>On USDA party on other politcal parites

>

ကြံ့ဖွံ့ပါတီအပေါ် အခြားယှဉ်ပြိုင်ပါတီအမြင်
ဘီဘီစီ အင်တာဗျုး ကောက်နုတ်ချက်
မေ ၈၊ ၂၀၁၀
မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် ခေါင်းဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပေါ် ရွေးကောက်ပွဲဝင်ဖို့ ပါတီတည်ထောင်ခွင့်ရထားတဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီက ပထမဆုံးအကြိမ် ကြေညာချက်တရပ်ထုတ်ပြန်ပြီး စတင် ဝေဖန်လိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကို ဘန်ကောက် ဝိုင်းတော်သား ဦးကိုကိုအောင်က ဆက်သွယ်ပြီး မေးမြန်းထားပါတယ်။

ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ ကြေညာချက်မှာပြောတာက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ အာဏာရပါတီလိုဖြစ်နေပြီးတော့ နိုင်ငံပိုင်ငွေကြေးတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ရယူသုံးစွဲခြင်းရှိမရှိဆိုတာ သံသယဖြစ်စရာရှိနေတယ် ဆိုတဲ့အကြောင်းနဲ့ နအဖ အနေနဲ့က သမာသမတ်ကြားနေပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအစား ကြားဖြတ်အစိုးရတခုခုကို ဖွဲ့စည်းပြီး တာဝန်ပေးသင့်တယ်လို့ ဆိုထားတာပါ။
သဘောကတော့ ဝန်ကြီးချုပ် ဦးသိန်းစိန်အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ အတွက်ဆိုလို့ရှိရင် တပ်မတော်က နှုတ်ထွက်လိုက်သလို အစိုးရအဖွဲ့ကပါနှုတ်ထွက်ဖို့ ဆိုလိုတာလားလို့ ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကို ကျနော်က မေးကြည့်တော့ သူက အခုလိုပြောပါတယ်။
“ဟုတ်ပါတယ်။ တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုကြားမှာ အရွေးချယ်ခံမယ်ဆိုတာ ကောင်းတဲ့လက္ခဏာပါ။ နိုင်ငံတကာမှာလည်း ဒီလိုဟာမျိုးတွေ ရှိဖူးပါတယ်။ ဒါပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးက အမျိုးသားရေး အသင်းအဖွဲ့ပုံစံနဲ့ ထူထောင်တဲ့အတွက် ဝန်ထမ်းတွေပါတယ်၊ နိုင်ငံတော်ပိုင် ငွေကြေးတွေ သုံးစွဲမှုတွေရှိမယ်၊ အဲဒီ အခြေအနေတွေကိုတော့ သူတို့ ရွေးကောက်ပွဲဥပဒေအရ လိုက်နာသင့်ပါတယ်။
တဖက်မှာရှိတာကတော့ ဗိုလ်ချုပ်ကြီး သိန်းစိန်ဦးဆောင်တဲ့ပါတီက အာဏာရပါတီလို ဆောင်ရွက်လို့မရပါဘူး။ သူကလည်း နိုင်ငံရေးပါတီတခုလိုရပ်တည်ပြီး ရွေးကောက်ပွဲကိုဖြတ်သန်းဖို့ လိုပါတယ်။ အဲဒီအတွက် တကယ်လို့ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးသိန်းစိန်က ဦးသိန်းစိန်အဖြစ် ပါတီကို ဆက်လက်ဦးဆောင်ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ကြားနေပြီး သမာသမတ်ကျမယ့် အစိုးရသစ်တရပ်ကို ဖွဲ့စည်းသင့်တယ်လို့ ကျနော်တို့ ပြောတာပါ။
ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ တသီးတခြားစီဖြစ်တယ်လို့ ဦးသိန်းစိန် ဦးဆောင်တဲ့ပါတီကနေ ရှင်းရှင်းလင်းလင်း ဆောင်ရွက်နိုင်မယ်ဆိုရင် ရွေးကောက်ပွဲဥပဒေအရသော်လည်းကောင်း၊ ပြည်သူလူထုရဲ့ အမြင်အရသော်လည်းကောင်း တအားကိုကောင်းပါတယ်၊ ရှင်းလင်းသွားနိုင်ပါတယ်”
ဒါပေမယ့် အခုက ဒီကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းထဲမှာပါနေတဲ့ အစိုးရဝန်ကြီးတွေကပဲ စစ်တပ်ရာထူးတွေကို နှုတ်ထွက်ပြီးတော့ ဝင်အရွေးခံတာဆိုတော့ တကယ်တမ်း အဲလိုခွဲခြားမယ်ဆိုလို့ရှိရင်ကော ဘယ်လိုခွဲခြားမှာလဲခင်ဗျ။ ခွဲခြားလို့ရပါ့မလား၊ လူတွေ လက်ခံပါ့မလား။
“မှန်ပါတယ်၊ လူထု ခွဲခွဲခြားခြား သိမြင်အောင်ဆောင်ရွက်ဖို့က တော်တော်ခက်ခဲပါတယ်။ ဒီအခြေအနေအတွက် ကျနော်တို့ ဒီနေ့ကြေညာချက်ကို ထုတ်လိုက်တာပါ”
ဟုတ်ကဲ့၊ နောက်တခုက ကြားနေဖို့အတွက်ပြောတဲ့အပိုင်းမှာ အစိုးရအနေနဲ့က သူတို့သွားတဲ့လမ်းကြောင်းအရ ဒီဥစ္စာက သူတို့လက်ခံပါ့မလား။
“ဒါ ကျနော်တို့က အခုကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံနိုင်ဖို့အတွက် အကောင်းဆုံးဖြစ်နိုင်တဲ့ အခြေအနေကို ကျနော်တို့ အကြံပြုတာပါ”
ကဲ … ထားပါတော့ဗျာ၊ အခု ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကျနော်တို့ နိုင်ငံရေးသက်သက်ပဲ လုပ်ပါတယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးကနေပြီးတော့ နိုင်ငံတော်ပိုင် ငွေကြေးတို့၊ မြေတို့၊ အိမ်ရာ အဆောက်အဦ အစရှိသည်ဖြင့် အသုံးပြုတာတွေနဲ့လည်း ကျနော်တို့ ကင်းရှင်းပါတယ်၊ အစိုးရအဖွဲ့ကနေပြီးတော့လည်း နှုတ်ထွက်ပါတယ်ဆိုတဲ့ အခြေအနေမျိုး တကယ်လုပ်တယ်ပဲထားဦး။ လက်ရှိအာဏာရ နအဖ အနေနဲ့ တရားမျှတတယ်လို့ ပြောလို့ရမှာလားခင်ဗျ။
“အခုဖြစ်ပေါ်နေတဲ့ အခြေအနေထက်တော့ ပိုမိုကောင်းမွန်တဲ့ အခြေအနေသစ်တရပ် ဖြစ်လာမှာပါ။ အခုဆောင်ရွက်တဲ့ အခြေအနေကတော့ တအားကို ရုပ်ဆိုးနေပါတယ်”
အဲတော့ အဲလိုအခြေအနေမျိုးမှာ ပြည်ထောင်စုဒီမိုကရေစီပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ဆက်ပြီး စဉ်းစားဦးမှာလား။
“ရွေးကောက်ပွဲကို ပါဝင်ဖြတ်သန်းမှသာလျှင် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိတယ် မရှိဘူးဆိုတာကို ကျနော်တို့ ဝင်ရောက်စွက်ဖက်လို့ရမှာပါ”
ကျနော်သိသလောက်ဆိုရင် ပြည်ထောင်စုဒီမိုကရေစီပါတီဟာ မှတ်ပုံတင်ပြီးတော့ ပါတီတည်ထောင်ခွင့်ရထားတဲ့ အဖွဲ့အစည်းတွေထဲက အစိုးရရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ပထမဦးဆုံးအကြိမ် ဝေဖန်တဲ့ပါတီလို့ ကျနော်ထင်ပါတယ်။ အဲလို ဝေဖန်တဲ့အတွက် ပါတီကိုပြန်ပြီးတော့ အာဏာရအစိုးရက လက်စားချေမှာကော မစိုးရိမ်ဘူးလား။
“ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ အမှန်တရားအတွက် ကျနော်တို့ ဆောင်ရွက်သွားမှာပါ” 
ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts