>Burmese in Aurora – Colorado to host Burmeese Buddhist Pwe

>

ကော်လိုရာဒို – အော်ရိုရာမြို့ စုပေါင်း ရဟန်းခံရှင်ပြု သီလရှင်ဝတ်ပွဲ ကျင်းပမည်

မိုးမခအထောက်တော် (ဒင်းဗား)

မေ ၂၈၊ ၂၀၁၀

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာရှိတဲ့ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းတွင် ဒုတိယအကြိမ်မြောက် စုပေါင်း ရဟန်းခံရှင်ပြု သီလရှင်ဝတ်ပွဲကို လာမယ့် ဇွန်လ ၂၆ ရက်၊ စနေနေ့မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
“ကျနော်တို့ အခုလောလောဆယ် စာရင်းပေးသွင်းထားသူ ရဟန်းလောင်း ၆ ဦး၊ သီလရှင်လောင်း ၇ ဦးနဲ့ မောင်ရင်လောင်း ၄ ဦး၊ စုစုပေါင်း ၁၇ ဦး စာရင်း ရရှိထားပါတယ်။ နောက်ထပ် စာရင်းပေးသွင်းမယ့်သူတွေကိုလည်း လက်ခံပေးနေပါတယ်” လို့ ဓမ္မပါလကျောင်းရဲ့ ကပ္ပိယကာရက အဖွဲ့ဝင်တဦးက ပြောပါတယ်။
အခုအကြိမ်ဟာ ကော်လိုရာဒိုပြည်နယ်မှာကျင်းပတဲ့ ၃ ကြိမ်မြောက် စုပေါင်း ရဟန်းခံရှင်ပြုပွဲ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ရဟန်းခံရှင်ပြုပွဲကိုတော့ ဘရိုက်တန်မြို့ (Brighton)၊ လာအိုဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ဓမ္မပါလ မြန်မာဘုန်းတော်ကြီးကျောင်းမှာတော့ ဒီအကြိမ်ဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
ရဟန်းခံရှင်ပြုပွဲပြီးတဲ့ နောက်တနေ့မှာ ဖို့တ်ကောလင်းမြို့ (Ft Collins) အနီးမှာရှိတဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား တည်ထားကိုးကွယ်တဲ့ The Great Stupa ကို ဘုရားဖူးခရီးစဉ်သွားဖို့ စီစဉ်ထားကြောင်းလည်း ဓမ္မပါလ ဘုန်းတော်ကြီးကျောင်း ဆရာတော် အရှင်ဦးစန္ဒိမာက …
“ဦးဇင်းတို့ကျောင်းကနေ ၂ နာရီကျော်ကျော်လောက်ဝေးတဲ့ ဒလိုင်းလားမား တည်ထားတဲ့ The Great Stupa ကို ဘုရားဖူးခရီးစဉ်တခု စီစဉ်ထားပါတယ်။ အဲဒီ ဘုရားဖူးအစီအစဉ်မှာ လိုက်ပါဖူးမျှော်ကြည်ညိုလိုတဲ့ ဒကာ ဒကာမတွေ အနေနဲ့လည်း ဦးဇင်းတို့ စီစဉ်စရာတွေ စီစဉ်လို့ရအောင် လိုက်ပါမယ့်လူဦးရေ စာရင်းကို ပေးသွင်းထားကြဖို့ ပြောချင်ပါတယ်” လို့ မိန့်ကြားတော်မူပါတယ်။
အဲဒီဘုရားဖူးအစီအစဉ်ကတော့ ဇွန်လ ၂၇ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ကျောင်းကနေ စတင်ထွက်ခွာကာ ညနေပိုင်းမှာ ပြန်လာမယ့်ခရီးစဉ်လို့သိရပြီး ဘုရားဖူးများအနေနဲ့ ဆရာတော် သံဃာတော်များ၊ သီလရှင်များနဲ့ ကိုရင်များအား လှူဒါန်းပူဇော်နိုင်ရန်အတွက် ဆွမ်းခဲဖွယ်၊ လှူဖွယ်ပစ္စည်းများကိုလည်း ယူဆောင်လာနိုင်ကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် ဓမ္မပါလကျောင်းရဲ့ ကပ္ပိယကာရကတွေကလည်း ဇူလိုင်လ ၄ ရက်နေ့မှာ ဘုန်းတော်ကြီးကျောင်း ရံပုံငွေအတွက် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုကပွဲနဲ့ ဈေးရောင်းပွဲတော်တခုကို ကျင်းပပြုလုပ်ဖို့ စီစဉ်နေကြောင်းသိရပြီး အဲဒီ ဈေးရောင်းပွဲတော်၊ ရဟန်းခံရှင်ပြု သီလရှင်ဝတ်ပွဲနှင့် ဘုရားဖူးခရီးစဉ်များနဲ့ ပတ်သက်လို့ အသေးစိတ်သိရှိလိုပါက ဆရာတော် အရှင်ဦးစန္ဒိမာ (ဓမ္မပါလ ဘုန်းတော်ကြီးကျောင်း) ဖုန်းနံပါတ် ၃၀၃ -၃၄၃-၃၆၉၁ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိရပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts