>US Green Card finally turns green

>

အမေရိကန်ရဲ့ အစိမ်းရောင်ကတ် အမှန်တကယ် စိမ်းပြီ
မိုးမခအထောက်တော် အမှတ် ဝဝ၆
မေ ၂၇၊ ၂ဝ၁ဝ

အမည်နှင့်လိုက်ဖက်တော့မည့် အစိမ်းရောင်ကတ် နမူနာ ပုံစံ (ဓာတ်ပုံ- အမေရိကန် လဝက)


အမေရိကန်တွင် နေထိုင်ခွင့်ရသူများကိုင်ဆောင်သည့် အစိမ်းရောင်ကတ် (ဂရင်းကတ်) ကို ယခုလမှ စတင်ပြီး အစိမ်းရောင်ဖြင့် ရိုက်နှိပ်ထုတ်ဝေတော့မည်ဟု အမေရိကန် အစိုးရက ကြေညာလိုက်သည်။

ယခင်က ဂရင်းကတ်များ၏ မျက်နှာစာကို အစိမ်းရောင်မှတပါး အခြားသော အရောင်များနှင့် တွေ့ခဲ့ရသည်။

ကိုင်တွယ်ဖြေရှင်းနေရသည့် အတုအပ ပြုလုပ်မှုများကို တားဆီးနိုင်ရန် ဒီဇိုင်းအသစ်ဖြင့် ထုတ်ဝေခြင်း ဖြစ်သည်ဟု လူဝင်မှု ကြီးကြပ်ရေးဌာန အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

လုံခြုံရေးအတွက် နည်းပညာသစ်များဖြင့် ထုတ်လုပ်ထားသည့် အစိမ်းရောင်ကတ်များကို “အတုအပ ပြုလုပ်ရန် လွယ်ကူမည်မဟုတ်” ဟု အမေရိကန် အစိုးရက ထုတ်ပြန်သည့် ကြေညာချက်က ဆိုသည်။

ပုံစံသစ်ကြောင့် ကတ်တွင် ဖော်ပြထားချက်များကို အလွယ်တကူ ဖတ်ရှုနိုင်ပြီး ထိုကတ်များကို ကြည့်ရှုစစ်ဆေးရသည့် ဌာနဆိုင်ရာ ၀န်ထမ်းများအတွက် အဆင်ပြေစေမည် ဖြစ်သည်။

လက်ရှိ ဂရင်းကတ် ပိုင်ရှင်များသည် မိမိတို့၏ ကတ်များကို ကတ် သက်တမ်းကုန်သည်အထိ တရားဝင် ဆက်လက် သုံးစွဲနိုင်ကြောင်း သိရသည်။

ကတ်အသစ်ကိုင်ဆောင်လိုပါက လျှောက်လွှာ တင်နိုင်ပြီး ဒေါ်လာ ၃၇ဝ ပေးသွင်းရမည်ဟု သိရသည်။

အမေရိကန်တွင် ဂရင်းကတ် ရရှိထားသူ မြန်မာပြည်သား အများအပြား နေထိုင်လျက် ရှိသည်။

အမေရိကန်က ၂ဝဝ၉ ခုနှစ်တွင် လူပေါင်း ၁၁ သိန်း (1,130,818) ကို ဂရင်းကတ် ထုတ်ပေးခဲ့သည်ဟု ယခင်လက ထုတ်ပြန်သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ အစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။



အစိမ်းရောင်ကတ် မျက်နှာစာ နှင့် ကျောဘက် (ဓာတ်ပုံ- အမေရိကန် လဝက)

ယခင်က ထုတ်ပေးသည့် ကတ်များမှာ ကျောဘက်တွင် အစိမ်းရင့်ရောင် ပါဝင်နေသည်ကို တွေ့ရမည် (ဓာတ်ပုံ- google)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts