>Regime will announce state-salary hike again before the election

>

ယခုလကုန်တွင် ၀န်ထမ်းများ လစာတိုးဦးမည်ဟု သတင်းထွက်ပေါ်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၂၄၊ ၂၀၁၀
         အစိုးရ၀န်ထမ်းနှင့် တပ်မတော်သားများအား ယခုနှစ် ဇန်န၀ါရီလမှ စတင်ပြီး ပေါ်ကြွယ်စရိတ်  ခေါင်းစဉ်ဖြင့် ကျပ် ၂သောင်းခံစားခွင့် ပြုပြီး ၄လအကြာ ဧပြီလကုန်တွင် လစာထပ်မံ တိုးမြှင့်ပေးမည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ရန်ကုန်မြို့ရှိ အရပ်ဘက် အစိုးရအရာရှိ တဦး၏ ပြောကြားချက်အရ ယခုထပ်မံတိုးပေးမည့် ပမာဏမှာလည်း ကျပ် ၂သောင်းအနည်းဆုံး ရှိမည်ဖြစ်ပြီး အားလုံး တပြေးညီ ခံစားခွင့်ရှိမည် သို့မဟုတ် ရာထူးအဆင့်အလိုက် အနည်းအများ ကွာခြားမည်ဆိုသည်ကိုမူ ရှင်းလင်းစွာ မသိရှိရသေးဟု ပြောဆိုသည်။

ယခုကဲ့သို့ လစာထပ်မံ တိုးမြှင့်ပေးမည့် ရည်ရွယ်ချက်သည် လာမည့်ရွေးကောက်ပွဲတွင် အစိုးရ၀န်ထမ်းနှင့် တပ်မတော်သားများ နအဖ ကျောထောက်နောက်ခံပြုမည့် ပါတီကို မဲပေးရန် ရည်ရွယ်သည်ဟုလည်း အဆိုပါ အရာရှိက ပြောဆိုသည်။ ထိုသို့လစာတိုးပေးရန် အတွက်အစိုးရ၏ ဘတ်ဂျက်အသုံးစရိတ်ကို မည်သို့ရှာကြံမည်ကို မသိရှိရသေးသော်လည်း ယခုနှစ်ပိုင်းတွင် လုပ်ငန်း အသေးစားနှင့် အလတ်စားများ အပေါ်ချမှတ်သည့် ၀င်ငွေခွန်များမှာ အဆနှင့်ချီမြင့်တက် သွားခဲ့ပြီး သာမန် ရေခဲစက်သေး လုပ်ငန်းအား တနှစ်လျင် အခွန်ငွေ ၂၅သိန်းထမ်းဆောင်ရန် ချမှတ်ခဲ့ပြီး လွန်ခဲ့သော ၅နှစ်ကနှင့်စာလျင် ၁၀ ဆ၀န်းကျင် မြင့်တက်လာသည့် သဘောလည်းဖြစ်သည်။
ထို့အတူ ယခုနှစ်ပိုင်းအတွင်း ကုန်ပစ္စည်းရောင်းဝယ်ခွန်၊ စားသောက်ကုန်များ ရောင်းချခြင်းအပေါ် စားသုံးခွန် ကောက်ခံခြင်း၊ ပြည်တွင်းနှင့် ပြည်ပ အရက် ဘီယာများ ရောင်းချခြင်းအပေါ် တပုလင်းချင်း ကုန်သွယ်ခွန် ပေးဆောင်စေရန် ခေါင်းစဉ်သစ်များ ဖေါ်ဆောင်ပြီး ကောက်ခံလျက် ရှိရာကုန်ပစ္စည်း ဈေးနှုန်းများမြင့်တက်လာ စေသည့် အကြောင်းတစ်ရပ်အဖြစ် လုပ်ငန်းရှင်များက ရှုမြင်လျက်ရှိကြသည်။
         ၂၀၁၀ နှစ်စ လစာမတိုးမီ ယမန်နှစ် ကုန်ခါနီးတွင် ငါးထောင်တန် အသစ်ကို စတင်ထုတ်ဝေ သုံးစွဲခဲ့ပြီး ၇လအကြာတွင် ယခုလို လစာထပ်မံ တိုးမြင့်မည့် သတင်းများထွက် ပေါ်လာခြင်းဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts