>Rangoon – Mawlamyine Buses robbed by unidentified armed militias group

>

မော်လမြိုင်-ရန်ကုန်အဝေးပြေးကားများကို လက်နက်ကိုင်တို့က ဆက်ကြေးတောင်း

မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၉၊ ၂၀၁၀
မော်လမြိုင်မှ ရန်ကုန် ညအဝေးပြေး ကားများအား သထုံအလွန် ဘီးလင်းမရောက်မီစပ်ကြား ဒုံးဝန်းအနီးတွင် လက်နက်ကိုင် လူစုက ကားကိုတားဆီးပြီး ကားပိုင်ရှင်ထံမှ တစီးလျင် ကျပ်ငွေ ၄သိန်း၊ ၅သိန်း တောင်းယူသည့် ဖြစ်ရပ် မေလ ၁ရက်နေ့ည ဖြစ်ပွားခဲ့သည်။
ထိုနေ့ညက တားဆီးခံရသည့် ကားများအနက် တစ်စီးမှာ ရပ်တန့်မပေးပဲ ဆက်လက် မောင်းနှင်သွားသဖြင့် လက်နက်ကိုင် လူစုက ပစ်ခတ်ခဲ့ပြီး ကားမောင်းသူဒဏ်ရာရရှိခဲ့ကြောင်း ထိုနေ့ညက မော်လမြိုင်မှ စီးနင်းလာသည့် ခရီးသည် တဦးကပြောဆိုသည်။
“ကျွန်မတို့ ကားက ရွှေမန်းသူလိုင်း ကျွန်မတို့က လွတ်သွားတယ်။ ကျွန်မတို့နောက်က တခြားယာဉ်လိုင်းက ကားတစီးမရပ်ပေးလို့ သေနတ်နဲ့ လှမ်းပစ်တယ်လို့ ပဲခူးရောက်တော့ ကြားတာ´´
ဟု အဆိုပါ ခရီးသည်ကပြောပြသည်။
လွန်ခဲ့သည့် ၇နှစ် ၈နှစ်ဝန်းကျင်ကလည်း ရန်ကုန်-မော်လမြိုင် ကားလမ်း သထုံနှင့် ဘီးလင်းအကြားတွင် မကြာခဏ ကားပိုင်ရှင်များထံမှ ဆက်ကြေးတောင်းဆိုမှုများ ဖြစ်ပွားခဲ့ပြီး ထိုစဉ်က တစ်စီးကို ကျပ်ငွေ ၂သိန်းဝန်းကျင် တောင်းခဲ့သည်ဟု မော်လမြိုင်မြို့မှ အဝေးပြေးယာဉ်မောင်းသူတဦးကပြောသည်။
လက်နက်ကိုင် လူစူမှာ အစိုးရနှင့် အပစ်ရပ်သည့် လက်နက်ကိုင်သော်လည်းကောင်း၊ ကေအန်ယူသော်လည်းကောင်း သို့မဟုတ် နအဖ စစ်တပ်မှ တပ်သားများ ဖြစ်သည်ကိုသော်လည်းကောင်း ရှင်းရှင်းလင်းလင်း မည်သူမှ မသိရှိနိုင်ကြကြောင်း မော်လမြိုင်မြို့ခံတဦးက ပြောသည်။
အဆိုပါ သထုံနှင့် ဘီးလင်းမြို့အကြား ရန်ကုန်-မော်လမြိုင်ကားလမ်းကို ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်တို့မှ ရန်ကုန်သို့သွားသည့် ခရီးသည်တင်ယာဉ်များ ကုန်တင်ယာဉ်များလည်း အသုံးပြုလျက်ရှိပြီး ရန်ကုန်မော်လမြိုင်ကားများ အနေဖြင့် မော်လမြိုင်မှ ည ၈နာရီဝန်းကျင်ထွက်ခွါပြီး ထိုလမ်းပိုင်းသို့ ည ၁၀နာရီကျော်တွင် ရောက်ရှိရာ နောက်ကျသည့် အတွက် ပစ်မှတ်ထားခံရခြင်း ဖြစ်နိုင်သည်ဟု မော်လမြိုင်မြို့ခံ တချို့က ကောက်ချက်ချပြောဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts