>New Journal focus on 2010 Election – come out


>

ရွေးကောက်ပွဲကို အကြောင်းပြုပြီး ဂျာနယ်အသစ် ထွက်ရှိလာ
ဝင်းမြတ်၊ ရန်ကုန်
မေ ၁၁၊ ၂၀၁၀
လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို အကြောင်းပြုပြီး လျှပ်တစ်ပြက်ဂျာနယ်ကို ဦးစီး လုပ်ကိုင်နေတဲ့ မြတ်ခိုင်ကပဲ ဦးစီးပြီး `မော်နီတာ´ အမည်ရှိတဲ့ သတင်း ဂျာနယ်တစောင် ယခု သီတင်းပတ်မှာ စတင် ထုတ်ဝေခဲ့ ပါတယ်။
အမှုဆောင် အရာရှိချုပ် ရာထူးကို ၀ဏ္ဏကျော်ထင်-ပန်းချီဦးလှမြင့်ဆွေ နဲ့ ဥက္ကဋ္ဌက ဦးအောင်ကျော်ဦး လို့ ဖော်ပြထားပြီး အယ်ဒီတာချုပ်က မြတ်ခိုင် ဖြစ်ပါတယ်။ အိုင်ဒီယာ ကြော်ငြာကုမ္ပဏီရဲ့ ပိုင်ရှင်ဖြစ်သူ ဦးအောင်ကျော်ဦး ထုတ်ဝေတဲ့ လျှပ်တပြက်ဂျာနယ်၊ 1st Line Up အားကစားဂျာနယ် နဲ့ဆို ယခု ထုတ်ဝေလိုက်တဲ့ မော်နီတာ ဂျာနယ်က တတိယမြောက် ဂျာနယ် ဖြစ်ပါတယ်။
မော်နီတာ ဂျာနယ်ကို ရွေးကောက်ပွဲ အတွက်ရည်ရွယ်ပြီး ထုတ်ဝေတဲ့ ဂျာနယ်လို့ ဆိုပေမယ့် လတ်တလော ပါတီတွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေများကို ပြည်သူလူထု သိရှိအောင် လုပ်ဆောင်ပေးတဲ့ ပညာပေးကဏ္ဍတွေ သိပ်မတွေ့ရဘဲ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးဟောင်းများကို ယခင် ခေတ်ဟောင်း ဂျာနယ်များ၊ မဂ္ဂဇင်းတွေက ပြန်ကူးယူ ဖော်ပြထားတာက စာမျက်နှာ အားလုံးရဲ့ ၃ပုံ ၁ပုံလောက် ရှိတာ တွေ့ရပါတယ်။
ဥပမာ ဦးဗဆွေ ရေးတဲ့ ဗိုလ်ချုပ်ကျဆုံးတဲ့ အကြောင်း ဆောင်းပါး၊ ကိုပညာ(အမရပူရ) ရဲ့ဦးညိုမြရဲ့ ကိုအောင်ဆန်း၊ အထောက်တော်လှအောင်ရဲ့ ဆောင်းပါး တွေကို ပြန်လည် ကူးယူ ဖော်ပြတာမျိုးပါ။
ဒီနေ့ဖြစ်ပျက်နေတဲ့ ရွေးကောက်ပွဲ လှုပ်ရှားမှု သတင်း ဆိုလို့ ဒေါက်တာသန်းငြိမ်းနဲ့ အင်တာဗျူး၊ ဦးသုဝေ ပြောကြားချက် သတင်းတို အစရှိတဲ့ သတင်းနဲ့ ကြေညာချက် အနည်းအကျဉ်းသာ ပါရှိပါတယ်။ အထူးကဏ္ဍ အဖြစ် နိုင်ငံရေးသမားဟောင်း သခင်တင်မြ၊ သခင်လှကွန်းနဲ့ စာရေးဆရာကြီး ဒဂုန်တာရာ၊ မဆလ လမ်းစဉ်ပါတီရဲ့ သဘောတရားရေး ဂုရု ဖြစ်သူ ဦးချစ်လှိုင်တို့ရဲ့ စကားဝိုင်း ဆောင်းပါး ပါရှိတာ တွေ့ရပါတယ်။
ရွေးကောက်ပွဲ ကာလမတိုင်မီ သတင်း လွတ်လပ်ခွင့် မရှိဘူးလို့ ၀ိုင်းပြီး ဝေဘန် ပြောဆိုနေကြစဉ်မှာပဲ ၀န်ကြီးဌာနနဲ့ နီးစပ်သူ၊ အစိုးရရဲ့ပေါ်လစီကို ထောက်ခံ ရေးသားပေးမယ်လို့ ယုံကြည် စိတ်ချရသူတွေကိုသာ ဂျာနယ် ထုတ်ဝေခွင့် လိုင်စင် အသစ် ချပေးနေတာ တွေ့ရပါတယ်။ ဥပမာအားဖြင့် ယခု မော်နီတာဂျာနယ်နဲ့ တပြိုင်တည်းလောက် ထုတ်ဝေခွင့် ရတဲ့ Messenger ဂျာနယ်ကိုတော့ ဒုဗိုလ်ချုပ်ကြီး တင်အေးရဲ့ သားဖြစ်သူ ဦးစီးတဲ့ အီကိုဗီးရှင်း ဂျာနယ်တိုက်က ထပ်မံ ထွက်ရှိလာဦးမှာပါ။
ယခု မော်နီတာ ဂျာနယ်ကို ဦးစီးသူ မြတ်ခိုင်ဟာ ပြန်ကြားရေးဝန်ကြီးနဲ့ နီးစပ်သူလို့ ပြည်တွင်း သတင်းမီဒီယာ လောကမှာ နားလည်ထားကြပြီး စာပေစိစစ်ရေး ညွှန်ကြားရေးမှူးကိုတောင် ဂရုမထားဘဲ သတင်းဂျာနယ်နဲ့ ပတ်သက်ပြီး ၀န်ကြီးနဲ့ တိုက်ရိုက် စကားပြောနိုင်တဲ့သူ ဖြစ်တယ်လို့လည်း သိရှိထားကြပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts