>Rangoon Street Journalist – View from Rangoon – First Week of May

>

ရန်ကုန်ရှုခင်း – မေ ပထမပတ်၊ ၂၀၁၀
လမ်းလျှောက်ဂျာနယ်လစ် ၊ ရန်ကုန်
မေ ၃၊ ၂၀၁၀
မျှော်နေတုန်း မောင်ဖုန်း ထွက်လာပြီ 
ရွေးကောက်ပွဲနဲ့ လျှပ်စစ်မီး
 အပူရှိန်ဒဏ်ခံ ရန်ကုန်
မျှော်နေတုန်း မောင်ဖုန်း ထွက်လာပြီ  
ယခုတပတ် သတင်းတွေထဲ စိတ်ဝင်စားစောင့်ကြည့် နေကြတာကို ပြောပါဆိုရင် ကြံ့ဖွံ့အဖွဲ့ကြီး ရွေးကောက်ပွဲ စင်မြင့်ပေါ် ထွက်ပေါ်လာတဲ့ သတင်းပါပဲ။ လူတွေက ကြံ့ဖွံ့ကို လိုလားကြည်ဖြူလို့ ရွေးကောက်ပွဲကို စိတ်ဝင်တစား မျှော်လင့်နေလို့တော့ မဟုတ်ပါဘူး။
နအဖ အနေနဲ့ ကြံ့ဖွံ့အဖွဲ့ကို အခြေတည်ပြီး ရွေးကောက်ပွဲ ၀င်မယ်ဆိုတာကိုလည်း လူထုရော နိုင်ငံရေး သမားတွေပါ မျှော်လင့်ထားပြီးသားပါ။ ဒါပေမယ့် ပါတီဖွဲ့တဲ့အခါ ကြံ့ဖွံ့အဖွဲ့နာမည်နဲ့ ပါတီမထောင်ပဲ အမည်ပြောင်းပြီး ထောင်လိမ့်မယ် နောက်တော့  ပါတီလည်း နှစ်ခု သုံးခုခွဲပြီး ၀င်ကြလိမ့်မယ်လို့ ထင်မှတ်ထားကြတာပါ။ အခုလို ၀န်ကြီးတွေသာ အရပ်သား အဖြစ် ပြောင်းပြီး ကြံ့ဖွံ့ရဲ့ နာမည်ကို တစ်လုံးတပါဒမှ မလဲပဲ ရွေးကောက်ပွဲ စင်မြင့်ပေါ် ထွက်ချလာလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထား ကြလို့ပါပဲ။
နအဖ အစိုးရအနေနဲ့ သူ့စိတ်ကြိုက်ရေးဆွဲ ထားတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကြီးထဲမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း အလိုလိုခွဲတမ်းရရမယ် ဆိုတာထည့်သွင်း ထားတဲ့အချက်ကို နိုင်ငံရေး သမားတွေရော သာမန်လူ အတော်များများတောင် သိထားကြပါတယ်။ ဒါပေမယ့်လို့ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းကို နအဖ စစ်အစိုးရ အဖွဲ့က ဘယ်လို ထပ်ပြီးခွဲယူမလဲ ဆိုတာကို စောင့်ကြည့်နေကြတာပါ။
အခုတော့ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းထဲကလည်း ၇၀ လောက်ရဖို့ရာ ကြိုးစားတဲ့ အဖြစ်ကပေါ်လွင်လာပါပြီ။ ၀န်ထမ်းတွေ ၊ ကျောင်းသားတွေကို မ၀င်မနေရ အမည်စာရင်းကောက်ပြီး ထည့်သွင်းထားတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကြံ့ဖွံ့အသင်းကို ပါတီ အသွင်ပြောင်းပြီး ရွေးကောက်ပွဲဝင်မယ့် အဖြစ်ပါပဲ။
ရွေးကောက်ပွဲ ဥပဒေတွေ ကြေညာစဉ်က အဆိုပါ ဥပဒေပါတဲ့ သတင်းစာ ဖတ်နေတဲ့ ရန်ကုန်မှ အငှားကားမောင်းသူ တဦးကို မေးကြည့်တော့ “သူ့ဖဲ သူကိုယ်တိုင်ချိုးတာ၊ လူတွေ လေးစားတဲ့ ဒေါ်စုလိုခေါင်းဆောင်မျိုး ကိုဝင်မရွေးနိုင်အောင် လုပ်ထားတာ ဘယ်နှယ့်လုပ် ဒီရွေးကောက်ပွဲဟာ တရားမျှတ တော့မလဲဗျာ´´ လို့ပြောပါတယ်။
ရွေးကောက်ပွဲ ၀င်မယ့် အရပ်သား ပါတီတွေက ရွေးကောက်ပွဲ ဥပဒေ ထွက်ရှိလာပြီးနောက် မှတ်ပုံတင်ကြ၊ ပါတီဖွဲ့ဖို့လူစုကြနဲ့ ရွေးကောက်ပွဲ အတွက် တက်ကြွနေသူတွေတောင် ယခုလို ကြံ့ဖွံ့နဲ့ ၀န်ကြီးချုပ်က ဒီအခြေအနေအတိုင်း ရွေးကောက်ပွဲ ၀င်မယ်ဆိုတာ သိရတဲ့အချိန် အားပျော့တဲ့ လေသံတွေ ထွက်ပေါ်လာတာ ကြားနေရပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြည်ပရေဒီယိုတွေနဲ့ အင်တာဗျူးတဲ့အခါ ဦးသုဝေရော ဦးဖြိုးမင်းသိန်းတို့ပါ ကြံ့ဖွံ့ကဒီအတိုင်း ၀င်တယ်ဆိုရင် ရွေးကောက်ပွဲရဲ့ တရားမျှတမှုဟာ မေးခွန်းထုတ်စရာ ဖြစ်လာတဲ့ သဘောပြောဆိုလာပါတယ်။
အခုတခါလည်း နအဖက စိတ်ကြိုက်ရေးဆွဲပြီး ထုတ်ပြန်ကြေညာထားတဲ့ ရွေးကောက်ပွဲ ဥပဒေ ဆိုတာနဲ့မညီတဲ့ အာဏာကို လက်ရှိယူထားသူများ၊ နိုင်ငံကပေးတဲ့ လစာစား၊ နိုင်ငံကပေးတဲ့ အကောင်းဆုံး အိမ်တွေမှာနေ၊ နိုင်ငံပိုင်ကားတွေ နိုင်ငံပိုင် အသုံးစရိတ်တွေသုံးပြီး နေတဲ့သူတွေက ပါတီထောင်ပြီး ၀င်ပြိုင်မယ့် အခြေအနေ ဖြစ်နေလို့ပါပဲ။ ကြံ့ဖွံ့အဖွဲ့ဆိုတာဟာလည်း နိုင်ငံပိုင် အဆောက်အဦတွေမှာ ရုံးစိုက်၊ နိင်ငံအသုံးစရိတ်တွေ၊ သို့မဟုတ် အာဏာပိုင်တွေက ခွဲဝေပေးတဲ့ လုပ်ပိုင်ခွင့်တွေကိုယူပြီး ရရှိတဲ့ငွေတွေနဲ့ ရှင်သန်နေတဲ့  စစ်အစိုးရရဲ့ လက်ကိုင်တုတ် အဖွဲ့အစည်းတစ်ခု လူထုနဲ့ ရဟန်းသံဃာ ဆန္ဒပြပွဲများမှာ ပါးကွက်သား နေရာက အသုံးတော်ခံခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ပါ။
လူထုက မလိုလားတဲ့ အဖွဲ့၊ ရွံရှာတဲ့အဖွဲ့တဖွဲ့ကို ဒီနာမည်အတိုင်း ခပ်ပြောင်ပြောင်နဲ့ ရွေးကောက်ပွဲ ၀င်မယ်ဆိုတာတော့ လူတွေဆီက မဲကို စည်းရုံးရေးနည်းနဲ့ ရယူမှာ မဟုတ်ပဲ၊ အကြောက်တရားနဲ့ ယူမယ့်သဘောဆိုတာ ကောက်ချက်ချနိုင်ပါပြီ။ ကြံ့ဖွံ့ဆိုတာ ၂၀၀၇ စက်တင်ဘာမှာ ရဟန်းသံဃာတွေကို ရိုက်နှက်၊ ဆွဲတင်ဖမ်းဆီးတာကို မြင်တွေ့ကြားသိခဲ့တာ မြို့ပေါ်မှာ  နေသူတွေတင် မဟုတ်ပါဘူး။ ဟိုးကျေးလက်မှာ နေတဲ့သူတွေလည်း ရေဒီယိုထဲ ရုပ်သံထဲကနေ အဲဒီအဖြစ်အပျက်တွေ ကြားသိရတာကြောင့် ကြံ့ဖွံ့ဆိုတာဘာလဲ ဆိုတာ သူတို့မသိမဟုတ် သိကြပါတယ်။
သိလျက်နဲ့ ထောက်ခံမဲ ပေးမှာလားလို့ ဆိုရင်တော့ ကျေးရွာမှာနေသူတွေကို လက်ရှိအုပ်ချုပ်နေတဲ့ သူတွေက  နာမည်စာရင်းကောက်၊ ကြံ့ဖွံ့စာရင်းထဲထည့်ပေးဖို့ ဖိအားပေးခံနေရတာပါ။ ရွာတစ်ရွာမှာ မဲပေးနိုင်တဲ့သူရဲ့ ၄၀ % အနည်းဆုံး ကြံ့ဖွံ့အဖွဲ့ဝင်စာရင်းထဲ ရောက်အောင် မြို့နယ် အဆင့်၊ တိုင်းအဆင့်အာဏာပိုင်တွေက ခေါ်ယူပြီး ညွှန်ကြားနေကြပါတယ်။ အဲဒီလို စာရင်းထဲရောက်ပြီဆိုရင် ကာယကံရှင်တွေကိုယ်တိုင် မသိလိုက်ပဲနဲ့ သော်လည်းကောင်း မဲဆန္ဒပေးပွဲ မတိုင်ခင် ကြိုတင်မဲ ထည့်ခိုင်းတဲ့ စနစ်ကိုသုံးပြီးသော်လည်းကောင်း မဲအရယူကြမယ့် သဘောတွေ့နေရပါတယ်။
တချို့သော ကျေးရွာတွေမှာဆိုရင် ရွာရဲ့ ကိုယ်ထူကိုယ်ထကျောင်းကို အစိုးရ အသိအမှတ်ပြုဖို့ရာ၊ ရွာလမ်းပြင်ဖို့ကိစ္စတွေကို ကြံ့ဖွံ့ကိုမဲပေးမယ့် အချက်နဲ့နှောင်ကြိုးချည်ထား တာတွေလည်း ဧရာဝတီတိုင်း တခွင်အများအပြား ကြားသိခဲ့ရပါတယ်။
ကျေးရွာ ရယက လုပ်သူက ပြောရာမှာ ရွာဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့ ကြံ့ဖွံ့ကိုမဲပေးရမယ့် ကိန်းမျိုးဖြစ်နေပြီး၊ အဲဒီလို မဲမထည့်ရင် အငြှိုးနဲ့ ရွာကိုဒီအတိုင်း ပဲထားမယ့် သဘောပဲလို့ ဖွင့်ပြောဖူးပါတယ်။ သူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ၊ ကြံ့ဖွံ့ ဘယ်သူကဘာဆိုတာ သိနားလည်လျက်နဲ့ သူ့ဆုံးဖြတ်ချက်ကြောင့် ကျေးရွာဖွံ့ဖြိုးရေး ထိခိုက်ခဲ့မယ်ဆိုရင် သူစိတ်မကောင်းဖြစ်ရတော့မှာမို့လို့ ဆုံးဖြတ်ရခက် နေတယ်လို့ ဖွင့်ပြောပါတယ်။  
ရွေးကောက်ပွဲနဲ့ လျှပ်စစ်မီး
လျှပ်စစ်မီး မလုံလောက်တာ ပျက်ချင်တိုင်းပျက်တာ ပြဿနာဟာ ရန်ကုန်တမြို့ထဲ ပြဿနာမဟုတ်ပါဘူး။ မန္တလေးမြို့ဆိုရင် ရန်ကုန်ထက် ပိုအခြေအနေဆိုးပါတယ်။ မော်လမြိုင်မြို့ဆိုရင်လည်း ၃ရက်မှ တစ်ကြိမ်လောက် နာရီပိုင်းလေးပဲလာပါတယ်။
အဲဒီလိုပဲ ဖားအံ၊ တောင်ကြီး၊ လားရှိုးစတဲ့ မြို့တွေဆိုရင်လည်း ၃ရက်မှ တစ်ကြိမ်လာတာ၊ လာရင်လည်း ညပိုင်းသာလာပြီး လျှပ်စစ်မီးကို အားထားပြီးလုပ်ကိုင်ရမယ့် အလုပ်ဆို လျှပ်စစ်မီးက မလာတာကြောင့် ကိုယ့်မီးစက်ကိုသာ ကိုယ်အားကိုးကြရပါတော့တယ်။ ကမ်းရိုးတန်းမြို့လည်းဖြစ် စီးပွားရေးလည်း အထိုက်အလျှောက် ကောင်းတဲ့မြိ့ဖြစ်တဲ့ စစ်တွေနဲ့ မြိတ်တို့ကတော့ လျှပ်စစ်မီးကို ပုဂ္ဂလိကနဲ့ အစိုးရ လိုင်းတွဲလိုက်ပြီး တစ်ယူနစ် ကျပ် ၅၀၀၊ ၆၀၀ ကောက်ခံပါတယ်။ ဒီနှုန်းထားဟာ အခြားသော မြို့တွေအနေနဲ့ဆို ဈေးနှုန်းကြီးမြင့်တဲ့ အနေအထားဖြစ်ပါတယ်။
လျှပ်စစ်မီး မလာတဲ့ အကြောင်းကို သတင်းဂျာနယ်တွေ ပြည်ပ သတင်းဝက်ဆိုက်တွေမှာ ဖေါ်ပြရလွန်းလို့ သတင်းမဟုတ်တော့ဘူးလို့ ပြောရလောက်အောင်ပါပဲ။ သို့ပေမယ့် ဒီလို အခြေအနေအောက်မှာ နေထိုင်နေရသူ တွေမှာတော့ လျှပ်စစ်မီး ဒုက္ခကို မေ့လို့မရကြပါဘူး။ မီးပျက်လို့ မီးစက်တွေနှိုးကြ၊ ဆူညံသံတွေ၊ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်လို့ မလွယ်တော့လောက်တဲ့ထိ လျှပ်စစ်မီးစက်တွေ တဖြည်းဖြည်းတိုးပွားလာနေ တာပါ။ ရန်ကုန်မြို့လယ် ဆူးလေ ဘုရားလမ်းမှအစ ဒဂုံမြို့သစ်တောင်ပိုင်း မြောက်ပိုင်းအထိ လုပ်ငန်းလုပ်ကိုင်သူတိုင်း မီးစက်ကိုယ်စီနဲ့ပါ။
မီးစက်တွေက ထွက်ရှိတဲ့ အပူရှိန်၊ ဆူညံသံ၊ တဦးချင်း နှိုးကြလို့ အလဟဿဖြစ်သွားတဲ့ လောင်စာတွေဟာ တိုင်းပြည်အတွက်ရော လူထုအတွက်ပါ မလိုလားအပ်တဲ့ အကျိုးဆက်တွေပါ။
ယခု လာမယ့် ၂၀၁၀ မှာကျင်းပမယ့် ရွေးကောက်ပွဲ ၀င်မယ့် ကြံ့ဖွံ့ပါတီကို လျှပ်စစ်မီးတောင် မှန်မှန်ပေးနိုင်အောင် မစီမံနိုင်တဲ့သူတွေက ဦးဆောင်နေကြတာပါ။ နိုင်ငံတော် ၀န်ကြီးချုပ်ကအစ အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီး ဦးဇော်မင်း အလယ်၊ ရန်ကုန်စည်ပင် မြို့တော်ဝန် ဦးအောင်သိန်းလင်း အဆုံးဦးဆောင် နေကြတာပါ။
မြို့ပေါ်မှာနေထိုင်သူတွေအနေနဲ့ လျှပ်စစ်မီးမှန်အောင် မပေးနိုင်၊ လျှပ်စစ်မီးပေးဝေတဲ့ လုပ်ငန်းကို အစီအစဉ်ကျအောင် မဆောင်ရွက်နိုင်တဲ့ ဗိုလ်တဖြစ်လဲ ဦးသိန်းစိန်တို့ ပါတီကိုမဲပေးကြမလား ဆိုတာ စောင့်ကြည့်ကြဖို့ပါ။
မြို့တွေရွာတွေကို လျှပ်စစ်မီး မပေးနိုင်ပဲ၊ နှစ်တိုင်းပျက်နေတဲ့ ရန်ကုန်မြို့ရဲ့ ကတ္တရာလမ်းတွေကို ကွန်ကရစ်နဲ့ ခင်းပေးမယ်လို့ ၀န်ကြီးချုပ် ဦးသိန်းစိန် အရပ်ဝတ်လဲပြီး ၂ရက်အကြာ ရန်ကုန်မြို့တော် စည်ပင်ပိုင် ဘိလပ်မြေစက်ရုံဖွင့်ပွဲမှာ ပြောဆိုပါတယ်။ ရန်ကုန်မြို့တော်လမ်းတွေ ပလက်ဖောင်းတွေဆိုတာ နှစ်စဉ်ပြင်ဆင်ချင်လို့ နှစ်နဲ့ချီခံအောင် မခင်းကြ မလုပ်ကြတာပါ။ နှစ်စဉ် ပြင်ဆင်စရာမလိုရင် စည်ပင်က ၀န်ထမ်း အဆင့်ဆင့် အကျိုးမရှိမှာမို့လို့ မြန်မြန်ပျက်အောင် ပြင်ကြတာလို့ ရန်ကုန်က လူတိုင်းပြောကြပါတယ်။ 
အပူရှိန်ဒဏ်ခံ ရန်ကုန်
အခြားသော မြန်မာပြည်အလယ်ပိုင်း အထက်ပိုင်းမှ မြို့များလိုပဲ ရန်ကုန်မြို့လည်း နေ့စဉ်ရက်ဆက်နေတဲ့ နွေ အပူဒဏ်ကို အလူးအလဲ ခံစားနေကြရပါတယ်။ နံနက် ၁၀နာရီနောက်ပိုင်းဆို ထီးမပါပဲ ဟိုနားဒီနား သွားလာလို့ မဖြစ်လောက်အောင် နေအပူရှိန်က ပြင်းထန်လှပါတယ်။
ရန်ကုန်မြို့ခံတွေ အနေနဲ့ မိမိအလုပ်သဘော သဘာဝအရ မထွက်မဖြစ်တဲ့ ကိစ္စ အလုပ်ရှိရင်သာ အပြင်ထွက်သွား လာကြရပေမယ့် အချိန်လွှဲပြီး သွားလို့ရတဲ့ ကိစ္စဆို နံနက်ခင်းမှာ၊ ညနေ ၄နာရိ ၅နာရီနောက်မှသာ သွားလာကြပါတယ်။ စင်းလုံးငှား တက်စီ  မောင်းသူတွေလည်း နေ့ခင်း နေ့လည်အပူပြင်းချိန်မှာ တနေရာရာမှာ ရပ်နေနားနေကြတာ များပါတယ်။ အငှားမရပဲ လှည့်မနေနိုင် ကြတောပါဘူး။ တစ်နေ့ကတောင် ဗိုလ်တထောင် ဘုရားလမ်းတ၀ိုက်မှာ နင်းနေတဲ့ ဆိုက်ကားသမား တယောက် အပူဒဏ်ကြောင့် ဦးနှောက် သွေးကြောပြတ်ပြီး ရုတ်တရက် အသက်ဆုံးရှုံးခဲ့ ပါတယ်။ ဆိုက်ကားနင်းပြီး တနေ့လုပ် တနေ့စားသူတွေ အတွက်တော့ အပူဒဏ်ကြောင့် နားဖို့ ရှောင်တိမ်းဖို့ မစွမ်းသာပါဘူး။ အပူဒဏ်ကြောင့် ကြေးမုံ သတင်းစာ အယ်ဒီတာချုပ်ဟောင်း စာရေး ဆရာ သာဂဒိုးတောင် မကြာခင် သီတင်းပတ်က ကွယ်လွန်ခဲ့ပါသေးတယ်။
နေ့ခင်းနေ့လည်တွေမှာ လေအေးပေးစက်ဖွင့်ထားတဲ့ ကော်ဖီဆိုင်၊ အင်တာနက်ဆိုင်များမှာ အပူဒဏ်ရှောင်တဲ့ သူတွေနဲ့ ပြည့်နှက်နေပါတယ်။ ကော်ဖီဆိုင်မှာ တခွက်ကို ၄၊ ၅ရာကျပ်သုံးပြီး သော်လည်းကောင်း၊ အင်တာနက်ဆိုင်မှာ တစ်နာရီ ၃၊ ၄ ရာကျပ်ပေးပြီးသော်လည်းကောင်း နေ့လည်နေ့ခင်း အပူရှိန်ဒဏ်ကို ရှောင်တိမ်း ကြပါတယ်။
မိုးလေ၀သ နဲ့ ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင် ကတော့ ပြီးခဲ့တဲ့နှစ် ၂၀၀၉ ခုနှစ် ကုန်ခါနီး အယ်နီညို ဖြစ်စဉ်ကြောင့် ယခုလို မိုးနည်းပါးပြီး အပူရှိန် ရက်ဆက်တဲ့ အကျိုးဆက်ဖြစ်ပေါ်နေရတာ လို့ဂျာနယ်တွေမှာ ရေးသားကြပါတယ်။ အဲဒီ အကျိုးဆက်ဟာ လာမယ့်သြဂုတ်လ အထိမြန်မာပြည် တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ မိုးရွာသွန်းမှု နည်းလိမ့်မယ်လို့ ဆိုပါတယ်။
ပူပြင်းတဲ့ ရာသီဥတုဒဏ်ကို သက်သာစေနိုင်မယ့် လျှပ်စစ်မီးက ပြတ်တောက် နေတာကြောင့် ရန်ကုန်နွေအပူရှိန်က ပိုပူပြီး မီးစက်သံက ပိုဆူနေစေတာဖြစ်ပါတယ်။  

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts