ဟံသာဝတီ ဦးဝင်းတင်

MoeMaKa Questions for U Win Tin – International Community


>

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
မေ ၇၊ ၂၀၁၀
နိုင်ငံတကာ မိသားစုများ၊ အသိုင်းအ၀ိုင်းများနဲ့ အင်န်အယ်ဒီပါတီ
မိုးမခက ဆရာဦးဝင်းတင်နဲ့ အင်တာဗျူးများ စီစဉ်ခဲ့ရာမှာ – ဆရာရဲ့ ပါတီနဲ့ ဒေါက် ၄ ဒေါက် ၊ ဂွင် လေး ဂွင် အကြောင်းကို အပိုင်းလိုက် ဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။ ပထမအနေနဲ့ – ပါတီနဲ့ လူထုဆက်ဆံရေးမှာ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်ငန်းတွေ လုပ်သွားမယ်။ အဲသည်မှာ လူထုအတွက် လိုအပ်နေတဲ့ လူမှုရေးလုပ်ငန်းတွေလည်း ပါလာမယ် ဆိုတာကို ပြောခဲ့ပါတယ်။
ဒုတိယအနေနဲ့ ပါတီနဲ့ ပါတီဝင်များ တည်ဆောက်ရေးမှာ ယခင်က ပါတီရှင်သန်ရေးကို ကိုင်စွဲခဲ့လို့ နားလည်မှုလွဲခဲ့ရ၊ ဝေးကွာသွားခဲ့ရတဲ့ ပါတီဝင်တွေ၊ လူငယ်တွေ၊ အမျိုးသမီးတွေ၊ အင်အားစုတွေ အားလုံး အစုအဖွဲ့အလိုက် ပြန်လည် လက်တွဲကြမယ်။ တည်ဆောက်ကြမယ် ပြီးတော့ ဒီမိုကရေစီရေးကို ရှေးရှုကြမယ်လို့ ထုတ်ဖော်ရှင်းပြခဲ့ပါတယ်။
တတိယအချက်ဖြစ်တဲ့ ပါတီနဲ့ မဟာမိတ်များတည်ဆောက်မှုမှာ – ၉၀ ရွေးကောက်ပွဲရဲ့ ရလဒ် နဲ့ ပါတီ ရပ်တည်မှုကို မစွန့်လွှတ်တဲ့အတွက် ပါတီနဲ့အတူ လက်တွဲခဲ့ကြတဲ့ မဟာမိတ် အင်အားစုတွေနဲ့ ရေရှည် ရပ်တည်နိုင်ခဲ့တယ်။ အဲသည်ရဲ့ အကျိုးကိုပဲ ကြည့်ပြီး စီအာရ်ပီပီ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ မျိုးဆက်သစ် ကျောင်းသားများ၊ လူငယ်များ၊ အမျိုးသမီးများ၊ ရဟန်းသံဃာတွေနဲ့ ဆက်လက် လက်တွဲသွားကြမယ် ဆိုတဲ့ အကြောင်းကို ရှင်းပြခဲ့ပါတယ်။
နောက်ဆုံး စတုတ္ထအချက်ဖြစ်တဲ့ နိုင်ငံတကာမိသားစုများနဲ့ ဆက်ဆံရေး အခန်းကဏ္ဍမှာတော့ ဆရာက သံတမန်များ၊ နိုင်ငံအစိုးရအဖွဲ့အစည်းများ ဆက်ဆံရေးကိုသာမက ပြည်တွင်း ပြည်ပက စာနယ်ဇင်းနယ်ပယ်များနဲ့ ဆက်ဆံရေးများ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ မြန်မာများ၊ မိသားစုများနဲ့ ဆက်ဆံရေးများ၊ အခြေအနေများနဲ့ အလားအလာများ၊ ဆန္ဒများကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
မိုးမခက ပထမဦးဆုံး ပြောမိတဲ့အချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီတရပ်ကို ပြည်တွင်းက လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများသာမက ပြည်ပက အစုအဖွဲ့များကလည်း တွေ့ဆုံခဲ့ကြတယ်။ ဒါကို ပုံမှန်ဆက်ဆံရေးလိုမျိုး အများပြည်သူတွေက မမြင်နိုင်အောင် စစ်အစိုးရ စာနယ်ဇင်းများကနေ အစဉ်တစိုက် အဆိုးမြင်တဲ့ ပြောဆိုမှုများဖြစ်တဲ့ အနောက်အုပ်စုရဲ့ ကြိုးကိုင်ခြင်းခံနေရတယ်၊ ဆူပူလှုံဆော်မှုတွေကို ကြံစည်နေတယ်လို့ စွတ်စွဲခဲ့တာတွေ အကြောင်းကို ဖြစ်ပါတယ်။
“ကျနော်တို့ကတော့ အမြဲတန်း အားလုံးနဲ့ သံအမတ်တွေမှ မဟုတ်ဘူး၊ လူတိုင်းနဲ့ အစုအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ တခါးဖွင့်ထားတဲ့ သဘောထားပဲ ရှိပါတယ်။ ဘာမှ ကန့်သတ်နေစရာ၊ လျို့ဝှက်နေစရာတွေ မရှိပါဘူး။ အခုလည်း ဧည့်သည်သံတမန်အဖွဲ့တခု လာမယ်လို့ ပြောတဲ့အခါ တွေ့ဆုံကြဖို့ ကြိုတင်စီစဉ်နေတယ်။ အခု မေလ ၆ ရက်ကျော်သွားတော့ ပါတီရဲ့ ရုံးခန်းမှာ ဆုံကြမလား၊ သူတို့ သံရုံးတို့၊ သံတမန်အိမ်မှာ ဆုံကြမလား စဉ်းစားရတာပေါ့။ အာဏာပိုင်တွေဖက်ကလည်း တရားဝင် ကန့်ကွက်တာမျိုး၊ ပိတ်ပင်တာမျိုးတွေ မရှိဘူးလို့လဲ ယူဆပါတယ်။”
အဲသည်မှာ မိုးမခဖက်က မေးမိတဲ့ မေးခွန်းတခုက မေလ ၆ ရက်နေ့ကျော်သွားရင် ၂၀၁၀ ရွေးကောက်ပွဲဥပဒေအရ အင်န်အယ်ဒီက မှတ်ပုံမတင်လို့ နိုင်ငံရေးပါတီအဖြစ် အလိုအလျောက် ပျက်ပြယ်တယ်လို့ ဆိုတယ်။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ၂၀၀၈ အခြေခံဥပဒေကို လက်မခံတဲ့ အနေနဲ့ ကန့်ကွက်တဲ့ အနေနဲ့ အင်န်အယ်ဒီက ထပ်မံမှတ်ပုံမတင်တာ ဖြစ်တယ် ဆိုတော့ – “ဥပဒေအရ တရားဝင်ပါတီ မဟုတ်တော့ဘူး” လို့ ရေးနေ ပြောနေကြတဲ့ အသုံးအနှုန်းမှာ “၂၀၁၀ ရွေးကောက်ပွဲဥပဒေအရ” ဆိုတာကိုမျိုး အတိအကျ မပြောသင့်ဘူးလား၊ ပြီးတော့ နိုင်ငံတကာကကော အင်န်အယ်ဒီပါတီကို ပျက်ပြယ်သွားတဲ့ ပါတီလို့ သဘောထားပြီး ဆက်ဆံနေကြတာလား၊ ဘယ်လိုမျိုး ဆက်ဆံနေတယ်လို့ ထင်ပါသလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
“ဒါကတော့ အခုအချိန်မှာ အရှိကို အရှိအတိုင်း ကျနော်တို့က ပြောရတာဖြစ်တယ်။ အသေးစိတ်ကို ပြောရင်တော့ ခုနင်ကပြောသလို ၂၀၁၀ ရွေးကောက်ပွဲဥပဒေနှင့် ၂၀၀၈ အခြေခံဥပဒေကို ကန့်ကွက်တဲ့ အတွက်၊ အသိအမှတ်မပြုတဲ့အတွက် ထို၂၀၁၀ ဥပဒေကို မလိုက်နာဘူး ဆိုတာကို ထုတ်ဖော်တဲ့ လှုပ်ရှားမှု ဖြစ်တယ်။ ပါတီကို မတရားတဲ့ဥပဒေမှာ သွားပြီး ထပ်မံ မှတ်ပုံမတင်ဘူး။ အဲလို ပြောရမယ်။ ဒါပေမယ့် တိုတိုပြောနေကြတာက ဥပဒေအရ ပျက်ပြယ်သွားတဲ့ ပါတီ လို့ ဖြစ်နေတာပေါ့ဗျာ။ ၁၉၉၀ ရွေးကောက်ပွဲနဲ့ အဲသည်တုံးက ဥပဒေများအရ ဒါတွေကို တရားဝင်အဖြစ် စွဲကိုင်ထားသမျှ အင်န်အယ်ဒီဟာ ရပ်တည်တည်နေဆဲဖြစ်တယ်။ ဒါကိုတော့ နိုင်ငံတကာက နားလည်ပါတယ်။
သို့သော် လက်ရှိသူတို့ဥပဒေအရတော့ ကျနော်တို့ရုံးခန်းတွေမှာ ပါတီဆိုင်ရာ အခမ်းအနားတို့၊ ထုတ်ပြန်ချက်တို့၊ ပွဲတွေ၊ အစည်းအဝေးတွေ လုပ်ဖို့က ဇွတ်လုပ်လို့ မရနိုင်ဘူးပေါ့။ သည်လိုတော့ ကျနော်တို့က ထုတ်ပြောရမယ်။ ပါတီရပ်တည်ချက်အရ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို ကန့်ကွက်တာ ဆိုတော့ နိုင်ငံရေးအရ ပါတီဟာ ဆက်ရှိနေတာတော့ သေချာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့ဆီမှာလည်း လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက မှတ်ပုံတင်ပြီး ရပ်တည်နေတဲ့ ပါတီ။ ကိုယ့်ဖာသာကို ဖျက်ပစ်တဲ့ ပါတီ မဟုတ်ဘူး။ မတရားတဲ့ ဥပဒေကို ကန့်ကွက်တဲ့ ရပ်တည်မှု၊ ထုတ်ဖော်ပြသမှုဖြစ်တယ်။ ပြောခဲ့ပြီးပါပြီ။ ပါတီကို ဥပဒေနဲ့ ဖျက်လို့ မရဘူး။ ပါတီက စိတ်ဓာတ်ပိုင်းဆိုင်ရာက ဆက်လက် ရှိသွားမယ်။ ဒါမျိုး ပြောတာ ဖြစ်ပါတယ်။”
အဲသည်မှာ မိုးမခက ဆွေးနွေးမိတဲ့အချက်က အင်န်အယ်ဒီပါတီက ရွေးကောက်ပွဲနိုင်ပြီးတဲ့နောက်ပိုင်း နည်းမျိုးစုံနဲ့ စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ ကြိုးစားခဲ့တယ်။ လွှတ်တော်ခေါ်ပေးဖို့၊ လွှတ်တော်ခေါ်ပြီး အနည်းဆုံး အခြေခံဥပဒေ ရေးဆွဲဖို့ ပြောခဲ့ဘူးတယ်။ စစ်အစိုးရက လွှတ်တော်မခေါ်ဘဲနဲ့ အမျိုးသားညီလာခံနဲ့ အခြေခံဥပဒေရေးဆွဲဖို့ ကြိုးစားတော့လည်း ပါတီက ညီလာခံတက်ပြီး ဆောင်ရွက်ခဲ့တယ်။ စစ်အစိုးရရဲ့ အခြေခံဥပဒေရေးဆွဲပုံကို လက်မခံလို့ ညီလာခံကို ကန့်ကွက်ခဲ့တယ်။ အဲသည်လို ရပ်တည်ချက်တွေတလျောက်လုံးမှာလည်း အင်န်အယ်ဒီဟာ စစ်အုပ်စုရဲ့ တိုက်ခိုက်ဖျက်ဆီးမှုတွေ ကြံ့ကြံ့ခံခဲ့ရပြီး ဖြစ်တယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။ သည်တခေါက်မှာတော့ အင်န်အယ်ဒီပါတီရဲ့ ပြတ်သားတဲ့ ရပ်တည်ချက်ကြောင့် အခုလိုမျိုး ပြည်တွင်းကကော၊ ပြည်ပကပါ ပိုပြီး ဂရုစိုက်မှု၊ အာရုံစိုက်မှုတွေ ခံလာရတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။
“ဟုတ်ပါတယ်။ ကျနော်တို့က အခုလိုမျိုး ရှင်းလင်းပြောပြတယ်။ မေးခွန်းတွေကို ဖြေတယ်။ သံတမန်တွေကိုလည်း ပြောပါတယ်။ ကျနော်တို့ သဘောထားကို တိုက်ရိုက် ပွင့်ပွင့်လင်းလင်း လာမေးပါ။ ဖြေပါ့မယ်။ ပြီးတော့ နေပြည်တော်ကို သံတမန်တွေ သွားတွေ့ကြမယ် ဆိုရင်လည်း ကျနော်တို့တွေ၊ တိုင်းရင်းသားတွေနဲ့ အရင်လာတွေ့ပြီးမှ သွားကြပါ။ သဘောကတော့ ကျနော်တို့ဖက်က သဘောထားတွေကို အရှိအတိုင်း ဟိုမှာ ဆွေးနွေး ထုတ်ဖော် ပြောဆိုခဲ့ချင်ရင် ပြောဆိုလို့ရအောင် ကျနော်တို့ဖက်က ကြိုးစားတဲ့သဘော ဖြစ်ပါတယ်။
နောက် ပြောချင်တာတခုကတော့ ကျနော်တို့တွေရဲ့ ရပ်တည်ချက်နဲ့ နိုင်ငံရေးသဘောထားကို အမြဲတမ်း ထိတွေ့ သိရှိနေဖို့တွက် ကျနော်တို့တတွေက သံတမန်တွေ၊ မီဒီယာတွေ၊ အစိုးရမဟုတ်တဲ့ အစုအဖွဲ့တွေကို ကျနော်တို့က ကြိုဆိုပါတယ်။ ဦးတင်ဦး၊ ဦးဉာဏ်ဝင်း၊ ဦအုန်းကြိုင်၊ ဦးဟံသာမြင့် စသည်ဖြင့် တွေ့ပါ၊ ဆက်သွယ်မေးမြန်းကြပါ။ ကျနော်တို့က အစကတည်းက ကြိုတင် ကန့်သတ်ထားတာတွေ မရှိပါဘူး။ ဒါကို ပြောချင်တယ်။
ကျနော်တို့ကို ရင်းရင်းနှီးနှီး ဆက်ဆံနေတဲ့ နိုင်ငံတကာက သံအဖွဲ့တွေကို ကြည့်မယ်ဆိုရင် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမဏီ၊ အီတလီ ဆိုတဲ့ အနောက်နဲ့ ဥရောပနိုင်ငံအချို့ ဖြစ်နေတယ်။ ပြီးတော့ ဂျပန် ရှိတယ်။ သိပ်များများကြီး ဆက်ဆံရေးတွေ မရှိပါဘူး။ ဒါက နှစ်ဖက်စလုံးက ဖွင့်ပြီး ဆက်ဆံကြရတာ ဖြစ်တယ်။ နောက်ပြီးတော့ အရှေ့နဲ့ အာဆီယံနိုင်ငံတွေက ကျနော်တို့နဲ့ ဆက်ဆံရေး မရှိဘူး ဖြစ်တယ်။ ကျနော်တို့က အမြဲ တခါးဖွင့်ပြီး ထားပါတယ်။ သူတို့ဖက်က ဘယ်လို သဘောထားရှိသလဲဆိုတာ ကျနော် မသိပါဘူး။ ဆက်ပြီး ကြိုးစားနေရမှာ ဖြစ်တယ်လို့ ထင်ပါတယ်။ အဲသည်မှာ နိုင်ငံတကာက အသိုင်းအ၀ိုင်းတွေကလည်း အရှေ့နဲ့ အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေး ရရှိလာအောင် တိုက်တွန်းပေးကြဖို့လဲ ပြောချင်ပါတယ်။”
အဲသည်မှာ မိုးမခက ဆက်လက်မေးမြန်းဖြစ်တာက တရားဝင်သည်ဖြစ်စေ၊ မ၀င်သည် ဖြစ်စေ မြန်မာပြည် စစ်အုပ်စုလက်ထက်မှာ အတိုက်အခံနိုင်ငံရေးပါတီတွေမှာ တရားဝင် ပြန်ကြားရေး၊ ဆက်သွယ်ရေးတွေ လုပ်ခွင့်၊ ရပ်တည်ခွင့် မရှိဘူး။ ဒါတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်တဲ့အတွက် ယခုအချိန်မှာ အန်အယ်ဒီရပ်တည်ချက်နဲ့ သဘောထားတွေကို ပြည်တွင်းစာနယ်ဇင်းတွေမှာ ဖော်ပြခွင့် မရကြဘူး။ ပြည်ပက စာနယ်ဇင်းတွေကတဆင့် လူထုကော၊ နယ်က ပါတီဝင်တွေက သိရှိနေကြရတာ ဖြစ်နေတယ်။ အဲသည်အတွက် ဆက်လက်ပြီးတော့ ပါတီက ဘယ်လိုမျိုး မီဒီယာတွေနဲ့ ဆက်ဆံရေးတွေ ထူထောင်သွားမှာလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
“ဒီနေရာမှာ ကျနော်တို့ နိုင်ငံရေးရပ်တည်ချက်ဆိုတာကို ထပ်ပြောရရင် – အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စသည့်အချက်တွေ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဥပဒေအရ တရားမ၀င် ဖြစ်တယ်လို့ ပြောပေမယ့် မတရားတဲ့ ဥပဒေကို ကန့်ကွက်တဲ့ ရပ်တည်မှု ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်တယ်။
မီဒီယာကိစ္စကတော့ ကျနော်တို့ဖက်က ဆက်သွယ်ခေါ်ဆိုခွင့် မရကြတော့ ပြင်ပက ဆက်သွယ်ခေါ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီး တုန့်ပြန်ရတယ်။ သဘောထားတွေ ပြောကြရတယ်။ ပြည်ပက ရေဒီယိုအစီအစဉ်တွေ အပြင် အင်တာနက်တွေ ဖြစ်တဲ့ ဧရာဝတီ၊ မဇ္ဈိမ၊ ခေတ်ပြိုင်၊ နေရဉ္စရာ စတဲ့သူတွေနဲ့လည်း ပြောဆိုနေရတာပဲ။ နိုင်ငံတကာက မီဒီယာနဲ့ ဆက်ဆံရေးမှာလည်း ကြောက်ရွံစိုးရိမ်နေတာ၊ ထိန်းပြောရတာ မရှိတော့၊ ဖွင့်ပြီး ပြောနေရတော့ ကောင်းပါတယ်။ ကြိုက်တာ သုံးကြပါ။ ကိုးကားကြပါ။ အဲသည်လိုမျိုး ပြောချင်ပါတယ်။
ဒါ့အပြင် မေ ၆ ရက်နောက်ပိုင်းမှာ ပြည်သူတွေနဲ့ တသားတည်း ဖြစ်နေတော့မယ့် နယ်အသီးသီးက အင်န်အယ်ဒီပါတီဝင်တွေနဲ့လည်း မီဒီယာတွေက ဆက်သွယ်ပြီး ပြောကြ ဆိုကြပါ။ ပါတီအကြောင်း ပြောတာထက် နယ်မြေအသီးသီးက အဲသည်နယ်က လူတွေအကြောင်း ကို ပြောဆိုထုတ်ဖော်ပေးကြဖို့ သူတို့ ဆောင်ရွက်နိုင်တယ်။ အဲသည်အလုပ်ကလည်း လူထုအရေးကို ဖော်ထုတ်ရမယ့် အလုပ်ဖြစ်ပါတယ်။ ပဲခူး၊ ကျောက်ပန်းတောင်း၊ မိတ္ထိလာ၊ ရေနံချောင်း၊ မန္တလေး၊ ဧရာဝတီ စသည်ဖြင့်တွေ ရှိပါတယ်။ အဲသည်လိုမျိုး ပြောချင်ပါတယ်။”
နယ်ကိစ္စပြောမိလို့ ပဲခူးဖက်က အင်န်အယ်ဒီဆိုင်းဘုတ် ဖြုတ်ချလိုက်တဲ့အပေါ်မှာ ဦးဝင်းတင်ရဲ့သဘောထားကို မေးမြန်းမိပါတယ်။
“အင်န်အယ်ဒီပါတီမှာ မြို့နယ် ၃၀၀ ကျော် အစုအဖွဲ့တွေ ရှိပြီး ဖြစ်တယ်။ သူ့အခြေအနေနဲ့ သူ ရပ်တည်နေကြရတာ ဖြစ်တယ်။ ပါတီဆိုင်းဘုတ်ဖြုတ်လိုက်ရတယ်။ ပါတီကို တရားဝင် ရပ်ခွင့် မပေးဘူးဆိုတာက ပါတီက ရေနည်းငါး ဖြစ်သွားတာ မဟုတ်ဘူး။ တာဘောင်တွေ ကျိုးသွားလို့ ပြည်သူလူထုရင်ခွင်ထဲကို ရောက်သွားတာ။ ရေထဲ ရောက်သွားတယ် လို့ ပြောချင်ပါတယ်။
ဦးမြတ်လှတို့ဖက်က ပြောတာက သူတို့ဥပဒေအရ ရာဇ၀တ်မှုမြောက်တယ် ဘာညာနဲ့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဖြုတ်ချတယ်။ ပါတီကလည်း နယ်တွေရဲ့ အခြေအနေတွေကို နားလည်ပေးရပါမယ်။ အဲသည်မှာ ပြောထားပြီးပြီပဲလေ။ ပါတီရှိနေသည့်အတိုင်း ဆက်လုပ်သွားမယ်လို့ ပြောထားတာပဲ။
အခုအချိန်က ပါတီက တိုးချဲ့ဖို့အတွက် ဖြစ်ပါတယ်။ ကိုယ့်နေရာ သဘာဝအရ အစုအဖွဲ့တွေ ဖြစ်လာမယ်။ ခေါင်းဆောင်မှုတွေကိုလည်း ကိုယ့်ဖာသာကိုယ် ဖွဲ့စည်းပါ။ လူငယ်တွေ၊ အမျိုးသမီးတွေ၊ နေရာဒေသအလိုက် ဆက်သွယ်ကြပါ။ ဒါမျိုးတွေ ဖြစ်လာမယ်။ ပြီးတော့ လူထုနိုင်ငံရေးရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ လူမှုရေးလုပ်ငန်းတွေ အခက်အခဲတွေ ထုတ်ဖော်ကြပါ။ အဲလို ပြောချင်ပါတယ်။”
အဲသည်မှာ ဆရာကို မေးတဲ့ မေးခွန်းကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆိုတဲ့ အတိုင်းအတာ ဖြစ်ပါတယ်။ နိုင်ငံတကာ မိသားစုတွေထဲမှာ သံတမန်တွေ၊ အစိုးရအဖွဲ့တွေအပြင် မြန်မာ့အရေးကို အမြဲတမ်း ဖော်ထုတ် ပြောဆိုနေပြီး၊ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ၊ လှုံ့ဆော်မှုတွေ ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေ ရှိနေတယ်။ ပြီးတော့ မြန်မာအရေးကို တစိုက်မတ်မတ် ဆောင်ရွက်နေကြတဲ့ မြန်မာမိသားစု အစုအဖွဲ့တွေ၊ မြန်မာမဟုတ်တဲ့ နိုင်ငံတကာ မိသားစုတွေ ရှိနေပါတယ်။ အဲသည်အတွက် အင်န်အယ်ဒီက သူတို့တွေနဲ့ ဘယ်လို သဘောထားမှာလဲ။ သူတို့တွေကို ဘယ်လို မျှော်လင့်သလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
“ကျနော်တို့က နိုင်ငံတကာနဲ့ ဆက်ဆံရေးကို ထူထောင်တဲ့နေရာမှာ အခုနောက်ပိုင်းဆိုရင် ကျနော်တို့ ထုတ်ပြန်ကြေညာချက်တွေမှာ ထင်ရှားလာတဲ့ အချက်တွေ ရှိလာတယ်။ ဥပမာ မေဒေးနေ့ကဆိုရင် မြန်မာပြည်ရဲ့ အလုပ်သမားတွေ၊ လယ်သမားတွေရဲ့ အခြေအနေကို ထုတ်ပြောတယ်။ ဒါတွေကို မြန်မာပြည်အတိုင်းအတာအပြင် နိုင်ငံတကာအတိုင်းအတာ အိုင်အယ်အို၊ ယူအင် အတိုင်းအတာနဲ့ ဘယ်လို အရေးယူ ဆောင်ရွက်ကြလို့ ရတယ်။ စသည်ဖြင့် ပြောထားတယ်။
စစ်အစိုးရ ငြိုငြင်မှာစိုးလို့ ဆိုပြီး အယင်တုံးက မပြောတဲ့ ကိစ္စတွေကို ပြည်တွင်းမှာကော ပြည်ပ အသိုင်းအ၀ိုင်းတွေကိုပါ ထုတ်ဖော်ပြောဆိုလာတာကို တွေ့ရပါတယ်။ အဲသည့်အရင်ကဆိုရင် – မြေမြုပ်မိုင်းကိစ္စတွေမှာ အင်န်အယ်ဒီပါတီ သဘောထားကတော့ ဘယ်လိုဆိုတာ ထုတ်ပြောတယ်။
နိုင်ငံရေးအကျဉ်းသားတွေ၊ HIV ကိစ္စ၊ နာဂစ်နစ်နာချက်တွေ၊ ၉၀ ရလဒ်ကို အခြေခံပြီး ပြည်သူ့လွှ့တ်တော်ကိုယ်စားလှယ်တွေက တရားစွဲတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စာနယ်ဇင်း လွတ်လပ်ခွင့်၊ ပညာရေးအားနည်းချက်၊ ဒါတွေကို ထုတ်ဖော် ပြောဆိုလာပါတယ်။ ဒါက ပြည်ပက အစိုးရတို့၊ ယူအင်န်တို့ အတိုင်းအတာထက် ကျော်လွန်ပြီး အများအားလုံးနဲ့ သက်ဆိုင်လာတယ်။ စစ်အစိုးရရဲ့ လစ်ဟင်းမှုတွေကို ထင်ရှားအောင် ဆောင်ရွက်တာတွေ ဖြစ်ပါတယ်။ အဲသလို ပြောချင်ပါတယ်။
ဒါ့အပြင် ကျနော့်အနေနဲ့ ပြည်တွင်းက အခြေအနေတွေတင်မဟုတ်ပဲ နယ်စပ်ဒေသက ဒုက္ခသည်တွေ၊ ဥပမာ မလေးရှားမှာ မြန်မာတွေ အခက်အခဲရင်ဆိုင်နေရတာတွေ ရှိတယ်။ ကျနော်တို့ကလည်း အာရုံပြုရမယ်။ ပြီးတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ၀ိုင်းဝန်းကူညီ ဆောင်ရွက်နေသူတွေကို အားပေးရမယ်၊ ကျနော်တို့ဆီက မိသားစုတွေကလည်း ၀ိုင်းကြဖို့ တိုက်တွန်းရမယ်။ အဲသလိုမြင်ပါတယ်။
နောက်ပြိးတော့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်ပကို ရောက်နေတဲ့ အင်န်အယ်ဒီပါတီဝင်တွေရဲ့ လှုပ်ရှားမှုတွေကလည်း ပြည်ပမှာလည်းပဲ လူထုကို မျက်နှာမူတဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာတာမျိုးတွေကို ကျနော်သဘောကတော့ ဖြစ်စေချင်တာပေါ့လေ။ အဲသလိုမျိုး လက်တွဲလာကြတာမျိုး။”
အဲသည်မှာ ဆရာ့ကို ဆွေးနွေးဖြစ်တဲ့အကြောင်းအရာကတော့ – နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ မြန်မာပြည်အပေါ် သဘောထားဖြစ်ပါတယ်။ အနောက်နိုင်ငံများက စစ်အစိုးရကို စီးပွားရေး၊ ငွေကြေးဈေးကွက်အရ ပိတ်ဆို့အရေးယူကြတယ်။ အဲသည်အရေးယူမှုများနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူများကို ထောက်ခံကြောင်း၊ စစ်အစိုးရကို သဘောမတူကြောင်း ပြသကြတယ်။ ဒ့ါအပြင် ကုလညီလာခံ၊ ကုလလုံခြုံရေးကောင်စီ၊ နိုင်ငံတကာ ဥပဒေနဲ့ အခွင့်အရေးချိုးဖောက်မှုများ စတဲ့ ဖက်ပေါင်းစုံက အရေးယူနိုင်ဖို့၊ စသည်ဖြင့် ကြိုးစားနေကြပါတယ်။ အီရန်၊ မြောက်ကိုရီးယားထက် နှိုင်းယှဉ်လိုက်ရင် မြန်မာပြည်အရေးကိစ္စမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ လူတန်းစား၊ အဖွဲ့အစည်း၊ ထောင့်ပေါင်းစုံက မြန်မာပြည်ရဲ့ အတိုက်အခံအင်အားစုတွေ၊ အင်န်အယ်ဒီပါတီ၊ ဒေါ်အောင်ဆန်းစုကြည် စတဲ့ ဒီမိုကရေစီရေးအင်အားစုတွေအပေါ်မှာ ကိုယ်ချင်းစာနာတရားအပြည့်နဲ့ တစုတစည်းတည်း (In Solidarity) ရပ်တည်ပြသမှုတွေ ထင်ရှားနေတယ်။ အဲသည်လို အခြေအနေမျိုးကနေ လက်တွေ့ကျတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့  ဒီမိုကရေစီရေး အကျိုးစီးပွားကို ရောက်အောင် ဘယ်လို ဆောင်ရွက်နိုင်မလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။
“ ခုနင်က ပြောလိုက်တဲ့ဆီမှာ ဒေါ်အောင်ဆန်းစုကြည်ပြောသလို ဆန်းရှင်းဆိုတာ နိုင်ငံတကာအသိုင်းအ၀ိုင်းက သူတို့သဘောနဲ့သူတို့ အရေးယူတဲ့ ဆုံးဖြတ်ချက်၊ ရပ်တည်ချက်ဖြစ်တယ်။ ဒီမိုကရေစီရေးကို ထောက်ခံတဲ့ အရေးယူဆောင်ရွက်မှုအဖြစ် ကျနော်တို့ကတော့ ကြိုဆိုရမှာပဲ။ ဒါကို မသိချင်ယောင် ဆောင်နေလို့ မရဘူး။ ဒီ့ထက်ပိုပြီး နိုင်ငံရေးဖိအားဖြစ်အောင် လက်နက်တွေကို ပိတ်ဆို့ကြမယ် ဟုတ်လား။ ဒါတွေကိုလည်း ကျနော်တို့က ကြိုဆိုရမယ်။ တဖက်ကလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောထားပြီး ဖြစ်တယ်။ ပြည်သူလူထုတွေ တကယ်ကို နစ်နာနေသလား။ ဒါဆိုရင် ဆွေးနွေးကြပါ။ ကျမက အဆင်သင့်ရှိတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးကြမယ်။ ဒါမျိုး ပြောခဲ့ပြိး ဖြစ်တယ်။
ဒါ့အပြင် နိုင်ငံတကာမိသားစုတွေက ပြည်တွင်းက အဖိနှိပ်ခံနေရတဲ့ ဒီမိုကရေစီအင်အားစုတွေ၊ မိသားစုတွေကို အကာအကွယ်ပေးကြတာ၊ ဂုဏ်ပြုတာတွေ၊ ချီးမြှင့်တာတွေ၊ ထုတ်ဖော်ပြောဆိုတာတွေ လုပ်နေကြတယ်။ ဒါကိုလည်း ကျနော်တို့က ၀မ်းမြောက်ဝမ်းသာ ကြိုဆိုတယ်။
ဒီနေ့ကဟုတ်လား – ဆန်ဖရန်စစ္စကိုက မြို့အနေနဲ့ အဆိုတင်သွင်းတယ်။ အင်န်အယ်ဒီရပ်တည်ချက်ကို ထောက်ခံတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်တယ် ဆိုတာမျိုးတွေကိုလည်း ကျနော်တို့က ကြိုဆိုရမယ်။ သည်လိုမျိုး နိုင်ငံတကာက အသိုင်းအ၀ိုင်းတွေကော၊ နိုင်ငံတကာက မြန်မာမိသားစုတွေကကော တတ်နိုင်သလောက် ၀ိုင်းဝန်း ပြောဆိုပေးကြရင် မြန်မာပြည်အတွက် – Burma Question or Burma Issue ဟာ အမြဲတမ်း ယူအင်မှာ တက်နေမယ်။ လုံခြုံရေးကောင်စီမှာ တက်နေမယ်။ ဆွေးနွေးနေရမယ်။ ထောက်ခံတဲ့ တိုင်းပြည်တွေ တိုးလာမယ်။ ဒါဆိုရင် အမြဲတမ်း ဗီတိုလက်နက်နဲ့ ပိတ်ဆို့နေတယ် ဆိုတဲ့ တရုတ်တို့၊ ရုရှားတို့ကလည်း အရမ်းဇွတ်ရှေ့တိုးမယ် မထင်ပါဘူး။ တနေ့ကျရင် အကျိုးဖြစ်လာရမယ်ဆိုတာကို ယုံကြည်ပါတယ်။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေကလည်း ၀ိုင်းဝန်းလာကြမယ် ဆိုတာ သေချာပါတယ်။
ကျနော်ကတော့ အခုချိန်မှာ ပြောချင်တာက နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ မြန်မာမိသားစုတွေ၊ အင်န်အယ်ဒီကို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသူတွေက မိမိ ရောက်နေ၊ ရှိနေတဲ့နေရာမှာ စုဝေးပြီးတော့ အခု နိုင်ငံတကာက ထုတ်ဖော်ပြသနေပြီဖြစ်တဲ့ သဘောထားတွေ၊ လှုပ်ရှားမှုတွေမှာ ပတ်သက်ကြမယ်၊ လက်တွဲကြမယ်ဆိုတာမျိုးတွေဟာ ကြိုဆိုရမယ့်ကိစ္စတွေလို မြင်ပါတယ်။”
          ဒါကတော့ စာနယ်ဇင်းများက ကင်ပွန်းတပ်နေကြတဲ့ အင်န်အယ်ဒီနိုင်ငံရေးပါတီရဲ့ နောက်ဆုံးနေ့လို့ ပြောနေတဲ့ကြားက အင်န်အယ်ဒီပါတီနဲ့ နိုင်ငံတကာမိသားစုတို့တွေ ရှေ့ဆက်လျောက်ကြမယ့် အနာဂတ်ခြေလှမ်းများ၊ နောင်လာမည့်နေ့ရက်များကို ဆရာဦးဝင်းတင်နဲ့  အချိန်ရခိုက် မေးမြန်းထားမိသမျှ တင်ဆက်လိုက်တာဖြစ်ပါတယ်။
မြန်မာပြည်သူလူထုရဲ့ ပါတီ – အင်န်အယ်ဒီ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ ဦးဆောင်တဲ့ ၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားမိတ်ဆွေများရဲ့ ပါတီ အင်န်အယ်ဒီ ဆက်လက်ပြီး သက်တော်ရာကျော်ရှည်ပါစေလို့ မိုးမခက ဆုတောင်းပါတယ်။
 (Photo – U Win Tin at NLD headquarter, 5th May 2010, Internet Photo)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts