>Moemaka Quote in April

>

မိုးမခ၏ ဧပြီလ စာကိုး စကားကိုး
ဧပြီ ၃၀၊ ၂၀၁၀



cho pyone (photo: mmtimes.com)

“သင်္ကြန်လေးရက်စလုံး နေပြည်တော်မှာပဲ သီချင်းတွေဆိုပြီး နေခဲ့တာပါ။ လဲလည်း မလဲဘူး၊ မူးလည်းမမူးဘူး၊ သေလည်း မသေပါဘူး။ မိုးကောင်းဘုရားကိုတော့ နှစ်တိုင်း နှစ်ဆန်းတစ်ရက်ဆို သွားနေကျမို့ ရောက်သွားတာပါ” လို့ သူ့ မူပိုင် ချိုလွင် ပီသတဲ့ စကားသံနဲ့ ဖြေကြားခဲ့ပါတယ်။ ဒီလို သေပြီရယ်လို့ ကောလာဟလထွက်တာဟာ အရင်တုန်းကလည်း ရှိခဲ့ဖူးလှပါပြီ။
Myanmar Post ဂျာနယ်၊ ဧပြီ ၂၈

ဗုံးပေါက်ကွဲသည့်ကိစ္စသည် နအဖ စစ်အစိုးရလက်ချက်ဖြစ်နေပါက သိပ်အံ့သြစရာမရှိ။ စစ်အစိုးရသည် ဤထက်မက ပိုမို၍ ပက်စက်သော ရာဇဝတ်မှု၊ ဒုစရိုက်မှုပေါင်း များစွာကို ကြိမ်ဖန်များစွာ လူသိရှင်ကြား ကျူးလွန်ခဲ့သည့် အစိုးရဖြစ်သည်။

သို့သော် အတိုက်အခံတချို့၏ ပယောဂဖြင့် ပေါက်ကွဲသည့် ဗုံးများဖြစ်ပါက အတော်ပင် အံ့သြစရာလည်းကောင်းသည်။ ထိတ်လန့်စရာလည်း ကောင်းသည်။ စိတ်ပျက်စရာလည်း ကောင်းလှပေသည်။
ကိုပေါ၊ ဘလော်ဂါ
kopaw07.blogspot.com ဧပြီ ၂၁


(photo:Myanmar Post)
ဗုံးပေါက်ကွဲသော မဏ္ဍပ် အမည်မှန်မှာ တန်ခူးလေ ဖြစ်သည်။ X2O မှာ ကြော်ငြာဆိုင်းဘုတ် ဖြစ်သည်။
Myanmar Post ဂျာနယ်၊ ဧပြီ ၂၈

သမီးငယ်က ပူဆာ လွန်းသဖြင့် တေးသီချင်းဆိုင်ကို ပြေး ကာ သင်္ကြန်သီချင်း ဗီစီဒီ၊ ဒီဗီဒီ နှစ်ချပ် သုံးချပ် ၀ယ်ပေးရ သည်။ သင်္ကြန်မင်းသားက’နာနာရူပ’ပမာ ရုပ်သဏ္ဌာန် အမျိုးမျိုး ပြောင်းကာ မင်းသမီး ထည်လဲတွဲကာ အခါတော်ကြိုသည်ဖြစ်ရာ ကျွန်တော်တို့ အိမ်ကလေးထဲမှာ အခါ မရောက်ခင်ကပင် သင်္ကြန်အမြောက်သံအုန်းအုန်းထလေသည်။ သမီးကကြိုက်ပုံရသော်လည်းသီချင်း ဂီတအရာ ၌ ရိုးရာစမြင်းခံနေသော ကျွန်တော့ အဖို့ သင်္ကြန်အတု၊ ပိတောက်ပန်းအတု၊ ပရိသတ်အတု၊ အခါတော်အတု တို့ကို ရိုက်ကူး ထားသော ထိုသင်္ကြန်ခွေကို ကြားနေရသော်လည်း သင်္ကြန်ဓာတ် မကူးနိုင်ဘဲ ရှိလေသည်။ အတိတ်လက်ဆောင် အသံတဘောင် သင်္ကြန် ယောင်ဆောင်ထားသော သီချင်းများ ဖြင့် သင်္ကြန်လိပ်ပြာ၊ သင်္ကြန်ဝိညာဉ်ရင်နှင့် မစူးရှိလေသည်။ မည်သို့ပင်ဖြစ်စေ အင်္ဂလိပ်ဘင်သံ တို့အကြား၌ တစ်ချီတစ်ချီကြားခုသော နောက်တုန်ဆရာ ဒိုးချောင်ဆရာတို့၏ ကျေးဇူးကြောင့် သင်္ကြန်သံ မပျောက်ဘဲ ရှိသဖြင့် ကျေးဇူး တင်ရသေးသည်။ အရုပ်တွေကတော့ သင်္ကြန် ‘နှစ်ပါး သစ္စာထား’ တို့သာ များသည် ဖြစ်ရာ အာသဝေါဓာတ်တို့ တလုံ လဲလဲ ရှိရသည်။
နေ၀င်းမြင့်၊ စာရေးဆရာ
မြန်မာ ဧပြီ ၂၃

အီးဘွတ်တွေ ဘယ်လိုရှိရှိ စာအုပ်ကလေးကိုင်ပြီး ဖတ်ရတဲ့ အရသာကိုတော့ ဘာနဲ့မှ မလဲနိုင်ပါဘူး။ အိပ်ရာပေါ်မှာလှဲပြီး စာအုပ်လေးဖွင့်ဖတ်၊ ဖတ်နေရင်းနဲ့ ခဏရပ် စာအုပ်လေးကို ရင်ဘတ်ပေါ်ချပြီး တွေး၊ တခါတလေ စာအုပ်နံ့လေးကို ရှူမိသေးတယ်။ တခေါက်ဖတ်ပြီးလဲ အားရင်အားသလို ထပ်ဖတ်ချင်မိတယ်။ မဖတ်အားရင်တောင် စာအုပ်လေးတွေကို မြင်သာတဲ့နေရာမှာ ထားပြီး လှမ်းလှမ်းကြည့်နေရရင် ကျေနပ်နေမိတယ်။
မေဓာဝီ၊ ဘလော်ဂါ
maydar-wii.blogspot.com ဧပြီ ၇


thwin pa pa aung (photo: snapshot-news.com)
သူ ကားမောင်းကြမ်းတယ်ရှင့်။ သူမောင်းရင် ဘေးမှာ ထိုင်စီးရတဲ့သူက အသက်ကို ဖက်နဲ့ထုပ်ထားရသလိုပါပဲ

သွင်ပပအောင်၊ အဆိုတော် မျိုးကျော့မြိုင်၏ ဇနီး
ပေါ်ပြူလာဂျာနယ်၊ ဧပြီ ၁၄

(စင်္ကာပူမှာ) အစိုးရ အလုပ်မျိုးတွေကျတော့ ဈေးကွက်သိပ်မကောင်းပေမဲ့ တည်ငြိမ်တဲ့ လစာ ရှိတတ်ပါတယ်။ ပိုလီကျောင်းဆရာ၊ လိုကယ် မာစတာ ဒီဂရီနဲ့ လုပ်သက် ၁၀ နှစ် ရှိတဲ့သူ ဆိုရင် လစာ ၄၀၀၀-၅၀၀၀ လောက် ရတယ်လို့ သိရပါတယ်။ အစိုးရ အလုပ်တွေက ဘောနပ်စ် မှန်မှန် မရမှာလဲ ပူစရာ မလိုပါဘူး။ နှစ်တိုးကလဲ နှစ်တိုင်း ရှိပါတယ်။ လွန်ခဲ့တဲ့ ၈နှစ်လောက်က မြန်မာ ဘွဲ့ရ အင်ဂျင်နီယာတွေ ပိုလီဆရာ ခန့်တာ လစာ ၂၄၀၀လောက် ၀င်ဝင်ချင်း ရကြပါတယ် လို့ ဆိုပါတယ်။

မြန်မာပြည်ကလာ အလုပ်ရှာတဲ့ မြန်မာ ဘွဲ့ရ ဈေးကွက်တွေ အနေနဲ့ကတော့ အလုပ် ရသွားသူတွေဟာ လုပ်သက်၊ ဘွဲ့ပေါ် မူတည်ပြီး Autocad Draftsman သမားတွေက လစာ ၁၂၀၀ – ၂၃၀၀၊ Construction Field က သူတွေက ၂၁၀၀ – ၃၅၀၀၊ IT သမားတွေက ၁၆၀၀ – ၃၀၀၀၊ Industry တွေမှာ လုပ်နေသူတွေက ၂၁၀၀ – ၂၅၀၀၊ ACCA၊ Eco နဲ့ပြီးတဲ့ Accountant တွေက ၁၆၀၀ – ၂၅၀၀၊ ရိုးရိုး ဘွဲ့ရ- Admin အလုပ်ဝင်သူတွေက ၁၂၀၀ – ၂၃၀၀ စသဖြင့် ရတာ လေ့လာ တွေ့ရှိရပါတယ်။ Nurse assistant၊ enrolled nurse စတဲ့ အလုပ် လုပ်သူတွေကတော့ basic pay ၁၂၀၀- ၁၆၀၀ လောက်က စလို့ overtime, night shift တွေ လုပ်သလို ၀င်ငွေ ရပါတယ် တဲ့။
စုချစ်သူ၊ ဘလော်ဂါ
suuchitthu.blogspot.com ဧပြီ ၂၅


shwe ohn (photo: SHAN )
ကျွန်တော်က အခု အသက် (၈၈)နှစ်လေ။ နောက်ထပ် (၃၂)နှစ်ထိ နိုင်ငံရေး လုပ်သွားမှာပါ။ ကျွန်တော့်ကို ပုဏ္ဏားက အသက်(၁၂ဝ)ထိ နေရမယ်လို့ ပြောထားတယ်လေ။

ဦးရွှေအုံး၊ ရှမ်းတိုင်းရင်းသား နိုင်ငံရေးသမား
လျှပ်တစ်ပြက်ဂျာနယ် www.snapshot-news.com/

အခုလောလောဆယ်မှာ ကျွန်မတို့ အားကိုးနေတဲ့မီဒီယာ ၂ခုရှိပါတယ်။ ပြည်တွင်းမှာ လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ၊ ကြည့်နေ၊ နားထောင်နေရတဲ့ အစိုးရအုပ်ချုပ်တဲ့ မီဒီယာပါ။ နောက် ပြည်ပကနေ ပေါင်းစုံ ရေးသားနေကြတဲ့ မီဒီယာတွေပါ။ ၂ဘက်စလုံးကို အစွန်းရောက်နေတယ်လို့ မြင်ပါတယ်။ ပြည်တွင်းမှာ အမှန်အတိုင်း လွတ်လွတ် လပ်လပ်မရေးနိုင်၊ မပြောနိုင်ပဲ ဆင်ဆာကို ကြောက်နေရပါတယ်။ မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီနဲ့ မြန်မာ့အလင်းတွေက အစိုးရ လုပ်တာ မှန်သမျှ အကောင်း ရေးပြီး သတင်းတွေကို ကွယ်ဝှက်ထားပါတယ်။ တချိန်တည်းမှာပဲ ပြည်ပ မီဒီယာတွေက စစ်အစိုးရက မကောင်းဘူး ဆိုတဲ့ ရပ်တည်ချက်ကို ယူထားပြီး စစ်အစိုးရ လုပ်သမျှ အပြစ်တွေကိုစောင့်ကြည့် ထုတ်လွှင့်ပေးပါတယ်။ စစ်အစိုးရ လုပ်နေတဲ့ အထဲက ဒီတခုကတော့ မဆိုးဘူး ဆိုတဲ့ ပြောဆိုချက်မျိုးကို မတွေ့ရသလောက် ရှားပါတယ်။ ကျွန်မအမြင်တော့ မီဒီယာဆိုတာ အမြင်အတိုင်း တင်ပြရမှာပါ။ (သရော်စာတို့၊ သုံးသပ်ချက်တို့က တကဏ္ဍပေါ့။) အခုတော့ ကျွန်မတို့ ပြည်သူတွေမှာ ဒီမီဒီယာ ကြည့်ရင် တမျိုး၊ ဟိုမီဒီယာကြည့်ရင်တမျိုး။ အဆိုးဆုံးကတော့ ပြည်ပမီဒီယာတွေရဲ့ မြန်မာနိုင်ငံ အပေါ် ရုပ်လုံးဖော်တဲ့ အနေအထားဟာ မြန်မာနိုင်ငံကို မရောက်ဖူးတဲ့ နိုင်ငံခြားသားတွေ ဆိုရင် မြန်မာနိုင်ငံကို မြောက်ကိုရီးယားလောက် နီးနီး ထင်သွားကြတာပါ။
Haymar ၊ ဘလော်ဂါ
policies-for-myanmar.blogspot.com ဧပြီ ၂၁

ငလျင်နဲ့ ပတ်သက်လို့ ဘယ်သူမှ ခန့်မှန်းလို့ မရသေးပါဘူး။ ကြိုးစားဆဲပဲ ဖြစ်ပါတယ်။ လက်ရှိတော့ သိပံ္ပ ပညာရှင်တွေနဲ့ ငလျင်က အားပြိုင်ဆဲပါပဲ။ အရေးကြီးတာက သတိရှိမှုနဲ့ ကြိုတင် ပြင်ဆင်မှုပါပဲ။ ဖြစ်နေတဲ့အချိန်မှာရယ်၊ ဖြစ်ပြီး တဲ့အချိန်မှာ ဒဏ်ရာမရအောင် အသက်ဆုံးရှုံးမှုမရှိအောင် လုံခြုံတဲ့ နေရာမှာ ရှိဖို့ လိုတယ်။ စိုးရိမ်စိတ် မများဖို့လိုအပ်ပြီး စိုးရိမ်စိတ်ကြောင့် တိုက်ပေါ်ကပြေးဆင်းရင် ပို အန္တရာယ် များပါတယ်။ အိမ်ထဲမှာဆိုရင် ခိုင်ခံ့တဲ့ ခုံ စားပွဲရှည်အောက် ဝင်ပြီး ဒူးထောက် ဝပ်နေပါ။
ဘူမိဗေဒပညာရှင် ဦးသောင်းစိန်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း
Voice ဂျာနယ်၊ ဧပြီ ၂၆

၂၀၁၀ ခုနှစ် မရောက်ခင်
လေးငါးနှစ်အလို မြန်မာပြည်က မြန်မာမလေးတွေ
ကိုရီးယားယဉ်ကျေးမှုတွေ ကူးစက်
ကိုးယိုးကားယားတွေဖြစ်လို့
ဘယ်လိုနိုင်ငံသားဖြစ်ဖြစ် ကိုယ့်မြေ ကိုယ့်ရေပေါ်
အလည်အပတ်ပဲလာလာ နယ်ချဲ့ဖို့ပဲ လာလာ
သူတို့ဆီက ဆိုးရွားတဲ့ ယဉ်ကျေးမှု စရိုက်ဆိုးတွေ
ပူးကပ်တွယ်နှောင် မကျန်ရစ်ဖို့ပဲလိုတယ် မဟုတ်လား
နရီ (မြိတ်)၊ ကဗျာဆရာ
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ဧပြီ


ကျော်ရဲမင်း၊ (photo: people.com.mm)
တချို့ Stress တွေက ရှင်းချင်ရင်တောင် ရှင်းလို့ မရဘူး။ စဉ်းစားကြည့်တဲ့အခါ အဖြေ တွေ့ရင် တွေ့မယ်။ တွေ့ချင်မှလည်း တွေ့မယ်။ အခု ဆေးလိပ်သောက်ချင်လား သောက်လိုက်တယ်။ အရက် သောက်ချင်လား သောက်လိုက်တယ်။ ချုပ်တီး မနေတော့ဘူး။ စိတ်အလိုကို လိုက်ပြီး နေလိုက်ရတဲ့အတွက် Life မှာ ပေါ့ပါးသွားတယ်လို့ ခံစားရတယ်။ အရင် Life က ၀န်ထုပ်ဝန်ပိုး ထမ်းပြီး ခရီးသွားနေရတဲ့ လူနဲ့ တူတယ်။ အခုတော့ လွတ်လွတ်လပ်လပ်နဲ့ အထမ်းအပိုး မပါဘဲ သွားနေရတဲ့သူ တစ်ယောက်လို ခံစားရတယ်။ ဒီထက်ကောင်းတဲ့ ဖြေရှင်းနည်း မရှိဘူးလား ဆိုတော့ ရှိတယ်။ လောလောဆယ် ကျွန်တော် လက်မခံနိုင်သေးဘူး။
ကျော်ရဲမင်း၊ Conqueror Fashion ပိုင်ရှင်
People မဂ္ဂဇင်း၊ ဧပြီ

အချို့လူပျိုအပျိုတွေက အိမ်နောက်ဖေးမှာ ရှိတဲ့ စပါးကျီမှာ ချစ်တင်း နှောတတ်ကြပါတယ်။ တချို့ရွာမှာ ချစ်ဗိမ္မာန်လို့ခေါ်တဲ့ တဲလေးတွေ ဆောက်ထားတတ်တယ်။ အဲဒီတဲလေးတွေက ရွာနဲ့တော်တော် ဝေးတော့ လူကြီး မိဘတွေ မျက်စိရှက်စရာမလိုပါဘူး။ အဲဒီတဲလေးမှာ ချစ်သူတွေ ချိန်းတွေ့ကြ၊ သီချင်းလေးတွေ ဆိုကြ၊ ပုံတိုပတ်စလေးတွေ ပြောတတ်ကြပါတယ်။ တစ်ညလုံး ကိုယ်ထိလ က်ရောက် ချစ်တင်းနှောလို့ရပြီး မိုးလင်းတော့မှပဲ အိမ်ပြန်ကြတယ်။ မိန်းကလေး တစ်ယောက်က ယောက်ျားလေး နှစ်ယောက် သုံးယောက်ကို ပြိုင်တူထားလို့ရပြီး အပျိုစစ် လူပျိုစစ် ဆိုတာ ဦးစား မပေးကြတော့ဘူး။ ကိုယ်နှစ်သက်တဲ့ သူတွေ့ရင်တော့ ပစ္စည်းတစ်ခုခု အလဲအလှယ် လက်ဆောင်လုပ်ရတယ်။ မိန်းကလေးဆိုရင် ဘီး။ ယောက်ျားလေးဆို ခေါင်းပေါင်းပေါ့။ လက်ဆောင်လဲတဲ့ အမှတ်အသားက စေ့စပ်ခြင်းပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ကတိ ထားတဲ့ အနေနဲ့ ၀ါးခြမ်းကို ဓါးနဲ့ သင်္ကေတထစ်၊ နှစ်ခြမ်း ပိုင်းပြီး ကာလသားခေါင်းနှင့် ကာလသမီးခေါင်းတို့ဆီမှာ အပ်ရတယ်။ တခါတလေ ရည်းစား အချင်းချင်း သိမ်းထားတတ်ကြပါတယ်။ ရည်းစားချင်း ပြတ်ဆဲပြီ ဆိုပါက လူကြီးနှစ်ဦး သုံးဦးကိုဖိတ်၊ ခေါင်ရည် ကြက်သားနဲ့ ဧည့်ခံပြီး ယောက်ျားလေးက အသိ သက်သေထားပြီး မိန်းကလေးကို သူနဲ့ ပါတ်သက်ပြီး ကိုယ်ဝန် ရှိမရှိ မေးပါတယ်။ မရှိဘူးဆိုရင် တရားဝန် ပြတ်ဆဲပါတယ်။

ခြေလွန်လက်လွန်ဖြစ်လို့ ကိုယ်ဝန်ရှိခဲ့လျင်လည်း အပျိုမလေးမျက်နှာမြင်ဖို့ လူပျိုဘက်က တာဝန် ယူရပါတယ်။ လူပျိုအိမ်မှာပဲ ကလေးမွေးဖွားရတယ်။ မိန်းကလေးဖက်ကို ယောက်ျားလေးဘက်က ကျွဲနွားစသည်ဖြင့် လျော်ကြေးပေးရပြန်ပါတယ်။ လျော်ကြေး မပေးနိုင်ဘူးဆိုလျင်ဖြင့် မိန်းကလေးကို တရားဝန် ယူရပါတယ်။ ကလေးကိုလည်း ယောက်ျားလေးဘက်က တာဝန်ယူရပါတယ်။ မယူလျင် ကလေး အတွက် လျော်ကြေး ထပ်ပေးရပြန်ပါတယ်။ လျော်ကြေးမပေးဘူးဆိုလျင် မိန်းကလေး ဘက်က ကြွေးထိုင်ပါတယ်။ ကြွေးထိုင်တာ မပြေလည်ဘူးဆိုလျင်ဖြင့် နှစ်ဘက်ဆွေမျိုးသားချင်း အကုန်လုံး ရန်ပွဲတွေ ဖြစ်ကြပါတော့တယ်။ မိန်းကလေးဘက်က ကလေး တစ်ယောက်နဲ့ ကျန်ခဲ့တယ် ထားဦး။ ထိုက်သင့်တဲ့ လျော်ကြေးရလျင်ဖြင့် ထိုမိန်းကလေးရဲ့ ဂုဏ်သိက္ခာက တစ်စွန်း တစ်စမှ မပဲ့ပါဘူး။ မျက်နှာလည်း မပျက်ပါဘူး။ များသောအားဖြင့် နေရာတိုင်းမှာ ယောကျာ်း ကြီးစိုးတဲ့ နေရာတွေ ဖြစ်နေပေမယ့် ကချင် ဒေသလေးမှာတော့ အမျိုးသမီးများက သူ့အဆင့် အတန်းနဲ့သူ နေရာရကြပါတယ်။ တကယ်တော့ ကချင်လူမျိုးတွေ အကြောင်း လေ့လာရင် ကုန်နိုင်မယ် မထင်ပါဘူး။ မင်္ဂလာပွဲနဲ့ ဈာပနပွဲကအစ၊ မနောပွဲကအဆုံး စိတ်ဝင်စားစရာ ကောင်းတာလေးတွေနဲ့ ပြည့်နှက်နေပါတော့တယ်။ တချိန်ချိန်မှာ ကမ္ဘာက ကချင်အကြောင်း သိအောင် ထားပါဦး၊ ကိုယ့်မြန်မာပြည် အတွင်းမှာတင် ကိုယ့်လူမျိုး အချင်းချင်း သိအောင်လုပ်ဖို့ အများကြီး လိုပါသေးတယ်လို့ ထင်မိပါတယ်။
သက်ပိုင်သူ၊ ဘလော်ဂါ
thetpaingthu.com၊ ဧပြီ ၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts