>
မေ ၂၃၊ ၂၀၁၀
သပြေပန်းကိုတဲ့ လက်လှမ်းကိုင်ကာ၊ မင်းညီနောင် ပန်လို့ သွားလျှင်၊ နားပြည့်အောင်သာ။”
ရှေးနတ်ချင်း၊ (ရေးသူ၊ အမည်မသိ)
‘သပြေညို ရွှေဘိုပန်း’ ဆိုတာ ကျနော့်ရင်ထဲက ရင်နှစ်ပန်း၊ ကျနော့်ကို အားမာန်တွေပေးတာကြောင့်လည်း ဦးထိပ်မှာ တင်ရတဲ့ ဦးထိပ်ပန်းပါ။
ကျနော် သိတတ်တဲ့အရွယ်ကတည်းက ကျနော့် အမေ အမြဲရွတ်နေကျမို့ ကြားဖူးနေပြီး၊ အလွတ်ရလာတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ ‘သပြေညို’ ကဗျာနဲ့ အဝေးရောက်မင်း ဦးအောင်ကြီးရဲ့ ‘ပြည်ရွှေဘို’ကဗျာ ၂ ပုဒ်ကလည်း ရင်ထဲမှာ စွဲငြိနေဆဲပါပဲ။
အဲဒီကဗျာနှစ်ပုဒ်က လေးချိုး အမျိုးအစားဖြစ်ကြပြီး ကဗျာတွေရဲ့အလိုက်နဲ့ ပုံစံချင်းကလည်း တော်တော် ဆင်တူတယ်။ ကဗျာတပိုဒ်ချင်းစီမှာ သုံးထားတဲ့ ကာရန် အများစုတွေ၊ အပိုဒ်ခွဲထားပုံတွေ၊ အချိုးပိုဒ် အဆုံးသတ် ကာရန်တွေကလည်း တိုက်တိုက်ဆိုင်ဆိုင် ဆင်တူနေပြန်တယ်။
သူ့ခေါင်းမှာတဲ့ သပြေညို၊
ငါ့ခေါင်းမှာတဲ့ သပြေညို။
တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။
ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုကအသွေး။
လင်းကြက်အဆော်
ကွင်းထက်မှာတူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။
မင်းသုဝဏ်
ဇန္နဝါရီ ၄ ၁၉၃၈
ဓာတ်ပုံ – မင်းသုဝဏ် ရာပြည့်အမှတ်တရ
Front entrance to St. Deiniol’s Library, Hawarden, Flintshire, Wales
Photo : Wikipedia
ဆရာကြီး မင်းသုဝဏ် ရဲ့ ‘သပြေညို’ ကဗျာကို လူသိများသလောက် အဝေးရောက်မင်း ဦးအောင်ကြီးနဲ့အတူ၊ သူ့ရဲ့ ‘ပြည်ရွှေဘို’ ကဗျာကိုတော့ သိတဲ့သူ၊ ကြားဖူးသူ တော်တော်ပဲ နည်းပါးပါလိမ့်မယ်။
“ ပြည်ရွှေဘို ”
မောင်လွမ်းပါတဲ့ ပြည်ရွှေဘို။
မယ်လွမ်းပါတဲ့ ပြည်ရွှေဘို။
တို့မြေကို တို့တတွေလွမ်းပါရဲ့
သပြေညို ရွှေဘိုနန်းကိုဖြင့်
မှန်းဆလျက်ကို။
လာမချော့လေနဲ့
ပြန်တော့မကွဲ့ ပြည်ရွှေဘို
နေညိုတဲ့ချိန်လေး။
သို့ပေမယ့်လေ
ငယ်ပေါင်းသဟာဆွေရဲ့
ပြန်မလေ ဘယ်လိုခဲပေမယ့်
စိတ်ဆွဲရာ ကိုယ်မပါလို့
သပြေညို ရွှေဘိုနန်းကိုဖြင့်
နေညိုမှာ ဖေငိုလို့ လွမ်းရတယ်
(ကွယ်) တမ်းတလို့ ဆွေး။ ။
အဝေးရောက်မင်း ဦးအောင်ကြီး
(ရေးသည့်အချိန် နှင့် ရေးသည့် နေရာ၊ အမှတ်အသား မတွေ့ရသေး)
အဝေးရောက်မင်း ဦးအောင်ကြီး
၁၈၅၃-၁၉၄၂
ပန်းချီ-ထွန်းဦး၊ အဝေးရောက်မင်း ဦးအောင်ကြီး၊ မောင်အေးသန့်
ဆရာကြီး မင်းသုဝဏ် က ‘သပြေညို’ ကဗျာကို ရေးတဲ့အချိန်မှာ အဝေးရောက်မင်း ဦးအောင်ကြီး က အသက် ၈၅ နှစ် ရှိနေပါပြီ။ ဆရာကြီး မင်းသုဝဏ်နဲ့ ခေတ်ပြိုင်၊ ခေတ်စမ်း စာရေးဆရာ ဆရာကြီး သိပ္ပံမောင်ဝရဲ့ အဆိုအရ သိပ္ပံမောင်ဝ နဲ့ အဝေးရောက်မင်း ဦးအောင်ကြီးတို့ ရွှေဘိုမြို့မှာ တွေ့ကြတော့ အဝေးရောက်မင်း ဦးအောင်ကြီး က အသက် ၈၆ နှစ် ရှိနေပြီ လို့ မှတ်သားရပါတယ်။
‘ပြည်ရွှေဘို’ ကဗျာမှာပါတဲ့ အချက်တွေကို ထောက်ထားပြီး စဉ်းစားတဲ့အခါ၊ ‘ပြည်ရွှေဘို’ ကဗျာကိုရေးတဲ့ အချိန်မှာ အဝေးရောက်မင်း ဦးအောင်ကြီး မန္တလေးမြို့က ရွှေဘိုမြို့ကို ပြောင်းရွှေ့နေထိုင်ပြီးတဲ့နောက်၊ ရွှေဘိုမြို့နဲ့ အဝေးတနေရာမှာ ရောက်နေချိန်လို့ မှန်းဆနိုင်ပါတယ်။
အဝေးရောက်မင်း ဦးအောင်ကြီးရဲ့မွေးရပ်က အမရပူရမြို့ပါ။ ဖခင်ဖြစ်တဲ့ ဦးမှတ်က ရွှေဘိုမြို့နယ်၊ ထနောင်းဝန်း ရွာသူကြီးမျိုးဆိုတော့ ရွှေဘိုဇာတိသွေးပါပဲ။ မင်းတုန်း မင်းသားနဲ့ ကနောင် မင်းသားတို့ ပုဂံမင်းကို တော်လှန်စဉ်က၊ ရွှေဘိုအရပ်မှာ အောင်မြေနင်းကြပြီး လူသူအင်အားစုဆောင်းတော့ ဦးမှတ်ကလည်း အမှုထမ်းကောင်းဖြစ်ခဲ့တယ်။ မင်းတုန်း မင်းသား ဘုရင်ဖြစ်တော့ ဦးမှတ်လည်း နောက်တော်ပါးက ပါခဲ့တယ်။
အဝေးရောက်မင်း ဦးအောင်ကြီး ငယ်စဉ်က အမရပူရမြို့နဲ့ မန္တလေးမြို့မှာ ပညာသင်ကြားပြီး၊ စာပေကျမ်းဂန်မှာ ထူးချွန်လာလေတော့ အဲဒီတုန်းက ဝန်ထောက်ရာထူးပဲရှိသေးတဲ့ ကင်းဝန်မင်းကြီး ဦးကောင်းကခေါ်ယူပြီး ပြော့ကြီးမှုး ဦးဘိုးထံမှာ ပညာဆက်သင်စေတယ်။ နောက်တော့ ကင်းဝန်မင်းကြီးကအပ်ပေးလို့ မင်းတုန်းမင်း ထံမှာ စာတော်ဖတ် ရာထူး ရရှိခဲ့တယ်။ သီပေါဘုရင် လက်ထက်မှာတော့ စာတော်ဖတ် ရာထူးကနေပြီး၊ အဝေးရောက်မင်း ရာထူးအဖြစ်နဲ့ တိုးတက်ခန့်ထားခဲ့ပါတယ်။
အဝေးရောက်မင်း ဆိုတဲ့ရာထူးက ဘုရင့်သြဇာခံ၊ အဝေးမှာရှိတဲ့ အနယ်နယ်အရပ်က ပို့လာတဲ့ လက်ဆောင်၊ အခွန်တော်နဲ့ စာလွှာတွေကို စိစစ် စာရင်းလုပ်လက်ခံပြီး ဘုရင့်ထံကို တင်ပို့တင်ပြရတဲ့ အလုပ်တွေကို လုပ်ရတယ်။ ဘုရင် နဲ့ ရင်းနှီး ကျွမ်းဝင်ပြီး စာတတ် ပေတတ် ပုဂ္ဂိုလ်တွေကိုသာ ခန့်ထားလေ့ရှိတယ်။
သီပေါဘုရင်လက်ထက်မှာ တိုင်းတပါးကအုပ်ချုပ်ရေး လက်အောက်ကို မန္တလေးမြို့ကျရောက်တော့၊ အဝေးရောက်မင်း ဦးအောင်ကြီးလည်း အဝေးရောက်မင်း ရာထူးတာဝန်က အနားယူရပါတော့တယ်။
မန္တလေးမြို့မှာ နေ့ချင်း ညချင်း ဆိုသလိုရောက်လာတဲ့ မိုးကျရွှေကိုယ် တိုင်းတပါး အုပ်ချုပ်ရေးလက်အောက်မှာ မနေချင်တာကြောင့် မျိုးချစ်စိတ်ဓာတ် ထက်သန်သူပီပီ ထောက်ပံ့တဲ့ လစာကိုလည်းမယူဘဲ လက်ဦးနေတဲ့ မန္တလေးမြို့ မေဃဂီရိ ရပ်ကွက်ကနေ ဖခင်ရဲ့ဇာတိ ရွှေဘိုမြို့က ရှမ်းကန် အရပ်မှာ ပြောင်းရွှေ့အခြေချ နေထိုင်ပါတော့တယ်။ ရှေးမီ နောက်မီ ဘုရင်နှစ်ပါးဆီမှာ အမှုထမ်းဖူးတဲ့ ဘက်စုံပညာရှိဆိုတော့ ဆရာကြီး ရွှေပြည်ဦးဘတင် အပါအဝင် မြန်မာပြည် အရပ်ရပ်က စာပေနဲ့ ဂီတ ပညာရှင်တွေ၊ ဝါသနာရှင်တွေ အမြဲ လာရောက်ကြပြီး အကြံဉာဏ် တောင်းကြ၊ ပညာ ဆည်းပူးကြတယ်။
အဝေးရောက်မင်း ဦးအောင်ကြီးက ရွှေဘိုမြို့ကို တော်တော်ပဲ သံယောဇဉ်ကြီးခဲ့ပုံရတယ်။ မြန်မာ့ ဂီတ စာပေ သုတေသန လုပ်ငန်းတွေရယ်၊ ရှေးသီချင်းတွေ အသံသွင်းဖို့အတွက်ရယ် ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကို မကြာခဏ ခရီးထွက်ရတယ်။ အဲဒီအချိန်တွေနဲ့ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ စစ်ကိုရှောင်ဖို့ ရွှေဘိုမြို့နယ် မဒေါင်လှရွာ၊ တောအရပ်တွေမှာနေခဲ့ရတဲ့ အချိန်တွေကလွဲရင်၊ ဥယျာဉ်စိုက်ပျိုးရေးလုပ်ငန်းကို ကိုယ်ထူကိုယ်ထ လုပ်ကိုင်ရင်း ရွှေဘိုမြို့မှာ နေခဲ့တာ ကျန်တဲ့ သူ့ဘဝ တလျှောက်လုံးပါပဲ။ အိုမင်းမစွမ်းဖြစ်လာတော့လည်း ရှမ်းကန် ကနေ ရွှေဘိုမြို့မင်းရပ်ကို ပြောင်းရွှေ့နေထိုင်ပါတယ်။ မြန်မာ့လွတ်လပ်ရေးမရမီ ၆ နှစ်အလို၊ ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က၊ ရွှေဘိုမြို့ မင်းရပ် နေအိမ်မှာ အသက် ၈၉ နှစ်အရွယ် အဝေးရောက်မင်း ဦးအောင်ကြီး ကွယ်လွန်ပါတယ်။
‘သပြေညို’ နဲ့ ‘ပြည်ရွှေဘို’ ကဗျာနှစ်ပုဒ်က ပုံစံချင်း ဆင်တူတယ်ဆိုပေမယ့် ကွာခြားတာကတော့ ဆရာကြီး မင်းသုဝဏ် ရဲ့ ‘သပြေညို’ ကဗျာက တိုက်ပွဲခေါ်သံ အသွင်ကိုဆောင်ပြီး၊ အဝေးရောက်မင်း ဦးအောင်ကြီးရဲ့ ‘ပြည်ရွှေဘို’ ကဗျာကတော့ မွေးရပ်မြေကို တမ်းတတဲ့ ရင်ထဲက အလွမ်းကိုဆောင်ပါတယ်။ “နေညိုရင် ရွှေဘိုကို လွမ်းတယ်” ဆိုတဲ့ စကားရဲ့ မူရင်း အစ ဖြစ်ပေလိမ့်မယ်။
အကြောင်းတိုက်ဆိုင်လို့ရေးရရင် ဆရာကြီး တင်မိုး (ဆရာဂျမ်း)လည်း အညာကို လွမ်းတတ်သူပါ။ ‘သပြေညို’၊ ‘ရွှေဘို’ နဲ့ အတူ အညာစရိုက်ကို ဆရာကြိုက်ပြီး၊ အညာလွမ်းတဲ့ ဆရာဂျမ်းပေါ့။
ဆရာကြီး တင်မိုးက အေဝမ်းဆရာညှာရဲ့ ‘ပြည်တော်ဝင်’ သီချင်းကို အမြဲဆိုလေ့ရှိသလို ဆရာကြီး မင်းသုဝဏ် ရဲ့ ‘သပြေညို’ ကဗျာကိုလည်း အောင်နိမိတ်ဆောင်တဲ့၊ အားအင်ပေးတဲ့ကဗျာလို့ အမြဲညွှန်းဆိုပြီး လေးလေးနက်နက် ရွတ်ဆိုလေ့ရှိပါတယ်။ ‘သပြေညို’ ကဗျာကို ရွတ်ပြီးရင်လည်း “စိတ်ဓာတ် က အရေးကြီးတယ်၊ စိတ်ဓာတ်က ‘အောင်စိတ်’ ရှိရင် အောင်မှာသေချာတယ်” လို့ ဆရာကြီး တင်မိုး က အမြဲပြောခဲ့တယ်။
ပြည်တော်ဝင်၊ အေဝမ်း ဆရာညှာ
“အောင်ပါစေ သပြေပန်း နဲ့ ရေချမ်းကိုလောင်း”
“အောင်မြန်မာ၊ အောင်ဇာတာ၊
အောင်ရာနိမိတ်ကယ် သွန်းဘိသိက်ဖြာ၊
အောင်ရပ်ကယ်သာသလေ၊ အောင်ရာတည့်မယွင်း”
ကျေးရွာဝါဒ၊ နန်းတော်ရှေ့ဆရာတင်
မင်းသုဝဏ်
“တို့မြေကို တို့တတွေလွမ်းပါရဲ့၊ သပြေညို ရွှေဘိုနန်းကိုဖြင့်၊ မှန်းဆလျက်ကို”
“လာမချော့လေနဲ့ ပြန်တော့မကွဲ့ ပြည်ရွှေဘို၊ နေညိုတဲ့ချိန်လေး”
အဝေးရောက်မင်း ဦးအောင်ကြီး
“လင်းကြက်အဆော် ကွင်းထက်မှာတူပျော်ပျော်နဲ့၊
စည်တော်ကို ရည်မျှော်မှန်းကာပ၊ ရောင်နီမှာ အောင်စည်ရွမ်းရအောင်၊
သပြေညို ရွှေဘိုပန်းရယ်နဲ့ လှမ်းကြစို့လေး။ ။”
မင်းသုဝဏ်
အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း
(၁) သပြေညို နှင့် အခြားကဗျာများ (မင်းသုဝဏ်)၊ ၁၉၄၇
(၂) မင်းသုဝဏ် ကဗျာပေါင်းချုပ်၊ မတ်လ၊ ၁၉၉၇
(၃) စာဆို မင်းသုဝဏ် ရာပြည့်အမှတ်တရ၊ ဖေဖော်ဝါရီ၊ ၂ဝဝ၉
(၄) နေမျိုးမင်းထင်ကျော်ခေါင် အဝေးရောက်မင်း ဦးအောင်ကြီး (မောင်အေးသန့်)၊ ၁၉၈၆
(၅) ကုန်းဘောင်ခေတ် အဝေးရောက်မြို့ဝန် (တင်နိုင်တိုး)
(၆) ဂီတဝိသောဓနီကျမ်း (မောင်မောင်လတ်)၊ ဆဋ္ဌမအကြိမ် ပုံနှိပ်၊ မေလ ၁၉၉၄၊
(၇) မြဝတီစာပေဂီတ (ရွှေပြည် ဦးဘတင်)၊ ၁၉၆၆
(၈) ကုန်းဘောင်ရှာပုံတော် (ညိုမြ)၊ ၁၉၆၇
(၉) ကုန်းဘောင်ကိုဆန်၍ (ဒေါက်တာ မတင်ဝင်း၊ ပညာရေးတက္ကသိုလ်)၊ ဒီဇင်ဘာ၊ ၂ဝဝ၁
(၁ဝ) ရွှေရည်မင်းစံ ဆောင်းပါးများ (ရွှေဘို မိမိကြီး)၊ နိုဝင်ဘာ၊ ၁၉၈၉
(၁၁) ပြည်သူချစ်သော အနုပညာသည်များ (လူထုဒေါ်အမာ)၊ မေလ၊ ၁၉၆၄
(၁၂) ရွှေဘိုမြို့ အထက(၁) ကျောက်စိမ်းရတုမဂ္ဂဇင်း၊ ဇန္နဝါရီ၊ ၁၉၈ဝ
(၁၃) ပွင့်သစ်ကြေးမုံ (၁)၊ (တင်မိုး)၊ ပွင့်သစ်ဂျာနယ်၊ စက်တင်ဘာ၊ ၂ဝဝ၎
(၁၄) ဆရာကြီး မင်းသုဝဏ်၏ပြောပြချက် မှတ်တမ်း၊ မိုးမခ ရေဒီယို၊ ဇန္နဝါရီ ၂၄ ၂ဝ၁ဝ
(၁၅) ဆရာကြီး တင်မိုး၏ ရွတ်ဆို ဟောပြောချက် မှတ်တမ်း၊ မိုးမခ ရေဒီယို၊ ဇန္နဝါရီ ၂၄ ၂ဝ၁ဝ
(၁၆) Wikipedia, The Free Encyclopedia
(၁၇) Burmese Traditional Music, narrated in English : Burmese Broadcasting Services