>fire destroys Mingalar Market (updated)

>

မင်္ဂလာဈေး မီးလောင် ဆုံရှုံးမှု ကြီးမား
မိုးမခ အထောက်တော်၊ ရန်ကုန်
မွန်းလွဲ ၁ နာရီ ၊ မေ ၂၄၊ ၂၀၁၀
(ဓာတ်ပုံများ – မိုးမခ)


ယနေ့နံနက် ၈နာရီသာသာတွင် ရန်ကုန်မြို့၏ ကုန်ခြောက် လက်ကားဒိုင်သဖွယ် ဖြစ်သည့် မင်္ဂလာဈေး မီးလောင်ကျွမ်းရာ ဆိုင်ခန်းပေါင်း ထောင်ချီ ရှိသည့် ဈေးဖြစ်၍ ဆုံးရှုံးမှု ကြီးမားမည်ဟု ရန်ကုန် မြို့ခံများက ခန့်မှန်းကြသည်။ နေ့ခင်း ၁ နာရီ ၀န်းကျင်ထိ မီးမငြှိမ်းသတ်နိုင်သေးပေ။

မင်္ဂလာဈေး၏ ဗညားဒလလမ်းဘက် မျက်နှာမူသည့် ၄လွှာ (၅ထပ်) လှေခါးအနီး ဆိုင်ခန်းမှ ၀ါယာရှော့ခ် ဖြစ်ပြီး လောင်ကျွမ်းခြင်း ဖြစ်သည်ဟု ၁ လွှာတွင် အထည် ရောင်းချသူများက ပြောဆိုသည်။ မီး စတင် လောင်သည့် အချိန်မှာ နံနက် ၈ နာရီသာသာ ဖြစ်ပြီး မီး စတင် လောင်ကျွမ်းသည်ကို ဈေးရောင်းသူများလည်း သိရှိကြပြီး ပစ္စည်းသိမ်းပြီး သယ်ထုတ်သူ အချို့ရှိသော်လည်း ဈေးလူကြီးများက စိတ်မပူရန် နှင့် ငြိမ်းသတ်နိုင်မည်ဟု ပြောဆိုသဖြင့် သယ်ထုတ်ယူခြင်း မပြုကြပေ။ သို့သော်လည်း ၉နာရီ ၀န်းကျင်တွင် မီးရှိန် ကြီးမားလာပြီးနောက် လုံခြုံရေး တပ်ဖွဲ့များ ရောက်ရှိလာကာ ဈေးပေါ်မှ လူအားလုံး ဖယ်ရှားပေးရန် ပြောဆိုပြီးနောက် မည်သူ့မျှ အ၀င် မခံတော့ကြောင်းလည်း ဈေးသည်များက ပြောသည်။

အထည် ရောင်းသူ တစ်ဦးက “ကျွန်တော့်ဆိုင် သယ်မလို့ ပစ္စည်း ထည့်ထားပြီးပြီ။ နောက်တော့ သူတို့က မစိုးရိမ်ပါနဲ့ ဆိုလို့ ကျွန်တော်လည်း ဆိုင်ထဲ ပြန် ထည့်လိုက်ပြီး နေလိုက်တာ၊ နောက် မီး အရှိန် မြင့်လာတော့ မမှီတော့ဘူး´´ဟု ဆိုသည်။

ဒုတိယထပ်တွင် အထည် ရောင်းသူ အခြားတဦးကလည်း “ကျွန်မတို့တော့ ပစ္စည်း တချို့ သယ်လိုက်နိုင်တယ်။ ဒါပေမယ့် အခုလို လောင်နေတာတွေ့တော့ စိတ်မချမ်းသာဘူး။ ကျန်တဲ့ သူတွေ အားလုံး အတွက် စိတ်မကောင်းဘူး။ ဒီဈေး ဆောက်ပြီးတာ ၁၂နှစ် ရှိပြီ၊ အခုလိုမီးလောင်တာ တခါမှ မကြုံဖူးဘူး၊ ´´ဟု ပြောသည်။

မီး လောင်ကျွမ်းချိန်တွင် ဈေးဖွင့်ပြီး ၁ နာရီ စွန်းစွန်း ရှိပြီဖြစ်သဖြင့် ဈေးဝယ်သူ မစုံသေးသော်လည်း ဆိုင်ပိုင်ရှင် နှင့် အလုပ်သမား အတော်များများ ရောက်ရှိ နေကြပြီဟု သိရသည်။ ဈေး၏ အနောက်ဘက် မျက်နှာစာတွင် မြို့တော် စည်ပင်သာယာဘဏ် အဆောက်အအုံ ရှိပြီး ပေ ၅၀မှ ၇၀ ခန့် ကွာခြားသော်လည်း မီး ကူးစက်မည်ကို စိုးရိမ်သဖြင့် အစောပိုင်းတွင် မီးသတ်ကား အများစုမှာ ထို အနောက်တောင်ဘက် အခြမ်းကို ဦးစားပေး ပက်ဖြန်းလျက် ရှိသည်ကို တွေ့ရသည်။

ယခု လောင်ကျွမ်းလျက်ရှိသည့် မင်္ဂလာဈေးသည် မြေညီထပ် အပါအ၀င် ၅ထပ် အဆောက်အအုံ ဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်က ဆောက်လုပ် ပြီးစီးခဲ့သည့် ဈေးဖြစ်သည်။ မင်္ဂလာဈေးကို ၁၉၈၈ နောက်ပိုင်း ယခု ယုဇနပလာဇာ နေရာတ၀ိုက်တွင် ထိုင်းနိုင်ငံထွက် ပစ္စည်းများကို တဲများ မိုးပြီး ဈေးတန်း သဖွယ် ရောင်းချခဲ့ရာမှ ၁၉၉၈ တွင် ယခု အဆောက်အအုံသို့ ပြောင်းရွှေ့စေခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် တမြို့လုံးမှ မီးသတ်ကားများ စည်ပင်ရေသယ်ကားများ နှင့် လုံထိန်းများ၊ စစ်ကားများ ရောက်ရှိလာပြီး မီးငြိမ်းသတ်ရေး အတွက် လုပ်ဆောင်နေသည်ကို တွေ့မြင်ရသည်။ ရန်ကုန်မြို့ခံ အချို့ အနေဖြင့် အဆောက်အအုံ ပတ်ဝန်းကျင်မှ လှေခါးပါ မီးသတ်ကားများဖြင့် ရေပက်ဖြန်းနေသည်ကို ကြည့်ပြီး ထိရောက်မှု မရှိဟု ဝေဘန် ပြောဆိုနေကြသည်ကိုလည်း ကြားသိရသည်။

မီးကြောင့် ပစ္စည်း ဆုံးရှုံးသွားသဖြင့် ၀မ်းနည်း ငိုကြွေးနေသူ အချို့ကိုလည်း မင်္ဂလာဈေး မျက်နှာချင်းဆိုင် လမ်းသွယ်များ အတွင်း မြင်တွေ့ခဲ့ရသည်။

မင်္ဂလာဈေးမှာ ရန်ကုန်မြို့ သာမက မြန်မာ တနိုင်ငံလုံး၏ အလှကုန်၊ ဆေးဝါးပစ္စည်း၊ အထည်၊ စာရေး ကိရိယာ၊ မီးဖိုချောင်သုံး စတီးထည်များ၊ ပန်းကန် ခွက်ယောက်နှင့် အခြားသော လူသုံးကုန် အတိုအထွာများကို ပင်မ ဖြန့်ဖြူးသည့် ဈေးကြီးလည်း ဖြစ်သည်။ ဆိုင်ခန်းပေါင်း ထောင်နှင့်ချီ ရှိပြီး အပေါ်ဆုံးထပ်တွင် စားသောက်ဆိုင် ကာရာအိုကေဆိုင်များ ရှိသည်။

ရန်ကုန်မြို့တွင် နံနက်ခင်းပိုင်း နေသာနေခဲ့ပြီး မီးလောင်ပြီး နေ့လည် ၁၂နာရီခွဲ ၀န်းကျင်တွင် မိုး စတင် ရွာသွန်းခဲ့သော်လည်း အဆောက်အအုံတွင်း လောင်ကျွမ်းနေသည့် မီးဖြစ်၍ မီးရှိန် လျော့ကျအောင် ဖေးမနိုင်ခြင်း မရှိဟုလည်း သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts