>Maung Thara – Asia Cultural Show in Las Vegas

>

လပ်စ်ဗေးဂတ်စ်က အာရှရိုးရာ ယဉ်ကျေးမှု ပဒေသာကပွဲ မြင်ကွင်း


မောင်သာရ
ဇွန် ၃၊ ၂၀၁၀
အမေရိကန် ယဉ်ကျေးမှုဆိုတာကိုက Diversity of Culture ယဉ်ကျေးမှုအမျိုးမျိုးကို ပေါင်းရုံးဖွဲ့စည်းထားတာဖြစ်တဲ့ အတွက် အာရှယဉ်ကျေးမှု၊ အာဖရိကယဉ်ကျေးမှု အစရှိသည်ကလည်း အမေရိကန် ယဉ်ကျေးမှု ဖြစ်နေ ဖြစ်ဆဲ ဖြစ်လာလတ္တံတွေပါပဲ … တဲ့။ အခု ကြွရောက်လာကြတဲ့ ပရိဿတ်ကိုကြည်ရင်လည်း အမေရိကန်တွေနဲ့အတူ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ဖိလိပိန်၊ လာအို၊ ဗီယက်နမ်၊ တရုတ်စတဲ့ အာရှသားနိုင်ငံသားတွေ တစုတဝေးထဲ ရှိနေကြတာ တွေ့ရပါလိမ့်မယ် … တဲ့။ ဒါက ဘာကိုဖော်ပြသလဲဆိုရင် ဒီမိုကရေစီ လူသားဝါဒရဲ့ အလံတော်အောက်မှာ စုစည်းညီညွတ်တဲ့အင်အားကို ပြသတာပါပဲ … တဲ့။
သည်ညီညွတ်မှုအင်အားကြောင့်လဲ သည်ကနေ့ သည်နေရာ (၂၀၁၀ မေ ၃၁ ရက်) Las Vegas မြို့ရဲ့ ကျက်သရေဆောင် International American Club ခန်းမကြီးထဲမှာ အာရှနိုင်ငံသားများရဲ့ ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲကြီးကို အောင်အောင်မြင်မြင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပနေနိုင်ကြတာ ဖြစ်ပါကြောင်း … စသည်ဖြင့် NV ပြည်နယ်ရဲ့ ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ် Shelly Berkley က အဖွင့်မိန့်ခွန်း ပြောကြားသွားပါတယ်။
သည်ကပွဲကြီးကို Asian Pacific Heritage Month အထိမ်းအမှတ် ဂုဏ်ပြုတဲ့အနေနဲ့ Asian American Democratic Concus အဖွဲ့က ကြီးမှူးကျင်းပတာဖြစ်ပါတယ်။ လူဆယ်ယောက်ထိုင် စားပွဲခုံကြီး အလုံး ငါးဆယ်အပြည့် ပရိဿတ် ငါးရာအပြင် … ပါဝင်ကပြမယ့် အဖွဲ့ဝင်တွေ စီစဉ်ကျွေးမွေးဧည့်ခံမယ့် ပုဂ္ဂိုလ်တွေ ခန်းမလျှံမျှ တက်ရောက်ကြပါတယ်။
ကျုပ်ကတော့ မြန်မာနိုင်ငံကိုယ်စား ပါဝင်ကပြမယ့်အဖွဲ့ဝင်အဖြစ် ဖိတ်ကြားခံရတဲ့အတွက် ဝင်ကြေးနှစ်ဆယ်တန်လက်မှတ် မဝယ်ရပါဘူး။ မြန်မာက အဖွဲ့ဝင် စုစုပေါင်း ဆယ်ယောက်ပဲရှိပါတယ်။ နည်းပါတယ်။
ပထမဆုံး School of Shaolin ကျောင်းက ကျောင်းသားတွေရဲ့ ခြင်္သေ့အကနဲ့ စပါတယ်။ တရုတ်နဂါးအက ခပ်ဆင်ဆင်ပါပဲ။ နောက် Afghanistan ဂီတအဖွဲ့က ပရိသတ် ညနေစာ သုံးဆောင်နေကြတုန်း အတီးအမှုတ် ဂီတနဲ့ ဖျော်ဖြေပါတယ်။ အဲသည့်နောက်မှာတော့ Indian Dance Academy က ကျောင်းသူလေးယောက်ရဲ့ အိန္ဒိယအက။ ပြီး Filipiniana Dance Company က တင်ဆက်တဲ့ ဖိလစ်ပိုင်အမျိုးသမီး သုံးယောက်ရဲ့ ငြိမ့်ငြောင်းတဲ့ အက။ သည် အစီအစဉ်တွေအပြီးမှာ ပါဝင်ကပြကြတဲ့အဖွဲ့တွေကို ငွေသားဆုနဲ့ ဆုတံဆိပ်တွေ ချီးမြှင့်တဲ့ အခမ်းအနား ကြားဖြတ်ဝင်ပါတယ်။ ပြီး Thai Cultural and Art Foundation က တင်ဆက်တဲ့ အမျိုးသမီး ထိုင်းရိုးရာအက။
သည့်နောက်ကတော့ ကျုပ်တို့မြန်မာအလှည့်ဖြစ်ပါတယ်။ မြန်မာအကမှာ ပထမဆုံး တက္ကသိုလ်ကျောင်းသား မောင်ရာပြည့်က ပုဂံခေတ်ယဉ်ကျေးမှုရဲ့ ‘ပုဂံအက’ကို ဝတ်စုံပြည့်နဲ့ကပါတယ်။ မောင်ရာပြည့်က ဆယ်နှစ်သားလောက်က မြန်မာနိုင်ငံ ဆိုကရေးတီးပြိုင်ပွဲမှာ မင်းသားကနဲ့ ပထမ ရွှေတံဆိပ်ဆု ရခဲ့တဲ့ကလေးပါ။ သူပြီးတော့ သည်နှစ် အထက်တန်း ကျောင်းဆင်းဘွဲ့ရ နောက်နှစ် တက္ကသိုလ်ကျောင်းသူကြီးဖြစ်တော့မယ့် မအင်ကြင်းခိုင်က ‘တပင်တိုင်အက’ နဲ့ ဖျော်ဖြေပါတယ်။ သည်နှစ်ပွဲအပြီးမှာတော့ သူတို့နှစ်ယောက်ရဲ့ ‘မြိုင်ထ’ နှစ်ပါးသွား ဖြစ်ပါတယ်။ အမေရိကကို ငယ်ကတည်းက ရောက်နေခဲ့ကြတဲ့ သည်ကလေးတွေရဲ့ အက အဆင့်က ပြောရင်ယုံမလားမသိ။ ပီဘီ ပညာသည်တွေ အတိုင်းပါပဲ။ ကျုပ်တောင် အံ့သြမိပါတယ်။ အမေရိကမှာ သူတို့ ဆရာလည်းမရှိ၊ ပြည်တွင်းကထွက်တဲ့ အခွေတွေကို ကြည့်ပြီး ဝါသနာအရ လေ့ကျင့်ကြတာဖြစ်တယ်လို့ သိရပါတယ်။ ပြီး ထူးခြားတာက သဘင်မျိုးရိုးလည်း မရှိကြပါဘူး ပြောတယ်။ တခုပဲရှိတယ်။ မန္တလေးဆက်တွေတော့ ဖြစ်ကြတယ်။ အဲ သူတို့ကပြခါနီးနဲ့ ကပြနေတုန်းမှာတော့ ဦးသန်းထွန်းဦး (Sonny sushi ) က အင်္ဂလိပ်ဘာသာနဲ့ အဓိပ္ပာယ်တွေ သမိုင်းတွေ ရှင်းပြပါတယ်။
ပြီးတော့ Shaolin ကျောင်း ကျောင်းသားတွေရဲ့ ဓားသိုင်းအက၊ လှံသိုင်းအကနဲ့ လက်နက်မဲ့ သိုင်းကွက်အကတွေ လာပါတယ်။ သည်နောက်မှာတော့ Hawaiian အက။ သည်နောက်တော့ အိန္ဒိယ အမျိုးသမီး၊ အမျိုးသား ယိမ်းအကနဲ့ … ပွဲကို ည ဆယ့်တနာရီမှာ သိမ်းလိုက်ပါတယ်။ ဓာတ်ပုံတွေ၊ မှတ်တမ်းတင် ဗီဒီယိုတွေ ရိုက်ကြနဲ့ ပွဲအပြီးမှာ ပျော်ပြီး ကထွက်လာကြသလိုပါပဲ။
(ထူးခြားချက်ကတော့ ကျုပ်တို့မြန်မာအက ဝတ်စုံတွေက ရွှန်းလက်တောက်ပနေတာရယ်၊ မမြင်ဖူးကြတာတွေရယ်၊ ကလေးတွေက ဆယ်ကျော်သက် အရွယ်တွေရယ်သာ ဖြစ်တဲ့အတွက် … လာတွဲပြီး ဓာတ်ပုံ ဗီဒီယို ရိုက်ကြတာ မနားရအောင်ပါပဲ။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts