>Quotes for May

>

မိုးမခ၏ မေလ စာကိုး စကားကိုး
မေ ၂၉ ၊ ၂၀၁၀


တောတွေက မရှိဘူး။ တောင်ကတုံးတွေ ဖြစ်တယ်။ ခုတ်တာနဲ့ စိုက်တာနဲ့ မမျှဘူး။ သစ်တပင် ခုတ်ရင် ၁ဝ ပင် ပြန်စိုက်ရမှာ။ အခုက ၁ဝ ပင်ခုတ်မှ ၁ ပင်စိုက်တော့ တောတွေက တဖြည်းဖြည်း ပြုန်းတာပေါ့။ ပြုန်းတော့ ဒါတွေ အခုတော့ သဘောပေါက်လို့ ပြန်လုပ်နေတယ်။ လုပ်နေပေမယ့် impact က ချက်ချင်း မလာဘူး။

အဲဒါကြောင့်မို့ ကျုပ်က စာအုပ်ရေးနေတာ။ အဲဒီ စာအုပ်မှာ လူတိုင်း အပင်စိုက်ရမယ်။ အနည်းဆုံး လူတယောက်ကို ၁ဝ ပင်လောက် စိုက်ရမယ်။

အခုက တောတွေ ခုတ်တော့ တောတွေ အောက်က မြေကြီး ကလည်း ဂိန်းဟောက်ဂက်စ်တွေ ဆုတ်သွားတယ်။ အဲ့တော့ တောတွေကို ရှိတဲ့ တောကို ထိန်းလည်း ထိန်းရမယ် စိုက်လည်း စိုက်ရမယ်။ အဲ့ဒါ မလုပ်ရင် သဘာဝ ပတ်ဝန်းကျင်က ဒါ မြန်မာ ပြည်တွင် မဟုတ်ဘူး။ နိုင်ငံတိုင်းမှာ ဆိုးသထက် ပိုဆိုး သွားမယ်။
ဦးအုန်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား
မေ ၁၄၊ DVB

ကျွန်တော် ရန်ကုန်ရောက်စက လမ်းလျှောက်သွားရင် အရိပ်ရှိတဲ့နေရာရှာပြီး လျှောက်ဖို့အဆင်ပြေတယ်။ အခုအရိပ်ရှာရတာ နည်းနည်းခက်လာတယ်။ တချို့လမ်းမကြီး တွေဆို သစ်ပင်လုံးဝမရှိဘူး။ ရေပြဿနာကလည်း တော်တော် ဆိုးတယ်။ မပျော်ချင်လို့ ပြောတာ မဟုတ်ပါဘူး။ တစ်နှစ် တစ်နှစ် သင်္ကြန်မှာ ပက်တဲ့ရေတွေကို စုထားရင် ကောင်းမလား မသိဘူး။

ရဲတိုက်၊ သရုပ်ဆောင်
7Day ဂျာနယ်

ရေပုံမှန် မလှူပေးရင် ဒီပြဿနာက မလွယ်ဘူး။ အာဏာပိုင်အဖွဲ့ အစည်းတွေကတော့ အထက်အမိန့်မရသေးလို့ ကျုပ်တို့ မလှူသေး တာလို့ ပြောတယ်။
ဒေသခံ တဦး၊ မွန်ပြည်နယ်၊ ပေါင်မြို့
မေ ၁၇၊ မဇ္ဈိမ

ရာသီဥတုပူတယ်၊ ပူတော့ ကျနော်တို့တောင် နေရထိုင်ရတာ တော်တော်လေး ဒုက္ခရောက်တယ်။ အထူးသဖြင့် မီး မလာတော့ ပိုပြီးဆိုးတာပေါ့။ ပန်ကာတို့ အဲကွန်းတို့လည်း ဖွင့်မရ၊ တက္ကဆီမောင်း ကားဆရာတွေ ဆိုရင် ကားမောင်းရင်းနဲ့ ဆုံးသွားတာတွေ ရှိတယ်။ တချို့ ဆိုက်ကားဆရာတွေလည်း ဒီတိုင်းပဲ။ ဒီ အပူထဲမှာ သွားရင်းနဲ့ နေပူတော့ မျက်နှာသုတ်ပုဝါကို ရေဆွတ်ပြီးတော့ လည်ပင်းမှာ အုပ်ပြီး မောင်းတယ်၊ အဲဒါနဲ့တင် ဦးနှောက်ကြော ပြတ်တာတို့ ဘာတို့ ချက်ခြင်း ဆုံးကုန်တာတွေရှိတယ်။ နောက် လူကြီးပိုင်းတွေ ဆုံးတာတွေ များတယ်။ များတာတော့ အားလုံး မျှနေတာပါပဲ။ လူကြီးပိုင်းလည်း ဆုံးတယ်၊ လူငယ်ပိုင်းလည်း ဆုံးတာ များတယ်။

ဦးကျော်သူ၊ နာရေးကူညီမှုအသင်း
14 မေ VOA

ငှက်လွှတ်သူ မရှိရင် ငှက်ဖမ်းရောင်းတဲ့သူတွေ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ငှက်တွေကို စာနာ သနားရင် ငှက်လွှတ်မှုကို မပြုသင့်ပါဘူး။
ဦးစိုးညွန့်၊ မြန်မာ့ ငှက် နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း
မေ ၂၊ 24/7 ဂျာနယ်

ပရိသတ် အတော်များများက လှမှ ကြိုက်ကြတာလေ။ အဲဒီအတွက်လည်း ကိုယ့်ကိုယ်ကိုယ် အသားအရေ၊ ဆံပင်၊ မိတ်ကပ်ကအစ ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ ဇာတ်ရုပ်ပေါ်မှာလည်း မူတည်သေးတယ်။ ဈေးသည်တို့၊ အရပ်သူ အရပ်သား ပုံစံမျိုး ဆိုရင်တော့ အလှအပထက် သဘာဝကျဖို့က ပို အရေးကြီးသွားတာပေါ့။ ကားတိုင်း လှချင်နေလို့တော့ မရပါဘူး။ နယ်က ပရိသတ်တွေ ဆိုရင် ဒရာမာကို ပိုကြိုက်တယ်လေ။ ရန်ကုန်က လူတွေကျတော့ အလှအပကို ပိုကြိုက်တယ်။ အဲဒီတော့ နယ်ကားတွေကို သူတို့ သိပ်မကြိုက်ကြဘူး။

မေကဗျာ၊ သရုပ်ဆောင်
မေ ၄၊ ပေါ်ပြူလာဂျာနယ်

(ဂျပန်နိုင်ငံ မြိတ်အသင်း ရန်ပုံငွေရှာပွဲမှာ) ကျွန်တော့်ကို ဖိတ်တယ်။ အဲဒါက ပွဲစီစဉ်တဲ့ သူတွေက ကျွန်တော်တို့ အရွယ်တွေ ဖြစ်နေလို့ပါ။ ပြောရရင် ကျွန်တော်တို့ သီချင်းတွေနဲ့ ကြီးလာကြတယ်။ ဒီတော့ ပွဲလုပ်တဲ့အခါ သူတို့ ခံစားလို့ ရဖို့ ကျွန်တော့်ကို ဖိတ်တယ်။ ဒီသဘောပါပဲ။ ကျွန်တော်တို့ ရွယ်တူတွေ ဖြစ်ပြီး၊ နုပျိုသွားမယ့်ပွဲလည်း ဖြစ်မယ် ထင်ပါတယ်။ ကျွန်တော် စီးရီး ၁၄ ခွေလောက် ထွက်ခဲ့ပါတယ်။ ခုတော့ စီးရီးသစ် မထွက်ဖြစ်တော့ပါဘူး။ ဂီတ အလုပ် တစ်ခုတည်းပဲ ရပ်တည်နေပါတယ်။

ခိုင်ထူး၊ အဆိုတော်
မေ ၅၊ နံနက်ခင်းဂျာနယ်

အပြောင်ဆွဲတဲ့အခါ အဆွဲ ခံရတဲ့သူက စိတ်ဆိုးလားဆိုတော့ ယောက်ျားလေးတွေမှာတော့ မကြုံဖူးပေမယ့် မိန်းကလေးတွေမှာ တော့ ကြုံ ဖူးတယ်။ မြန်မာနိုင်ငံရဲ့အနေအထား က ကယ်ရီကေချာကို သိပ်ပြီးရင်းရင်း နှီးနှီး မရှိသေးဘူး။ ကယ်ရီကေချာဆိုတာ ရုပ်ကို ဖျက်ပြီး ဆွဲလိုက်တာ။ အပြင် မှာ မျက်လုံး သာမန်ပဲပြူးတယ်။ နှာခေါင်းရေးရေးလေးပဲ ကောက်တယ်ဆို ကယ်ရီကေချာဆွဲတဲ့အခါ အထူးလုပ် ပစ်လိုက်ရတယ်။ လွန်လွန်ကဲကဲ ဖော်ပြလိုက်ရတယ်။ ပုံကြည့်လိုက်ရင်တော့ သူ့ပုံမှန်းတော့သိပေမယ့် အဲဒါကြီးက အင်မ တန် ရုပ်ဆိုးတယ်လို့ သူတို့က ထင်တယ်။
မိုးထက်မိုး၊ ကာတွန်းဆရာ
၁၀-၅-၂၀၁၀ မြန်မာတိုင်းမ်

ဖျာပုံရှိုးပွဲက ပြန်လာတာ။ ကားပေါ်မှာ စတိတ်ပြင်ပြီး ဆိုတာလေ။ အဲဒီမှာ တစ်ခုစဉ်းစားမိတာက တခြားမြို့တွေမှာ လည်း လူတွေ ကို ပိုက်ဆံမယူဘဲ ဒီလိုမျိုးရှိုးတွေ ဆိုပြ လို့ရတာပဲလို့။ ဒါကျတော့ လူတွေက အရမ်း လွတ်လပ်တယ်။ ပရိသတ်လည်း စိတ်ချမ်းသာတယ်။ ကိုယ်လည်း စိတ် ချမ်းသာတယ်။ ကြော်ငြာလုပ်ချင်တဲ့လူ တွေကလည်း ဒီကားကြီးပေါ် သေချာဆင်ပြီးမြို့မှာပတ် ဖျော်ဖြေရင် ဘယ် လောက်ကောင်းလိုက်မလဲဆိုပြီး စီးပွား ရေးရော၊ ဖျော်ဖြေရေးပါ နှစ်ခုစလုံး ပေါင်းပြီး စဉ်းစားမိတယ်။

အနဂ္ဂ (photo: aye zaw myo, myanmar times) အနဂ္ဂ၊ အဆိုတော်
၁၀-၅-၂၀၁၀ မြန်မာတိုင်းမ်

အာဏာသိမ်း နအဖ စစ်အုပ်စုရဲ့ အမိန့်ဥပဒေအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မေလ (၆) ရက်နေ့မှာ နိုင်ငံရေးပါတီ အဖြစ်ကနေ နိဂုံး ချုပ်သွားပြီလို့ ဖက်ဆစ် အလံရှူးတွေက သခင်အားရ ကျွန်ပါးဝ မြူးတူး အော်မြည်နေတာကို ရုပ်ပျက် ဆင်းပျက် တွေ့နေရပါတယ်။ တကယ်တော့ ၂၀၁၀ မေ (၆) ရက်ဟာ အဖွဲ့ချုပ်ရဲ့ နိဂုံး မဟုတ်ဘဲ ဒိုင်ယာလော့ရဲ့ နိဂုံးသာ ဖြစ်ပါတယ်။ ဒီထက်ပို တိတိကျကျ ပြောရရင်တော့ နိဂုံးချုပ် အသက် ထွက်သွားတာ ကြာပြီဖြစ်တဲ့ ဒိုင်ယာလော့ အလောင်းကောင်ထည့် ခေါင်းတလားအဖုံးကို ပိတ်တဲ့ နောက်ဆုံးသံချက်ပဲ ဖြစ်ပါတယ်။
ဂါမဏိ၊ စာရေးဆရာ
၁၄ မေလ၊ ခေတ်ပြိုင်

သတင်းတွေကိုတော့ သတင်းစာက ဖော်ပြနေတာပဲ။ တကယ်တမ်း ရေပေးနေလား သူတို့က၊ သတင်းစာမှာ ပါဖို့ကိုပဲ ဖော်ရှိုး လုပ်နေတာ၊ နာဂစ်တုန်းကလိုပဲဗျ။ ပြည်သူကသာ ပြည်သူကို ကယ်နေရတာ။ အချင်းချင်းပဲ ပြေလည်အောင် လုပ်နေရတာ။
ရန်ကုန်မြို့ခံတဦး
မေ ၁၇၊ ခေတ်ပြိုင်

အဓမ္မထိမ်းမြားဖို့ အတွက် လူကုန်ကူးမှုဖြစ်စဉ်တွေက ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ဖိလစ်ပိုင်၊ ကမ္ဘောဒီယား၊ လာအိုတို့လို နိုင်ငံတွေမှာလည်း ဖြစ်ပွားနေတာကို တွေ့ရတယ်။ သတို့သမီးဈေးကွက် လို့ ပြောရင်လည်း ရမယ်ထင်တယ်။ ဘယ်အထိ လူကုန်ကူးခံရသူတွေ ရောက်ရှိသွားသလဲ ဆိုရင် တရုတ်၊ ကိုရီးယား၊ ဂျပန်အထိ ရောက်သွားတာ တွေ့ရတယ်။

တရုတ်နိုင်ငံအနေနဲ့ကျတော့ ဒါသူတို့ရဲ့ ယဉ်ကျေးမှု အရကို ပွဲစားနဲ့ ဖူးစာရှင် ရှာတာဟာ တရားဝင်လို ဖြစ်နေတယ်။ ဒီအပေါ် မှာ လူကုန်ကူးမှု ဖြစ်စဉ်တွေက တည်မီနေတာ လေ့လာတွေ့ရှိရပါတယ်။ ဒီနေရာမှာ အမှန် တကယ်ပဲ ဖူးစာရှင်နဲ့ တွေ့ရှိသွားတာလည်း ရှိပါတယ်။ လက်ဆင့်ကမ်း ရောင်းစားခံရတာမျိုး၊ အိမ်အကူ အပျော်ထားတဲ့ အဆင့်မျိုးတွေ ဖြစ်သွားတာတွေလည်း တွေ့ရပါတယ်။

ဒီကနေ့ အခြေနေမှာတော့ စောစောကပြောခဲ့တဲ့ နိုင်ငံတွေမှာ ဖူးစာရှင် ရှာတဲ့ ကုမ္ပဏီတွေကို တော်တော်လေး စိစစ်မှုတွေ လုပ်နေသလို ချောင်းကို ပစ်လို့ မြစ်ကို ရှာချင်နေကြ သူအတွက်လည်း သူတို့ရဲ့ ဖူးစာရှင် နိုင်ငံတွေရဲ့ ဘာသာ စကား၊ ဓလေ့ စရိုက်တွေနဲ့ သူတို့ရဲ့ အိမ်သူသက်ထား တစ်ယောက်လို ဆောင်ရွက်နိုင်အောင် သင်ကြားပေးတဲ့ အစီ အမံတွေ နဲ့ဆောင်ရွက်နေတာလည်း ရှိပါတယ်။

ကျွန်တော်တို့ရဲ့ အိမ်နီးချင်း နိုင်ငံကြီးမှာ သတို့သမီး လိုအပ်ချက်က ကြီးများလွန်းနေတဲ့ အတွက် ဒီအပေါ်မှာ တည်မီလာမယ့် ကိစ္စတွေ ကို ချိန်ချိန် ဆဆနဲ့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်’
စာရေးဆရာ ၀င်းနိုင်ထွန်း

အလဲဗင်းဂျာနယ် ၀က်ဆိုက် first-11.com

ပြီးခဲ့တဲ့ သင်္ကြန်တုန်းက စင်ကာပူ၊ မလေးရှား၊ ထိုင်းကို နှစ်ပတ်လောက် ခရီးထွက်ပါတယ်။ ဒီတစ်ခေါက် နေရာစုံတော်တော်များများ ရောက်ခဲ့တယ်။ အရင်ကလည်း ရောက်ဖူးနေကျဖြစ်ပေမဲ့ ဒီတစ်ခေါက် ပိုအံ့သြစရာ ဖြစ်လာတာက ရောက်တဲ့ နေရာတိုင်းမှာ မြန်မာလူငယ်လူရွယ်လေးတွေ အများကြီးတွေ့ရတာပါပဲ။ အထူးသဖြင့် စားသောက်ဆိုင်လို နေရာမျိုးမှာပါ။ မြို့ကြီးပြကြီးနေရာမှာ သာမက မြို့ငယ်လေးတွေမှာလည်း မြန်မာတွေကို တွေ့ရတော့ မြန်မာတွေ ပိုပို များလာတာပါပဲ။ – – – – တို့တိုင်းပြည်မှာတောင် လူကျန်သေးရဲ့လား ထင်မှတ်မှားတဲ့ အထိပါပဲ။ ပြေလည်ပြီး အဆင့်မြင့်မားတဲ့ နေထိုင်မှု အဆင့်အတန်းမှီတဲ့ လူအချို့ တွေ့ရပေမဲ့ အများစုကတော့ ရုန်းကန်နေကြတာ တွေ့ရပါတယ်။ 3Ds ဆိုတဲ့ သူများ မလုပ်ချင်တဲ့ အလုပ်တွေကို အရင်က ဂျပန်လို နိုင်ငံမျိုးမှာပဲ လုပ်ရတာဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာ အရှေ့တောင်အာရှနဲ့ အရှေ့ အလယ်ပိုင်းမှာ မြန်မာတွေများများ လုပ်လာနေတာပါပဲ။ အရင်တုန်းက ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဖိလစ်ပိုင်တို့ နေရာမှာ မြန်မာတွေ အစားထိုးလာနေတဲ့ပုံပါပဲ။

အရင်တုန်းက လူငယ်တွေ နိုင်ငံခြားထွက်ရင် ကျွန်တော် အားမပေးပါဘူး။ (ပညာရေးနဲ့က လွဲရင်ပေါ့) အခုတော့ ကျွန်တော် တဖြည်းဖြည်းနဲ့ နားလည်လာတယ်။ တချို့က မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစု တစ်စုလုံးရဲ့ စားဝတ်နေရေး အတွက် တစ်ကိုယ် တော် အနစ်နာခံအလုပ်လုပ်ရတာ ရှိသလို၊ တချို့က အနာဂတ်တွေ ရှင်သန်ဖို့ ပညာရှာရင်းနဲ့ အလုပ် လုပ်နေကြတာ တွေ့ရပါတယ်။

ကျွန်တော့်နိုင်ငံ၊ ကျွန်တော့် လူမျိုး၊ ကျွန်တော့် လူ့အဖွဲ့အစည်းအတွက် မျှော်လင့်ချက်တွေကို လက်တွေ့ မြင်ချင်သေးတယ်။ မြန်မာ တစ်နိုင်ငံလုံးမှာ ဝေစည်မယ့် မိသားစုစုံညီ ထမင်းဝိုင်းတွေကို မြင်ယောင်ချင်သေးတယ်။

သန်းထွဋ်အောင်(photo: snap-shot.com)
သန်းထွဋ်အောင်၊ ဂျာနယ် ထုတ်ဝေသူ
first-11.com

အာဏာရှင်မှန်သမျှ၊ အထူးသဖြင့် စစ်အာဏာရှင် စနစ်ကို ပြတ်ပြတ် သားသား ဆန့်ကျင်တဲ့ သင်္ကေတ အဖြစ်နဲ့က ခွပ်ဒေါင်းဖြစ်တယ်။ အဲဒီတော့ စစ်အာဏာရှင် စနစ်ကို ပြတ်ပြတ် သားသား ဆန့်ကျင်ရမယ့် အစား စစ်အာဏာရှင် စနစ်ကို အောက်ဝင် ခေါင်းလျှိုပြီးတော့ ဒူးထောက် အညံ့ခံဝင်သွားမယ် ဆိုတဲ့ ပုံစံမျိုးမှာ ဒီအလံကို ယူသုံးမယ် ဆိုရင် အမဲရိုးက ဟင်းအိုးကို အားနာပါဦးလို့ ပြောချင်တယ်။

NLD က ခွပ်ဒေါင်းကို ယူသုံးခဲ့တယ်။ အဲဒါ ပုံတူ ကူးချပြီး သုံးခဲ့တာ မဟုတ်ဘူး။ ဒေါင်းရုပ် တခုတည်းကို ယူသုံးခဲ့တာဖြစ်တယ်။ စက်ဝိုင်းကို ခြေကန်ထုတ်နေတာ မယူဘူး။ ကြယ် နဲ့ ခွပ်ဒေါင်း ဘာကြောင့် ဒီလို သုံးတယ် ဆိုတာကလည်း ခေတ်အဆက်ဆက်မှာ တိုက်ပွဲဝင်ခဲ့တဲ့ ထွန်းပြောင်းခဲ့တဲ့၊ ဂုဏ်ရောင်ပြောင်ခဲ့တဲ့ ကျောင်းသားထုရဲ့  တိုက်ပွဲတွေကို ဂုဏ်ပြုသောအားဖြင့် ယူသုံးခဲ့တယ် ဆိုတာကို အလံရဲ့  အဓိပ္ပာယ်မှာ ရှင်းပြထားခဲ့တယ်။

သူတို့က ဗကသရဲ့  အလံတခုလုံးကို အစအဆုံး ယူထားတာဖြစ်တယ်။ ဒီတော့ ဗကသ အလံလိုလို၊ ဟိုလိုလို ဒီလိုလို ပုံမှား ရိုက်ချင်သလို ဖြစ်နေတယ်။


၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ၏အလံ။
ဦးအောင်စောဦး၊ မှိုင်းရာပြည့် ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်
မေ ၉၊ VOA

အချို့ ဓာတ်ဆားထုတ်တွေက ဆီးချို သွေးချိုသမားတွေ အနေနဲ့ သိပ် မသောက်သင့်ဘူး။ အဲဒါကြောင့် ဓာတ်ဆားကို လိုအပ်မှသာ သောက်ပါ။ နေ့တိုင်း မသောက်သင့်ပါဘူး။ တကယ် ၀မ်းသွားနေရင်လည်း သီးစုံ အားဖြည့် ဖြစ်တဲ့ Royal-D ကို မသောက်သင့်ပါဘူး။ သူက ၀မ်းသွားတာ ရပ်မှ သောက်ရတာပါ။
ဒေါက်တာ ခင်မောင်လွင်ကျန်းမာရေးပညာဌာန ညွှန်ကြားရေးမှူး
ရန်ကုန်တိုင်းမ် ဂျာနယ်၊ မေ ၆

နိုင်ငံတော် အကြီးအကဲ၏ အမြော်အမြင် ကြီးမားစွာ ဘက်စုံ ထောင့်စုံမှ ဖြည့်ဆည်း ပံ့ပိုး လမ်းညွှန်ပေးခဲ့မှုကြောင့် လေမုန်တိုင်းဒဏ် ခံရသော်လည်း မိမိတို့ တိုင်းနယ်မြေ၏ စီးပွားရေးမှာ ဆက်လက် တိုးတက်လျက် ရှိကြောင်း။
ဗိုလ်ချုပ်ကျော်ဆွေ၊ ဧရာဝတီတိုင်း အေးချမ်းဖြိုး ကောင်စီ
မေ ၁၃၊ ကြေးမုံသတင်းစာ

ပိုက်ဆံရှာပေးရင် ရပြီ ထင်ပေမယ့် သူတို့ လိုနေတာ ပိုက်ဆံ မဟုတ်ဘူး။ လင်ယောက်ျားရဲ့၊ ဖခင်ရဲ့ နွေးထွေးတဲ့ မေတ္တာတရား ဖြစ်နေတယ်။ အဲဒါကို ရနိုးနဲ့ စောင့်ခဲ့ကြတာ။ အလုပ် ဘယ်လောက်ပဲ သွားသွား၊ အိမ်ပြန်လာတဲ့အခါ သူတို့ ဝေဒနာ ခံစားမှု အဲဒါတွေ အားလုံး နားထောင်ပေးရမယ်။ အကြံပေးရမယ်။ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ နားငြီးတယ်။ နားပူတယ်ပဲ ထင်တာ။ ‘မင်းလုပ်ရမယ့် အသေးအဖွဲတွေ ငါ့ လာမပြောနဲ့’ လို့ ဟောက်လိုက်သေးတယ်။

ချုပ် ပြောရရင် ရှေ့တန်းပဲ ထွက်တိုက်နေရတဲ့အခါ နောက်တန်းက မိန်းမကို လှည့်မကြည့်နိုင်တဲ့သဘော ဖြစ်သွားတယ်။ ဒါကြောင့် ကားမရိုက်ဖြစ်တဲ့အခါ ကားအရောင်းအ၀ယ်လေး လုပ်ရင်း (အဲဒါလည်း ရှုံးတာပဲ) မိသားစုအတွက် အချိန် ပေးလိုကပါတယ်။ မိန်းမရော သားတွေပါ ၀မ်းသာသွားကြတယ်။ သူတို့ စားချင်တာ လိုက်ကျွေး။ သွားချင်တာ လိုက်ပို့ရင်းက နွေးထွေးတဲ့ မိသားစု ဘ၀လေးကို ပြန်ရခဲ့တယ်။

အဲဒါ ကားမရိုက်ဖြစ်တဲ့ ရက်လတွေက ကျွန်တော့် ဖြတ်သန်းမှုတွေပါပဲ။

ယောက်ျားတစ်ယောက်ဟာ ပိုက်ဆံ ရှာနိုင်ရုံနဲ့ တာဝန် မကျေပါဘူး။ ကိုယ့်ဇနီးမယားကို ချစ်သူ ဘ၀ကလို ချစ်ကြင်နာပြရမယ်။ အလိုလိုက်ရမယ်။ ဂရုစိုက်ပြရမယ်။ တစ်ခုခုဆို Yes ပဲ သုံးပါ။ No မသုံးပါနဲ့။ သူ သွားချင်တဲ့ နေရာ လိုက်မပို့နိုင်လည်း လိုက်ပို့မယ်ပဲ ပြောတဲ့အခါ ခဏဖြစ်ဖြစ် စိတ်ချမ်းသာသွားပါလိမ့်မယ်။

ကျွန်တော့ အနုပညာရှင် ဘ၀ တည်တံ့အောင်မြင်ဖို့ မိသားစု ဘ၀ကို ရင်းခဲ့ရသလိုပါပဲ။ လည်စင်းပေးခဲ့ရတယ်ပေါ့။ အပြိုင်မင်းသားတွေထက် သာအောင် ကြိုးစားတာလည်း ပါတယ်။ နောက်တစ်ခုက အသက်အရွယ်အရ ဖိုက်တင်ကို လျှော့ပြီး အိုက်တင်ကားလေး ရိုက်မယ် ဆိုပြီး ဇာတ်လမ်းတွေ ပြောင်းပြီး ရှာရ၊ ရိုက်ရပါတယ်။ တစ်ကိုယ်လုံးလည်း ဒဏ်ရာ ဒဏ်ချက်တွေချည်းပါပဲ။ ဖိုက်တင်ရိုက်တော့ လူပင်ပန်းတယ်။ ဒရာမာ ရိုက်တော့ စိတ်ပင်ပန်းတယ်။ သက်သာတယ်တော့ မရှိပါဘူး။

နေထက်လင်း နှင့် မိသားစု (photo: zorrow)

နေထက်လင်း၊ သရုပ်ဆောင်
မေ ၅၊ နံနက်ခင်းဂျာနယ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts