>
ကြိုးဝိုင်းထဲမှာ..ဇာတ်ကနာတယ်
ဆောင်းယွန်းလ
ဇွန် ၁၁၊ ၂၀၁၀
ကြမ္မာရထားဘီးက
ဘဝသံလမ်းများနဲ့ လွဲချော်တိမ်းပါးနေလို့
အိပ်မက်ကြိုးဝိုင်းထဲ စိမ်ပြေးတမ်းကစားနေရတုန်းပဲ…
တိမ်လွှာစီးပြီး ထွက်ခဲ့ရတဲ့ ခရီးမဟုတ်တော့
ရေကြည်ရာတပေါက် ကမ်းကပျောက်နေသေးသလို
မြက်နုရာတကွေ့ လမ်းကိုလည်းမတွေ့နိုင်ခဲ့သေးဘူး …
မနက် မနက်တွေမှာ
အသက်မပါတဲ့ အပြုံးအိုအပေါက်အပြဲတွေထဲ
သောကကို တစစီလှီးခွဲထည့်ရင်း
ဂွဒ်မောနင်းကို တွင်တွင်ပြောရတာလည်း မောလှပြီ…
အဲဒီလို မနက်တွေဆို
ငှက်ကလေးတွေက ဖာသိဖာသာသီချင်းကို ဆိုလို့…
ညနေ ညနေတွေမှာ
ခပ်ထွေထွေ စိတ်ရောင်စုံကို ထုပ်ပိုးလို့ …
ဇနီးမယားနဲ့ သမီးသားဖို့ ဘာမျှမပါ
လက်ချည်းဗလာ ဂွဒ်နိုက်နဲ့သာ ချည်တိုင်ရှာရပြန်ပေါ့…
အဲဒီလို ညနေတွေဆို
ငါတို့တတွေက ”ဘဝသံသရာ”တေးကို ဆိုလို့…
တကယ်တော့..ငါတို့ဟာ
မိုးရာသီတွေကို ထွန်ယက်ရင်း
ဆောင်းနှင်းတွေကို စိုက်ပျိုးနေပါလျက်က
နွေနေကိုသာ အခါခါရိတ်သိမ်း
ဇာတ်နာအောင် မျက်ရည်လိမ်းနေကြရသူတွေရဲ့ ဘဝတွေလို..။ ။