဒီယာဈေးကွက်၊ ဦးနှောက်ဈေးကွက်၊ စာမျက်နှာဈေးကွက်တော့ ပေါ်နေမှပဲနော်။
            တကယ်လို့များ ခရိုနီခရိုပြာကြီးတွေ။ ဘဘကြီး မမကြီးတွေက မောင်စံဖားအကောင့်ကို ၀ယ်ချင်ပါတယ်ဆိုရင် ဈေးဘယ်လောက်များ ပေးမှာပါလိမ့်လို့ ချိန်ခွင်ပေါ်တော့ တက်အကြည့်ချင်သားဗျ နော့။ ဒါပေသိ ကိုယ်မယုံကြည်ရာကို သူများတကာ လှည့်ဖြားဖို့သက်သက်နဲ့တော့ ကျုပ်လို နှစ်ပြားမတန်တဲ့ ပလီစိခြောက်ချက်အကောင်တောင် ပါးစပ်က ပြောမထွက်ပေါင်ဗျာ။ ကေသရာဇာမှန်ရင် မြက်မစားဘူးဆိုတာ ကြားဖူးတယ် မဟုတ်လား။ ဘယ်စားပါ့မလဲ။ လျှာမြက်ပေါက်နေမှဟာ စားစရာကို မလိုတော့ဘူး။ စိမ်းလို့ စိမ်းလို့။ မယုံလာကြည့်လှည့်။ ‘စိုစိုစိမ်း ကပိုကယိုယိမ်း။ လေသိမ်းတိုင်းလှ မြနဒီ။” တဲ့။
(ဤကား ကိုယ့်ကိုယ်ကိုယ် လော်ဘီလုပ်ခြင်း ဟု ခေါ်ချေသတတ်)။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts