>SF City recognized 1990 Election and NLD as official status, rejecting 2010 Regime’s Election

>

၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်းနှင့် အင်န်အယ်ဒီကို ထောက်ခံကြောင်း ဆန်ဖရန်စစ္စကိုမြို့က ကြေညာချက် ထုတ်မည်
မိုးမခအထောက်တော် ၀၀၂
မေ ၇၊ ၂၀၁၀
မြန်မာပြည်၏ ဒီမိုကရေစီလှုပ်ရှားမှုများကို အမြဲထောက်ခံကြောင်းနှင့် တိုင်းပြည်အာဏာကို မတရားရယူထားသည့် မြန်မာစစ်အုပ်စုကို ရှုတ်ချကြောင်း ထုတ်ဖော်ပြောဆိုလေ့ရှိသော ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ အမေရိကန်မိသားစုများ၏ ဆန္ဒကို ထင်ဟတ်သည့်အနေဖြင့် ဆန်ဖရန်စစ္စကိုမြို့တော်ဝန် အုပ်ချုပ်ရေးမှူးများက ယခု မြန်မာပြည်၏ ၂၀၁၀ ရွေးကောက်ပွဲတွင် မှတ်ပုံမတင်ဘဲ ရပ်တည်ပြီးနေသည့် အင်န်အယ်ဒီပါတီကို ထောက်ခံကြောင်းနှင့် ၂၀၁၀ စစ်အာဏာရှင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆုံးဖြတ်ချက်ထုတ်ပြန်မည်ဟု သတင်းရရှိသည်။
          ယမန်နေ့က စည်ပင်သာယာအုပ်ချုပ်ရေးမှူးများအစည်းအဝေးတွင် မြို့တော်လူကြီး တဦးဖြစ်သူ ခရစ်ဒေလီက အဆိုတင်သွင်းခြင်းဖြစ်သည်။ လာမည့် အင်္ဂါနေ့တွင် ဆုံးဖြတ် အတည်ပြုချက် ယူမည်ဟု ဆိုသည်။ မြို့တော်၏ ဆုံးဖြတ်ချက်မှာ – စစ်အုပ်စု၏ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲ၏ အင်န်အယ်ဒီ အောင်ပွဲကို အသိအမှတ်ပြုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်၏ ထိုက်တန်သောခေါင်းဆောင် ဖြစ်ကြောင်း၊ လာမည့် မေ ၂၇ ကို မြန်မာဒီမိုကရေစီနေ့အဖြစ် ဂုဏ်ပြုမည် ဖြစ်ကြောင်း စသည့် အဆိုတင်သွင်းမှုများ ပါဝင်သည်။ မြို့တော်အုပ်ချုပ်ရေး (စည်ပင်သာယာအဖွဲ့)က အမေရိကန်အစိုးရ၊ ကုလသမဂ္ဂ၊ တရုတ်၊ အိန္ဒိယနှင့် အာဆီယံနိုင်ငံများက မြန်မာစစ်အုပ်စု၏ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ကြရန် တိုက်တွန်းကြောင်းလည်း ပါရှိသည်။
          ဘေးဧရိယာ၏ ဘဒအမည်ရှိ မြန်မာ့အရေးဆောင်ရွက်သည့်အဖွဲ့ ခေါင်းဆောင် ကိုညွန့်သန်းက မိုးမခသို့ ပြောကြားရာတွင် – ဆန်ဖရန်မြို့တော်၏ နမူနာဖြင့် မြို့တော်ဘာကလေ ကလည်း အလားတူ ထုတ်ဖော်ပြောကြားရန် ဇွန်လ ၁ ရက်နေ့ မြို့တော်အစည်းအဝေးမှာ ဆုံးဖြတ်ကြမည် ဖြစ်ကြောင်း သိရှိရသည်။ ဘဒနှင့်အတူ ဘာကလေ မြို့တော်၏ ပိစ်အင် ဂျပ်စတစ်ကော်မရှင်ကလည်း လိုက်လံ တိုက်တွန်းလျက် ရှိသည်ဟု ဆိုသည်။
          ယမန်နေ့သည် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရမည့် သတ်မှတ်ရက် နောက်ဆုံးနေ့ဖြစ်သည် လွန်ခဲ့သည် မတ်လ ၂၉ ကတည်းက အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်မခံသည့်အတွက် ပါတီကို ထပ်မံမှတ်ပုံတင်မည် မဟုတ်ကြောင်း ထုတ်ပြန်ထားပြီး ဖြစ်ရာ ထိုနေ့သည် အင်န်အယ်ဒီပါတီ၏ ၂၀၁၀ ရွေးကောက်ပွဲဥပဒေအရ တရားဝင် ရပ်တည်မှု နောက်ဆုံးနေ့ဖြစ်သည်ဟု သတင်းဌာနများက မီးမောင်းထိုး ပြောကြားလျက်  ရှိသည်။
          ၁၉၉၀ ရွေးကောက်ပွဲနဲ့ ရလဒ်တွေအရ၊ စစ်အစိုးရရဲ့ ပထမဦးဆုံး ကတိက၀တ်များအရ ပြီးတော့ စစ်အစိုးရအနေနဲ့ ၁၉၈၈ အာဏာသိမ်းပြီးနောက် နိုင်ငံတကာမှာ ရပ်တည်ခွင့်ရနိုင်ဖို့ ထုတ်ပြန်ခဲ့တဲ့ ဥပဒေများအရ အင်န်အယ်ဒီပါတီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် တရားဝင် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်ဟု အင်န်အယ်ဒီထောက်ခံသူ ဒီမိုကရေစီရေးလှုပ်ရှားသူများက ပြောဆိုလျက်ရှိသည်။
          အင်န်အယ်ဒီနှင့် ၁၉၉၀ ရွေးကောက်ပွဲကို တရားဝင် အသိအမှတ်ပြုကြောင်း ယခုကဲ့သို့ အချိန်တွင် ထုတ်ဖော်သည့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ထောက်ခံမှုကို ကြိုဆိုကြောင်း ပြည်တွင်းရှိ အင်န်အယ်ဒီ လူငယ်အစုအဖွဲ့တခုက မိုးမခသို့ ပြောကြားသည်။ ထိုကဲ့သို့ ပြည်ပရောက် မြန်မာမိသားစုများ၊ မြန်မာအသိုင်းအ၀ိုင်းကလည်း ဆောင်ရွက်နေကြမည်ကို ပိုမိုမျှော်လင့်သည်ဟု ၎င်းတို့က သဘောထားပေးသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts