သတင်းပဒေသာ

Pre-Discussion Guideline Announced from Burmese Monks Conference

ရန်ကုန်၊ မှော်ဘီ၊ ဓမ္မဒူတဇေတ၀န်တောရတွင် ဗုဒ္ဓဘာသာဆိုင်ရာ ညီလာခံအကြို ဆွေးနွေး

မိုးမအထောက်တော် ၀၀၃၊ ဇွန် ၁၅၊ ၂၀၁၃

မြန်မာပြည်တွင်းရှိ ထင်ရှားသော သာသနာပြုဆရာတော်များ၊ စာသင်စာချ ဆရာတော်များ၊ သံဃာနာယကအဖွဲ့ဝင် ဆရာတော်များ၊ သံဃာတော်များ ၂၀၀ အပါးကျော် တက်ရောက်ဆွေးနွေးကြသည့် အစည်းအဝေးတရပ်ကို ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ ဓမ္မဒူတဇေတ၀န်တောရ၊ ဆေကိန္ဒာရာမကျောင်းတိုက်ကျင်းပခဲ့ရာ အကြိုအစည်းအဝေး၏ သဘောထားထုတ်ပြန်ချက်ကို ဒေါက်တာဓမ္မပီယက တာဝန်ခံဆရာတော်အဖြစ် ဇွန် ၁၄ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ညီလာခံကို ဆက်လက်ဆွေးနွေးကျင်းပနေမည်ဖြစ်ရာ ဆရာတော် သံဃာတော်များမှ တင်ပြချက်များ၊ အဆိုပြုချက်များကိုလည်း တင်သွင်းဆွေးနွေးကြမည် ဖြစ်သည်။

(ဓာတ်ပုံ – သံဃာ့မဟာနာယက ဗန်းမော်ဆရာတော်ကြီး၊ အရှင်ဆေကိန္ဒ၊ အရှင်ဓမ္မပီယ၊ (ဗွိုက်စ်))

ထုတ်ပြန်ချက် အပြည့်အစုံမှာ …

မှော်ဘီ သံဃာအစည်းအဝေးမှ ထုတ်ပြန်သော ကြေညာချက်အပြည့်အစုံ

(14-6-2013) Copy & Credit To > Myanmar Online News
ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်း ==============================

ဆွေးနွေးပွဲကြီးကြေညာချက် 
==================

၁။ ဗုဒ္ဓဘာသာသည် ကမ္ဘာ့အကောင်းဆုံးဘာသာအဖြစ်နိုင်ငံတကာ အသိအမှတ်ပြုခံထားရသည့်အားလျော်စွာ ဗုဒ္ဓဘာသာခေါင်းဆောင်များနှင့် ဗုဒ္ဓဘာသာဝင်တို့သည်လည်း မည်သည့်ပဋိပက္ခမျိုးမှ မဖြစ်စေလိုဘဲ ငြိမ်းအေးစွာ နေထိုင်လိုသူများ ဖြစ်သည်။

၂။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်ရေးမူကို အားပေးထောက်ခံသည်။

၃။ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ ဂုဏ်သိက္ခာကို မှေးမှိန်ညှိုးနွမ်းအောင် မှားရွင်းစွာ စွတိစွဲရေးသားသည့် လုပ်ရပ်မှန်သမျှကိုကန့်ကွက်သည်။

၎။ ယခုလက်ရှိ ဖြစ်ပေါ်နေသော ပြည်တွင်းပြည်ပ ပဋိပေက္ခ အခြေနေများနှင့်ပတ်သက်၍
(က) ဝမ်းနည်းကြောင်း မှတ်တမ်းတင်သည်။
(ခ) ပဋိပေက္ခကြောင့် ဒုက္ခရောက်နေကြသည့် နိုင်ငံသားအားလုံးကို ကူညီထောက်ပံ့နေကြသော နိုင်ငံတော်အစိုးရနှင့် အဖွဲ့စည်းအသီးသီး လူပုဂ္ဂိုလ်အသီးသီးတို့အား ကျေးဇူးတင်ဝမ်းမြောက်ကြောင်း မှတ်တမ်းတင်သည်။
(ဂ) ကူညီလိုသော ပုဂ္ဂိုလ်များ၏ ထောက်ပံ့ကူညီမှုကို လက်ခံဆောင်ရွက်ရန် မှော်ဘီ ဓမ္မဒူတဆရာတော်အား တာဝန်ပေးအပ်သည်။

၅။ ကြွရောက်လာကြသော သံဃာတော်အရှင်မြတ် (၂၂၇) ပါးတို့က သြဝါဒခံယူပွဲနှင့် ပတ်သက်၍ အသေးစိတ်ညှိနှိုင်းတိုင်ပင်နိုင်ဖို့ အစုအဖွဲ့ကဏ္ဍ ၇-ခု ခွဲ၍ကျင်းပပြုလုပ်ခဲ့ပါသည်ယင်းကဏ္ဍ ၇-ခုမှာအောက်ပါအတိုင်းဖြစ်ပါသည်။

၁။ပဋိပက္ခကို ဗုဒ္ဓနည်းကျ ဖြေရှင်းရေးကဏ္ဍ
———————————————-

(က) ပြဿနာတခု ဖြစ်ပေါ်ခဲ့လျှင် လူမျိုးရေးအသွင်ဆောင်သည်ဖြစ်စေ၊ အကြမ်းမဖက်ဘဲ တရားဥပဒေဖြင့်သာ ငြိမ်းချမ်းစွာဖြေရှင်းကြရန်။

(ခ) ပြသဿနာဖြစ်ပေါ်ခဲ့လျှင် သော်လည်းကောင်း၊ ပြဿနာဖြစ်မည့်အခြေအနေမျိုး ကြုံတွေ့ခဲ့လျှင်သော်လည်းကောင်း၊ ဘာသာရေးခေါင်းဆောင်များအားလုံး အချင်းချင်း ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ကြရန်။

(ဂ) “၉၆၉” ဂဏန်းသည် ရတနာသုံးပါးကို ကိုယ်စားပြုသော ငြိမ်းချမ်းရေးသင်္ကေတ ဖြစ်သည့်အားလျှော်စွာဗုဒ္ဓသာသနာတော်ကို ညှိးနွမ်းစေနိုင်မည့် နေရာဋ္ဌာနမျိုးတွင် အသုံးမပြုရန်။

၂။ငြိမ်းချမ်းစွာနေထိုင်ရေးအတွက် ဥပဒေဆိုင်ရာကဏ္ဍ
—————————————————–

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌မှီတင်းနေထိုင်သည့် နိုင်ငံသားအားလုံး အရှည်သဖြင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် တရားဥပဒေ စိုးမိုးမှုရှိစေရန်။

(ခ) မြန်မာနိုင်ငံသည် “ဘာသာရေးလွပ်လပ်ခွင့်” ရှိသည့်အားလျှော်စွာ ငြိမ်းချမ်းရေးကို ရှေ့ရှု၍ မိမိတို့သက်ဆိုင်ရာ ကိုးကွယ်မှုဘာသာအလိုက် ခိုင်မာသောဥပဒေများ ရေးဆွဲပြဋ္ဌာန်းရန်။

(ဂ) နိုင်ငံသားအားလုံးငြိမ်းချမ်းစွာနေထိုင်ရေးကို အထောက်အကူပြုသည့် ၁၉၈၂-မြန်မာနိုင်ငံသား ဥပဒေကိုတိတိကျကျ လိုက်နာဆောင်ရွက်ရန်။

၃။ နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာနေထိုင်ရေးကဏ္ဍ
————————————————-

(က) နိုင်ငံသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု နားလည်မှုများ ရှိကြရန်။

(ခ) နိုင်ငံသားအားလုံး၏ ငြိမ်းချမ်းရေးကို ထိခိုက်စေမည့် အပြောအဆို အပြုအမှုများကို ရှောင်ကြဉ်ကြရန်။

(ဂ) အခါအားလျော်စွာ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေး၍ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ကြရန်။

၎။ ငြိမ်းချမ်းရေးကို ဦးတည်သော ပညာရပ် လေ့လာရေးကဏ္ဍ
——————————————————

(က) မျိုးဆက်သစ် နိုင်ငံခေါင်းဆောင်များ နိုင်ငံအုပ်ချုပ်ရာ၌ လက်တွေ့ကျသော ဗုဒ္ဓဓမ္မများဖြင့် အောင်မြင်စွာ အုပ်ချုပ်နိုင်စေရန် အကျိုးငှါ ဗုဒ္ဓ အဆုံးအမများကို သင်ကြားပို့ချပေးရန်။

(ခ) မြန်မာပြည်သို့ ဗုဒ္ဓသာသနာရောက်ရှိခဲ့သည့် အချိန်ကို အမိုင်းပညာရှင်များ၏ အကူအညီကို ရယူပြီး ခိုင်လုံသောအထောက်အထားဖြင့် တိတိကျကျ မှတ်တမ်းပြုစုထုပ်ဝေရန်။

(ဂ) ဗုဒ္ဓသာသနာ ကွယ်ပြောက်ခဲ့ရသော နေရာများ၌ ကွယ်ပြောက်ခဲ့ရခြင်၏ အကြောင်းကို ပထမပြန်စာမေးပွဲ၌ ပြဋ္ဌာန်းပေးရန်။

(ဃ) ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဓမ္မစကူးတို့၌ သင်ရိုးစာအုပ်အဖြစ် အသုံးပြုနိုင်ရန်အလို့ငှါ ကလေးသူငယ်များနှင့်သင့်လျှော်သော ဗုဒ္ဓဘာသာသမိုင်း၊ ဗုဒ္ဓဝင်စာအုပ်များ ရေးသားထုပ်ဝေရန်။

(င) ရဟန်းတော်များကို အမျိုးသားရေး၊ ဘာသာရေးတို့နှင့် ပတ်သက်သော ဥပဒေများ သိရှိစေနိုင်ဖို့အတွက် ဥပဒေပညာရှင်များ၏အကူအညီကိုရယူ၍ ဥပဒေသင်တန်းများ ပို့ချပေးရန်။

၅။ သတင်းနှင့်ပြန်ကြားရေးကဏ္ဍ
——————————

(က) ဗုဒ္ဓသာသနာနှင့် ပတ်သက်၍ တိကျမှန်ကန်သောသတင်းများထုပ်ပြန်နိုင်ရေးအတွက် သင့်လျော်သောအမည်တစ်ခုပေးကာ Website တစ်ခုထားရှိရန်။

(ခ) တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ တာဝန်ခံများထားရှိပြီး လစဉ်လက်ကမ်းစာဆောင်နှင့် သတင်းဂျာနယ်များထုပ်ဝေရန်။

(ဂ) အဖွဲ့ဝင်များ၏ ID Card များပြုလုပ်ပြီး မြန်မာနိုင်ငံအတွင်းရှိ စာသင်တိုက်များ၊ ကမ္မဋ္ဌာန်းရိပ်သာများနှင့် ရဟန်းသံဃာတော်များ၏ အရေအတွက်ကို အသေးစိပ် မှတ်တမ်းပြုစုရန်။

၆။ အဖွဲ့စည်းအဆင့်ဆင့် စေ့စပ်ညှ်နှိုင်းရေးကဏ္ဍ
———————————————-

(က) ဗုဒ္ဓသာသနာတော်ကြီးကို ကာကွယ်စောင့်ရှောက်ရန်အတွက်`ဂဏဝါစကအဖွဲ့၊ ဓမ္မကထိကအဖွဲ့´စသည်ကဲ့သို့အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အသင်းအဖွဲ့များ ဖွဲ့စည်းရန်။

(ခ) ထိုသို့ ဖွဲ့စည်းသည့်အခါ နိုင်ငံတော်သံဃာ့မဟာနာယကမှ ထုတ်ပြန်ထားသော စည်းမျဉ်း ဥပဒေများနှင့်အညီသက်ဆိုင်ရာ သံဃာ့နာယကဆရာတော်များကို တင်ပြလျှောက်ထား၍ ဖွဲ့စည်းဆောင်ရွက်ရန်။

(ဂ) အဖွဲ့ဝင်အားလုံး၏သဘောသည် မတူကွဲပြားသောဆန္ဒရှိပါသော်လည်း အပြန်အလှန် နားလည်မှုပေးကာ ခန္တီတရားကို လက်ကိုင်ပြု၍ ကြိုးစားအားထုပ်ရန်။

၇။ ငြိမ်းချမ်းရေးကို ဦးတည်သော အသိပေး စည်းရုံးရေးကဏ္ဍ
——————————————————-

(က) ဗုဒ္ဓဘာသာသည် လူ့စွမ်းအား ပဓာနဖြစ်သောကြောင့်လူသားထုတရပ်လုံးအား ဗုဒ္ဒ၏ အဆုံးအမတို့ကို စွမ်းနိုင်သမျှ ဟောပြောအသိပေးရန်။

(ခ) ဗုဒ္ဓသာသနာ ကွယ်ခဲ့သော နိုင်ငံများအကြောင်းကိုဖေါ်ပြထားသည့် သမိုင်းစာအုပ်များ ထုပ်ဝေဖြန့်ဖြူးရန်။

(ဂ) ပြည်တွင်းပြည်ပ ဘာသာရေး သတင်းများကို သိရှိနားလည်နိုင်ဖို့အတွက်သော်လည်းကောင်း၊ နိုင်ငံတကာမီဒီယာများ၌ဗုဒ္ဓဘာသာနှင့် ပတ်သက်သော သတင်းများကို အချိန်နှင့် တပြေးညီ တင်ပေးနိုင်ရန်အတွက်သော်လည်းကောင်းဘာသာစကားမျိုးစုံသင်ယူရန်။

(ဃ) အရပ်ဒေသအသီးသီး၌ အမျိုး ဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေး အသင်းများဖွဲ့စည်းပြီး ဗုဒ္ဓသာသနာ ၏ အန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်။

(င) ပညာတတ် ရဟန်းတော်များသည် ကျေးရွာများသို့ကြွရောက်သီတင်းသုံးပြီး ဗြဟ္မစိုရ်တရားကို အခြေခံသည့်၉၆၉ စိတ်ထားဖြင့် ငြိမ်းချမ်းရေးကို အကောင်အထည်ဖေါ်ရန်။

ဘဒ္ဒန္တဒေါက်တာဓမ္မပီယ

တာဝန်ခံဆရာတော်ဖြစ်မြောက်ရေးအဖွဲ့
ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူအကြို ညှိနှိုင်းဆွေးနွေးပွဲကြီး

၁၃၇၅ ခု နယုန်လဆန်း ၆-ရက်(၁၄-၆-၂၀၁၃)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts