သန်းဝင်းလှိုင်

Than Win Hlaing – Sir. Albert Fytche

သမိုင်းတကွေ့မှ နိုင်ငံခြားသားများ (ဆာ အဲလဗတ်ဖိုက်)
သန်းဝင်းလှိုင်
ဇွန် ၁၆၊ ၂၀၁၃

Photo by : James Mackay
ဆာအဲလ်ဗတ်ဖိုက် (Sir. Albert Fytche) သည် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲပြီးနောက် ဗြိတိသျှတို့၏ မြန်မာနိုင်ငံတွင် အရေးပါလှသော ရာထူးကြီးဖြစ်သည့် မဟာဝန်ရှင်မင်းကြီးရာထူးကို ဆာအာသာဖယ်ယာ အငြိမ်းစားယူသွားပြီးနောက် ဆက်ခံဆောင်ရွက်ခဲ့သူဖြစ်သည်။ သူသည် မဟာဝန်ရှင်တော်မင်းကြီးအဖြစ် ၁၈၆၇ ခုနှစ် ဖေဖော်ဝါရီလမှ ၁၈၇၁ ခုနှစ် ဧပြီလအထိ ၄ နှစ် နှင့် ၂ လတိုင် ဆောင်ရွက်ခဲ့သည်။
ဖိုက်သည် ဖယ်ယာလက်ထက်ကတည်ဆောက်ခဲ့သော ရန်ကုန်မြို့သစ်ကို ခေတ်မီသည်ထက်ခေတ်မီအောင် အနောက်နိုင်ငံမြို့ကြီးများ မြို့ပြစနစ်ကိုအတု ယူ၍ လမ်းများ၊ အိမ်ရာကွက်များကို ပြုပြင်ခဲ့သည်။ ထို့အပြင် မြို့သူမြို့သားများ အပန်းဖြေရန်အတွက် ရန်ကုန်မြို့တွင်း၌ ပန်းခြံများကိုလည်း ပြုလုပ်ခဲ့သည်။
၁၈၆၇-၆၈ ခုနှစ်အတွင်း ဆူးလေစေတီတော်ခြေရင်းမှ အင်းကြီး၏ တစိတ်တဒေသကိုမြေဖို့ကာ မြို့လယ်ပန်းခြံအဖြစ် ပြုလုပ်ခဲ့သည်။ ယင်း ပန်းခြံအား ဆာအဲလ်ဗတ်ဖိုက်ကိုအစွဲပြုကာ ဖိုက်စကွဲယား (Fytche Square) ပန်းခြံဟု အမည်ပေးခဲ့ကြသည်။
ဖိုက်သည် ပထမမြောက် အယ်လီဇဘက်ဘုရင်မလက်ထက်က အင်္ဂလိပ်လူမျိုးများထဲမှ အိန္ဒိယနှင့်မြန်မာနိုင်ငံတို့ကို ပထမဆုံးရောက်ခဲ့ဖူးသူ ရပ်ဖစ်၏ အဆက်အနွယ်တစ်ယောက်ဖြစ်သည်။ ထို့အပြင် ဖိုက်သည် အင်္ဂလိပ်စာပေလောက၌ ထင်ရှားလှသော ဘုရင့်စာဆိုတော် `လော့ဒ်အဲဖရက်တင်နီဆန်နှင့်ညီအစ်ကို တော်စပ်သူတစ်ဦးလည်းဖြစ်သည်။
ဖိုက်အား ၁၈၂ဝ ပြည့်နှစ်တွင် လန်ဒန်မြို့၌ ဖွားမြင်ခဲ့သည်။ အဲလ်ဗတ်ဖိုက်သည် ညီအစ်ကိုမောင်နှမများထဲတွင် အငယ်ဆုံးသားဖြစ်၍ မိခင်၏ အချစ်ဆုံးသားလည်း ဖြစ်သည်။ သူသည် မိမိ၏ ဘိုးဘွားများကဲ့သို့ အိန္ဒိယတွင် စွန့်စားမှုများကို ရှာကာ ကိုယ့်ဒူးကိုယ်ချွန်လိုသူဖြစ်သည်။
ထို့ကြောင့် ၁၈၃၉ ခုနှစ်တွင် အိန္ဒိယသို့ ထွက်ခွာခဲ့သည်။ ထိုစဉ်က ဗြိတိန်မှ အိန္ဒိယသို့ လာရခြင်းသည်ပင် စွန့်စားမှုတစ်ရပ်ပင်ဖြစ်သည်။ ယင်းသို့ ထွက်လာစဉ်က ဖိုက်သည် အသက် ၁၈ နှစ်ပင် မပြည့်သေးချေ။ ကာလကတ္တားသို့ ရောက်လျှင် တိုင်းရင်းသားခြေလျင်တပ်ရင်း ၆၉ တွင် ဝင်ရောက်စစ်မှုထမ်းသည်။ ထို့နောက် တပ်ရင်း ၇ဝ သို့ ပြောင်းရွှေ့စစ်မှုထမ်းသည်။ ဖိုက်သည် ငယ်ရွယ်သူပီပီ တိုက်ခိုက်ရန်အတွက် စိတ်အားထက်သန်သည်။ ၁၈၃ဝ ပြည့်နှစ်တွင် ပြန်တမ်းဝင်အရာရှိဖြစ်လာခဲ့သည်။
ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် ရခိုင်ပြည် တနင်္သာရီတိုင်းတို့ကို ဗြိတိသျှတို့က သိမ်းပိုက်လိုက်သောအခါ နယ်ချဲ့ဗြိတိသျှတို့အား သူ့ကျွန်မခံလိုသော ရခိုင်တိုင်းရင်းသားတို့သည် ပြန်လည်တော်လှန်တိုက်ခိုက်ခဲ့ကြသည်။
ထို့နောက် ရခိုင်ပြည်တွင် နယ်ချဲ့ဗြိတိသျှတို့ကို ဆန့်ကျင်ပုန်ကန်သော ရခိုင်တိုင်းရင်းသားတောင်ပေါ်သားတို့သည် ပြန်လည်တိုက်ခိုက်လာ သဖြင့် ၁၈၄၁ ခုနှစ်တွင် ဖိုက်အား ရခိုင်ပြည်သို့ ပို့၍ တိုက်ခိုက်နှိမ်နင်းသော တပ်ဖွဲ့ငယ်ကို ဦးဆောင်စေ သည်။ ထိုစဉ်က ဖိုက်သည် ရခိုင်ပြည်ဝန်ရှင်တော်မင်းကြီး၏ လက်အောက်တွင် အမှုထမ်းကာ ရခိုင်တိုင်းရင်းသားတော်လှန်ရေး အာဇာနည်များကို ပြန်၍ ခေါင်းမထောင် နိုင်အောင် ပြင်းထန်စွာ နှိမ်နင်းတော့သည်။ ယင်းကြောင့် ဗြိတိသျှအစိုးရ၏ ချီးကျူးဂုဏ်ပြုခံရ၍ ဗိုလ်ကြီးအဆင့် တိုးမြှင့်ပေးခဲ့ရသည်။
ရခိုင်ပြည် ခြေလျင်တပ်တွင် လေးနှစ်မျှ အမှုထမ်းပြီးနောက် စစ်ဖက်မှ နှုတ်ထွက်ကာ အုပ်ချုပ်ရေးဘက်သို့ ကူးပြောင်းခဲ့သည်။ ၁၈၄၆ ခုနှစ်တွင် အရေးပိုင်ရာထူးကို တိုးမြှင့်ခန့်ထားခြင်းခံရပြီး သံတွဲခရိုင်ကို အုပ်ချုပ်ခဲ့ရသည်။
၁၈၄၈ ခုနှစ်တွင်မူ ဖိုက်သည် အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားနေသော ဒုတိယစစ်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ရပြီးနောက် သံတွဲမြို့သို့ ပြန်လာ၍ ဆက် လက်အမှုထမ်းရွက်ခဲ့သည်။
ဖိုက်သည် ဖယ်ယာ၏ လက်အောက်တွင် အမှုထမ်းခဲ့သဖြင့် ဖိုက်၏ အရည်အသွေးကို အထက်အရာရှိတို့ သိခဲ့ရသည်။ တစ်ဦးနှင့်တစ်ဦးလည်း ခင်မင်ရင်းနှီးခဲ့ကြသည်။ ၁၈၅၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲပြီးဆုံးပြီး နောက် ပဲခူးတိုင်းကို အင်္ဂလိပ်တို့က သိမ်းပိုက်ခဲ့သည်။ ထိုအခါ ဖယ်ယာသည် ပဲခူးတိုင်း၏ အရေးပိုင်အဖြစ် ခန့်အပ်ခံရ၍ ဖိုက်သည် ဗိုလ်မှူးအဆင့်တိုးမြှင့်ခံရကာ ပုသိမ်မြို့၏ အရေးပိုင်အဖြစ် ခန့်အပ်ခံရသည်။ ၁၈၅၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ပြည်မြို့၌ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အင်္ဂလိပ်အရေးပိုင် ဖယ်ယာတို့ တွေ့ဆုံကာ စစ်ပြေငြိမ်းရေးကိစ္စတို့ကို ဆွေးနွေးသည်။
ပုသိမ်သည် ထိုခေတ်ထိုအခါက မြန်မာနိုင်ငံအောက်ပိုင်းတွင် အရေးပါသော မြို့ကြီးတစ်မြို့ဖြစ်သည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအတွင်းက စစ်ရေးကြောင့် မင်းမဲ့တိုင်းပြည်ပမာဖြစ်ကာ အခြေအနေပျက်ပြားခဲ့သည်။ ဖိုက်သည် ပုသိမ်ခရိုင်ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်ခဲ့သည်။ ၁၈၅၇ ခုနှစ်တွင် ဖိုက်သည် တနင်္သာရီနှင့် မုတ္တမတိုင်း၏ ဝန်ရှင်တော်မင်းကြီးအဖြစ် တိုးမြှင့်ခန့်ထားခြင်းခံရ၍ မော်လမြိုင်သို့ ရွှေ့ပြောင်းခဲ့ရလေသည်။ ၁၈၆၂ ခုနှစ်တွင် ရခိုင်တိုင်း၊ တနင်္သာရီတိုင်းတို့ကို ပဲခူးတိုင်းတို့နှင့် ပူးပေါင်း၍ ဗြိတိသျှမြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ ယင်းဗြိတိသျှမြန်မာနိုင်ငံကို ဖယ်သာအား မဟာဝန်ရှင်တော်မင်းကြီးအဖြစ် ခန့်ထားအုပ်ချုပ်စေသည်။ ထိုနှစ်မှာ ဖိုက်သည် ဒုတိယဗိုလ် မှူးကြီးအဆင့် တိုးမြှင့်ခံရသည်။
ထို့နောက် ၁၈၆၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဖယ်ယာအငြိမ်းစားယူပြီးနောက် ဖာယာ၏ နေရာကို ဖိုက်သည် ဆက်ခံကာ ဗြိတိသျှမြန်မာနိုင်ငံ၏ မဟာဝန်ရှင်တော်မင်းကြီး ဖြစ်လာခဲ့သည်။ ဖိုက်သည် မဟာဝန်ရှင်တော်မင်းကြီးဖြစ်လာပြီးနောက် အိန္ဒိယဘုရင်ခံချုပ် ဆာလောရင့် (Sir John Lawrence) သည် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းစရိုက်ဘာသာတို့ကို ကျွမ်းကျင်နှံ့စပ်သည်ဟု ထင်ပေါ်သော ကာနယ်ဖိုက်ကို မန္တလေးနေပြည်တော်သို့ စေလွှတ်၍ မင်းတုန်းမင်းတရားကြီးနှင့် မှူးမတ်များကို တွေ့ဆုံဆွေးနွေးကာ ဗြိတိသျှ-မြန်မာ လွှတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့်ရရှိရေးစာချုပ်ချုပ်ဆိုရန် ကြိုးပမ်းခဲ့ ရာ အရေးလှခဲ့သည်။ ထို့နောက် ၁၈၆၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်တွင် အင်္ဂလိပ်-မြန်မာ ကူးသန်းရောင်းဝယ်ရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။
အဆိုပါ စာအုပ်ကို မြန်မာဘုရင်၏ကိုယ်စား ပုခန်းကြီးမြို့စားဝန်ကြီးနှင့် ရေနံချောင်းမြို့စားဝန်ကြီး နှင့် ဗြိတိသျှမြန်မာပြည်မဟာဝန်ရှင်တော်မင်းကြီး ကာနယ်ဖိုက်တို့က အချက် (၁၃) ချက်ပါ ရောင်းဝယ်ရေးစာချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ရာ စာချုပ်ပါ အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(၁) ၁၈၆၇ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှစ၍ နှစ်နိုင်ငံ၏ သွင်းကုန်ထုတ်ကုန်များအပေါ်တွင် တပြေးညီတည်း ငါးရာခိုင်နှုန်းထား၍ ၁ဝ နှစ် တိုင်တိုင် အကောက်ကောက်ရန် ကျွန်း၊ ရေနံ နှင့် ကျောက်မျက်ရတနာတို့ကိုသာ ဘုရင်က ကုန်တော် (Royal Monopolies) (ဘုရင့်လက်ဝါးကြီးအုပ်၍ ရောင်းဝယ်သည့် ကုန်စည်များ) အဖြစ် ထားရှိပြီး ကျန်ကုန်စည်များကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုရန်။
(၂) ၁ဝ နှစ် လွန်ပြီးနောက် အကောက်နှုန်းကို နှစ်နိုင်ငံအစိုးရတို့ ညှိနှိုင်း၍ ပြင်ဆင်လိုက ပြင်ဆင်ရန်။
(၃) ၁၈၆၂ ခုနှစ် စာချုပ် ဆဋ္ဌမအချက်တွင် ပါသည့်အတိုင်း ဗြိတိသျှအစိုးရက နယ်စပ်အကောက်ခွန်ကို ဖျက်သိမ်းပေးရန်။ ယင်းသို့ ဗြိတိသျှအစိုးရက ဖျက်သိမ်းပေးလျက်ရှိစဉ်ကာလအတွင်း မြန်မာအစိုးရကလည်း ငါးရာခိုင်နှုန်း သို့မဟုတ် ငါးရာခိုင်နှုန်း ထက် လျော့နည်း၍ ဖြစ်စေ ကောက်ခံရန်။
(၄) တနိုင်ငံမှ တနိုင်ငံသို့ တင်ပို့ ရောင်းချမည့် ကုန်စည်များ၏ ဈေးနှုန်းစာရင်းကို နှစ်မကူးမီ နှစ်လကြိုတင်၍ တဖက်မှတဖက်သို့ နှစ်စဉ်ပို့ပေးရန်။ ကုန်ဈေးနှုန်းပြင်ဆင်သတ်မှတ်လိုလျှင်လည်း နှစ်ဖက်သော အရေးပိုင်ကိုယ်စားလှယ်တို့ ညှိနှိုင်း၍ ပြင်ဆင်ရန်။
(၅) မြန်မာ့နေပြည်တော်၌ ဗြိတိသျှအရေးပိုင်ကိုယ်စားလှယ်တစ်ဦးထားရှိလျှင် ခွင့်ပြုရန်။ အဆိုပါကိုယ်စားလှယ်မှာ မြန်မာ့နေပြည်တော်၌ စာရင်းပေါက်ပြီးသော ဗြိတိသျှကျွန်တော်မျိုးအချင်းချင်း ဖြစ်ပွားသည့် မတရားမှုများကို စစ်ကြောစီရင်နိုင် ခွင့် ရှိရန်။ မြန်မာဘုရင် ကျွန်တော်မျိုးတို့နှင့် မြန်မာ့နေပြည်တော်ရှိ ဗြိတိသျှကျွန်တော်မျိုးတို့ကြား၌ ဖြစ်ပွားသော တရားမမှုများကို မြန်မာဘုရင်က ခန့်ထားသော အရာရှိတစ်ဦးနှင့် ဗြိတိသျှအရေးပိုင်ကိုယ်စားလှယ်တို့က ပူးတွဲစစ်ဆေးစီရင်ရန်။ မြန်မာဘုရင်ကလည်း ဗြိတိသျှပိုင်နက်အတွင်း၌ မြန်မာအရေးပိုင်ကိုယ်စားလှယ်ရုံးဖွင့်လှစ်လိုသည့်ကာလ၌ ဖွင့်လှစ်ရန်။
(၆) မြန်မာနိုင်ငံတွင် ကုန်စည်များအပေါ်၌ အခွန်ကောက်ကောက်ခံသည့် ဒေသတိုင်း၌ ဗြိတိသျှအရာရှိများကို နေထိုင်ခွင့်ပြုရန်။ ယင်းအရာရှိများအနေဖြင့် ကူးသန်းရောင်းဝယ်ရေး၊ အကောက်ကောက်ခံရေးနှင့် ပတ်သက်သော ကိစ္စများကို စုံစမ်းခွင့်ရှိပြီး၊ ယင်းတို့ရုံးစိုက်ရာဒေသများ၌ မြေ၀ယ်ကာအိမ်ရာဆောက်လုပ်ခွင့်ရှိရန်။
(၇) မြန်မာအစိုးရကလည်းအထက် ဆဋ္ဌမအချက်တွင် ဖော်ပြသည့်အတိုင်း ဗြိတိသျှအစိုးရနည်းတူ ဆောင်ရွက်ခွင့်ရှိရန်။
(၈) ရွှေ၊ ငွေများကို နှစ်နိုင်ငံမှ ကုန်သည်များလွတ်လပ်စွာရောင်းဝယ်ခွင့်ရရှိရန်။ မြန်မာအစိုးရသည် ဗြိတိသျှမဟာဝန်ရှင်တော်မင်း ကြီး၏ သဘောတူညီချက်ရရှိလျှင် ဗြိတိသျှပိုင်နက်အတွင်း၌ လက်နက်ခဲယမ်းမီးကျောက်များနှင့် မီးသင်္ဘော၊ တိုက်သင်္ဘော၊ ကုန်သင်္ဘောများကို ဝယ်ယူခွင့်ရှိရန်။
(၉) မြန်မာ့ပိုင်နက်အတွင်း၌ ရာဇ၀တ်မှုများကျူးလွန်ပြီးနောက် ဗြိတိသျှပိုင်နက်အတွင်းသို့ ခိုဝင်သွားသော မြန်မာကျွန်တော်မျိုးတို့ ကို မြန်မာအစိုးရက နေပြည်တော်ရှိ ဗြိတိသျှအရေးပိုင်ကိုယ်စားလှယ်နှင့် ညှိနှိုင်းတိုင်ပင်ပြီးနောက် တောင်းဆိုသည့်အခါ၌ ဗြိတိသျှအစိုးရက ပေးရန်။
(၁၀) အထက် ဆဋ္ဌမအချက်တွင် ပါသည့်အတိုင်း ဗြိတိသျှအစိုးရကလည်း ဆောင်ရွက်ပိုင်ခွင့်ရှိရန်။
(၁၁) ဗြိတိသျှပိုင်နက်အတွင်း ရာဇဝတ်မှုကျူးလွန်ပြီးနောက် မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ခိုဝင်လာသော မြန်မာကျွန်တော်မျိုး များကို မြန်မာအစိုးရက စစ်ကြောစီရင်နိုင်ခွင့်ရှိရန်။
(၁၁) ဗြိတိသျှပိုင်နက်အတွင်း ရာဇ၀တ်မှုကျူးလွန်ပြီးနောက် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ခိုဝင်လာသော မြန်မာကျွန်တော်မျိုး များကို မြန်မာအစိုးရက စစ်ကြောစီရင်နိုင်ခွင့်ရှိရန်။ ယင်းသို့စီရင်သည့်ကာလအမှုကို နားထောင်ရန် ဗြိတိသျှအစိုးရ၏ ကိုယ်စားလှယ်အရာရှိတစ်ဦးစေလွှတ်လိုလျှင် စေလွှတ်နိုင်ခွင့်ရှိရန်။
(၁၂) မြန်မာ့ပိုင်နက်အတွင်း ရာဇ၀တ်မှုကျူးလွန်ပြီးနောက် ဗြိတိသျှပိုင်နက်အတွင်းသို့ ပြန်လည်ခိုဝင်လာသော ဗြိတိသျှကျွန်တော်မျိုးများ ကို ဗြိတိသျှအစိုးရက စစ်ကြောစီရင်နိုင်ခွင့်ရှိရန်။ ယင်းသို့ စီရင်သည့်ကာလအမှုကိုနားထောင်ရန် မြန်မာအစိုးရ၏ ကိုယ်စားလှယ်အရာရှိ တစ်ဦး စေလွှတ်လိုလျှင် စေလွှတ်နိုင်ခွင့်ရှိရန်။
(၁၃) ယခုစာချုပ်ကို ချုပ်ဆိုသော်လည်း ၁၈၆၂ ခုနှစ်က ချုပ်ဆိုခဲ့သော စာချုပ်ကို မပယ်ဖျက်ဘဲ ဆက်လက်အသိအမှတ်ပြုကြရန်။
ဖိုက်သည် မန္တလေးသို မထွက်လာမီ ဘုရင်ခံချုပ်က မှာကြားလိုက်သော အချက်တစ်ချက်ရှိ၏။ ထိုအချက်မှာ အခြားမဟုတ် စာချုပ်ချုပ် ဆိုသည့်အခါ၌ မြန်မာဘုရင်သည် မည်သည့်လက်နက်နိုင်ငံနှင့်မဆို ဆက်ဆံလိုလျှင် သို့တည်းမဟုတ် တွေ့ဆုံဆွေးနွေးမှုပြုလုပ်လိုလျှင် ဗြိတိသျှအစိုးရ၏ ကြိုတင်သဘောတူညီချက်ကို ရယူပြီးမှသာ ဆက်ဆံတွေ့ဆုံဆွေးနွေးရမည် ဟူသော အပိုဒ်ကို ထည့်သွင်းနိုင်အောင် ဖိုက်အနေဖြင့် ကြိုးပမ်းရန် ဖြစ်၏။ သို့တစေလည်း မြန်မာ့စိတ်ဓါတ်ကို အတော်ကျွမ်းကျင် နားလည်ထားသော ဖိုက်အဖို့ ဤမှာကြားချက်ကို လိုက်နာရန် အခက်အခဲတွေ့ရ၏။ ယင်းအချက်ကို ထည့်သွင်းဆွေးနွေးရန် အချိန်အခါမဆိုက်သေးဘဲလျက် ထည့်သွင်းဆွေးနွေးမိပါက ဗြိတိသျှ-မြန်မာ ဆက်ဆံရေးမှာ ပို၍သာ တင်းမာလာနိုင်ဖွယ်ရှိသည် ကို အကဲခတ်မိသောကြောင့် ဤအရေးနှင့် ပတ်သက်၍ မြန်မာဘုရင်နှင့် မှူးမတ်တို့ရှေ့၌ လေသံမျှပင် မဟခဲ့ပေ။ သို့သော် ဖိုက်သည် စာချုပ်ထက်ပို၍ အရေးပါသော လိုက်လျော ခွင့်များကို ဘုရင်မင်းမြတ်ထံမှ ရရှိခဲ့သည်။
ထိုစဉ်က ဗြိတိသျှတို့သည် မြန်မာတို့နှင့် ကူးသန်းရောင်းဝယ်မှုထက် အောက်မြန်မာနိုင်ငံမှတဆင့် အထက်မြန်မာနိုင်ငံ ကို ဖြတ်ကာ တရုတ်ပြည်နှင့် ရောင်းဝယ်ဖောက်ကားလိုမှုကို သာ၍ အာသီသရှိခဲ့သည်။ ယင်းသို့ မင်းတုန်းမင်းတရားကြီးထံမှ လိုက်လျောမှုများအရ မြန်မာနိုင်ငံမှတဆင့် တရုတ်ပြည်သို့ ကူးသန်းရောင်းဝယ်မှုပြုနိုင်မည့် အခွင့်အရေးများကို ရရှိခဲ့လေသည်။ ထိုအချိန်မှာ ဗြိတိန်၊ အမေရိကန်နှင့် ပြင်သစ်တို့သည် တရုတ်နိုင်ငံနှင့် ကူးသန်းရောင်းဝယ်မှုကို ပြုရန် အပြိုင်အဆိုင် ကြိုးပမ်းနေသော ကာလဖြစ်သည်။
ထို့နောက် အဲလ်ဗတ်ဖိုက်သည် စာချုပ်ချုပ်ဆိုပြီးနောက် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာလာခဲ့သည်။ မန္တလေး နေပြည်တော်မှ ဖိုက်ပြန်လည်ရောက်ရှိလာပြီးနောက် ၁၈၆၈ ခုနှစ်တွင် ဗန်းမော်မြို့တွင် ဗြိတိသျှကိုယ်စားလှယ်အဖြစ် ကပ္ပတိန် စထရိုဗာကို ခန့်ထားခဲ့သည်။ မန္တလေးမြို့ရှိ ဗြိတိသျှနိုင်ငံရေးကိုယ်စားလှယ် မေဂျာဆလေဒင်သည် တရုတ်-မြန်မာ နယ်ခြားသို့ပင် သွားရောက်၍ တရုတ်နိုင်ငံနှင့် ကုန်သည်ကူးသန်းရန် ခရီးလမ်းပန်းအခြေအနေကို စုံစမ်းထောက်လှမ်းခဲ့လေသည်။ ဖိုက်သည် ၁၈၆၈ ခုနှစ်တွင် ဗိုလ်ချုပ်အဆင့်သို့ တိုးမြှင့်ခံရသည်။
ဖိုက်သည် မြန်မာနိုင်ငံမှတဆင့် ဗြိတိသျှ တို့၏ ရောင်းဝယ်ရေးဖြစ်မြောက်ရန် အလွန်စိတ်အားထက်သန်သူအုပ်စုတွင် တစ်ဦးအပါအ ၀င်ဖြစ်သည်။ မြန်မာနိုင်ငံမှ ဂွန်ဟိုင်းသို့ မီးရထားလမ်းဖောက်ရန်ပင် စိတ်အားထက်သန်ခဲ့သည်။ သို့သော် ထိုစဉ်က အိန္ဒိယဘုရင်ခံချုပ် လော့ဒ်မေယိုက ဖိုက်၏ အကြံသည် တစ်ခေတ်စောလွန်းနေပါသည်ဟူ၍ ဖိုက်ထံအကြောင်းပြန်ကြားခဲ့သည်။
ဖိုက်သည် ၁၈၇၁ ခုနှစ် ဧပြီလတွင် မဟာဝန်ရှင်တော်မင်းကြီးအဖြစ်မှ အငြိမ်းစားယူခဲ့သည်။ သူ၏ နေရာကို အက်ရှ်လေ အီဒင် ဆက်ခံခဲ့သည်။ အငြိမ်းစားယူပြီးနောက် စစ်တပ်တွင် ဆက်လက်စစ်မှုထမ်းခဲ့ရာ ၁၈၇၇ ခုနှစ် ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တိုးမြှင့်ခံရသည်။
ဖိုက်သည် မြန်မာနိုင်ငံတွင် ၃၂ နှစ်မျှ နေထိုင်ခဲ့ဖူးသည်။ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည့် အတွေ့အကြုံများကို အခြေခံ၍ `မြန်မာနိုင်ငံ၏ အတိတ်နှင့်ပစ္စုပ္ပန်´ (Burma Past and Present) အမည် စာအုပ်ကို အတွဲနှစ်တွဲခွဲ၍ ၁၈၇၈ ခုနှစ်တွင် ထုတ်ဝေခဲ့ သည်။ အဆိုပါ စာအုပ်ကို ၂၀၁ဝ ပြည့်နှစ် ဇွန်လ ၂၈ ရက်နေ့တွင် စီ၊ ကေ ပေါလ်အင် ကုမ္ပဏီ (C.K. Paul & Co.,) က စာအုပ်ရေ အကန့်အသတ်ဖြင့် ပြန်လည်ထုတ် ဝေခဲ့သည်။
အဆိုပါစာအုပ်သည် သုတေသီတို့အတွက် အကိုးအကားပြုရသော ကျမ်းတစ်စောင်ဖြစ်သည်။ ကိုယ်ရေးအထ္ထုပ္ပတ္တိဟန် ဖြင့် ရေးသားပြုစု ထားသော်လည်း မြန်မာနိုင်ငံသမိုင်း၊ ပထ၀ီဝင်တို့ကို သုတေသနပြုမှတ်တမ်းတင်ထားသည်။ ဖိုက်သည် လန်ဒန်မြို့၌ အသက် ၇၂ နှစ် အရွယ် ၁၈၉၂ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။
၁၈၉၆ ခုနှစ်တွင် C.S.I ဘွဲ့ရ ဖိုက်အား ဂုဏ်ပြုမှည့်ခေါ်ထားသော ဖိုက်စကွဲယားပန်းခြံ (ယခုမဟာဗန္ဓုလပန်းခြံ) တွင် ဗြိတိသျှဧကရီဘုရင်မကြီး ၀ိတိုရိယ ရုတ်တုကိုထားရှိရာမှ ဖိုက်စကွဲယားပန်းခြံအမည်သည် ၀ိတိုရိယဘုရင်မပန်းခြံဟု အမည်ပြောင်းလဲသွားတော့သည်။ သို့သော် ရန်ကုန်မြို့ အလုံမြို့နယ်ရှိ သမ္မတအိမ်တော်ဝင်း၏ အနောက်ဘက်လမ်းမကြီးကို ဖိုက်အား အစွဲပြုလျက် မှည့်ခေါ်ထားသော ဖိုက်လမ်း (ယခုရှမ်းလမ်း) သည် ကိုလိုနီခေတ် (၁၈၈၆-၁၉၄၂) အထိ တည်မြဲခဲ့လေသည်။
ရည်ညွှန်း
(၁) မြန်မာ့စွယ်စုံကျမ်း အတွဲ ၇ ၊ စာပေဗိမာန်၊ ၁၉၆၆။
(၂) သန်းဝင်းလှိုင်၊ နှစ် ၃ဝဝ မြန်မာ့နိုင်ငံရေးအဘိဓာန် (လက်နှိပ်စက်မူ)

(၃) မြင့်ဆွေ `ဖိုက်စကွဲယားမှ ဘုရင်မပန်းခြံသို့´ မြ၀တီမဂ္ဂဇင်း ၁၉၇ဝ၊ ဇန်န၀ါရီ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts