>current condition in Mon State

>

မော်လမြိုင်မြို့ လုံခြုံရေး တင်းကျပ်လွန်း၍ ကျီးလန့်စာစား အခြေအနေဖြစ်နေ
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၁၂၊ ၂၀၁၀ ကျိုက်မရောသို့ သွားသည့် လမ်း (ဓာတ်ပုံ – မိုးမခ)


လက်နက်ကိုင် ငြိမ်း အဖွဲ့များ အားလုံး ဧပြီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်များအဖြစ် အသွင် ပြောင်းကြရန် နအဖ အစိုးရက ရာဇသံ ပေးပြီးနောက် မော်လမြိုင်မြို့တွင် လုံခြုံရေး အခြေအနေ တင်းကြပ်နေသောကြောင့် မြို့နေလူထုမှာ ကျီးလန့်စာစား ဖြစ်နေသည်ဟု မော်လမြိုင်မှ လာသော သတင်းများအရသိရသည်။

မြို့ခံများသည် အလုပ်အကိုင်ကိစ္စရပ်များ စောစီးစွာ လုပ်ဆောင် ပြီးစီးစေကာ ညဘက် ပြင်ပ ထွက်ရန်လည်း မ၀ံ့ရဲကြဟု ဆိုသည်။

ထိုဒေသတွင် အခြေစိုက်သော မွန်ပြည်သစ်ပါတီ သည်လည်း ငြိမ်းအဖွဲ့များနည်းတူ နယ်ခြားစောင့်တပ် ဖွဲ့ရေး သဘောတူရန် နအဖ အစိုးရက ဖိအားပေးခံခဲ့ရသည်။ မွန်ပြည်သစ် ပါတီက ၎င်းတို့၏ မူလ ဆုံးဖြတ်ချက်အတိုင်း နယ်ခြားစောင့်တပ်ဖွဲ့ရေးကို သဘောမတူဟု အကြောင်းပြန်ခဲ့သည်။

ပါတီနှင့် မွန်လက်နက်ကိုင်တပ်၏ ပိုင်ဆိုင်မှုများ၊ လုပ်ငန်းများကို တတ်နိုင်သရွေ့ သိမ်းဆည်းပြီး ဌာနချုပ်ရှိရာ ဘုရားသုံးဆူနှင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေများသို့ ပြန်ဆုတ်သွားခဲ့သည်ဟု မော်လမြိုင်မြှို့ခံများက ပြောဆိုကြသည်။

မော်လမြိုင်မှ ထိုင်းနယ်စပ်သွားရာ ကုန်သွယ်ရေး လမ်းများတွင် မွန်လက်နက်ကိုင် ဂိတ်များမရှိတော့ဘဲ နအဖ အစိုးရဘက်ကလည်း မော်လမြိုင်မြို့တွင်း နေ့ရောညပါ ကားများ၊ ဆိုင်ကယ်များအား ရပ်တန့် စစ်ဆေးခြင်းတို့ ဆက်တိုက် ပြုလုပ်လျက်ရှိသည်ဟု မြို့ခံများက ပြောသည်။

မော်လမြိုင်မြို့ခံ တစ်ဦးက“မော်လမြိုင် အပေါ်ဈေးကိုလည်း စောစော ပိတ်ဖို့ သက်ဆိုင်ရာက ညွှန်ကြားထားပုံရတယ်။ ခါတိုင်း ညနေ ၅ နာရီခွဲ ကျော်မှ သိမ်းတဲ့ ဆိုင်တွေ အခုဆို ၅နာရီ မထိုးခင် ကတည်းက ကမန်းကတန်း သိမ်းနေပြီ၊ ၅နာရီကျော်ရင် ဈေးကတံခါးတပေါက်ပဲ ဖွင့်ထားတော့တယ်။ မြို့ထဲမှာလည်း လက်ဖက်ရည်ဆိုင်တွေ ၊ စားသောက်ဆိုင်တွေ စောစော သိမ်းဖို့ ညွှန်ကြားထားတယ်။ လမ်းမှာ ညဆို ၇နာရီ ၈နာရီ ၀န်းကျင် ကတည်းက လမ်းသွား လမ်းလာတွေကို ရပ်ပြီး စစ်ဆေးနေတော့ ဘယ်သူမှ အပြင် သိပ်မထွက် ကြတော့ဘူး၊ ည ၉ နာရီ နောက်ပိုင်းဆို လမ်းမှာ လူ မရှိတော့ သလောက်ပဲ။ ည ၁၀ နာရီ ဆိုင်ကယ်နဲ့ ပြန်လာတဲ့ သူတွေကို ရဲက စစ်ပြီး ဆိုင်ကယ်ကို ထားခဲ့ခိုင်းပြီး လမ်းလျှောက် ပေးပြန်စေတယ်။ နောက်နေ့မှ ဆိုင်ကယ်ကို ရဲစခန်းမှာ သွားယူရတယ်။ ညဘက် အပြင် မထွက်အောင် ရည်ရွယ်ချက်နဲ့ လုပ်တာထင်တယ်´´ ဟု ပြောသည်။

ဧပြီလ ကုန်ခါနီးမှ စတင်သည့် လုံခြုံရေး တင်းကြပ်မှုများကြောင့် လက်ဖက်ရည်ဆိုင်၊ ညဘက် ရောင်းချရသည့် စားသောက်ဆိုင်များပါ ၀င်ငွေ ထိခိုက်လျက် ရှိသည်ဟု မြို့ခံများက ပြောသည်။

ယခင် ည ၁၀ နာရီခွဲ ၀န်းကျင်ထိ ရောင်းချရသော ဘီယာဆိုင် ပိုင်ရှင်တစ်ဦးက ပြောရာတွင် ယခုလို လုံခြုံရေး တင်းကြပ်ပြီးနောက် ည ၉ နာရီ ကျော်လျင် ဆိုင်တွင် မည်သူမျှ မရှိတော့သဖြင့် ဆိုင်သိမ်းလိုက်ရသည်ဟု ဆိုသည်။

လွန်ခဲ့သည့်လကုန်ခါနီးက ကျိုက်မရောမြို့တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ် ဇာသပြင် ကျေးရွာတွင်လည်း လက်နက်ကိုင် တစ်စုက ရွာတွင်း ၀င်ရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်ဟု မော်လမြိုင်မှ လာသော သတင်းများအရ သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts