>Hutgyi Electric Power Plant signed with China and Thai

>

ဟတ်ကြီး ရေအား လျှပ်စစ်စီမံကိန်းအတွက် ထိုင်းနှင့် တရုတ်ကုမ္ပဏီ တို့နှင့်သဘောတူလက်မှတ်ထိုး
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၂၆၊ ၂၀၁၀
ကရင်ပြည်နယ် ထိုင်းမြန်မာနယ်စပ်အနီး သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီးရေအားလျှပ်စစ် စီမံကိန်းအတွက် နားလည်မှု စာချွန်လွှာကို မြန်မာ ထိုင်းနိုင်ငံနှင့် တရုတ်ရေအားလျှပ်စစ်ဆောက်လုပ်ရေး ကုမ္ပဏီတို့ စနေနေ့က လက်မှတ်ရေးထိုးကြသည်ဟု အစိုးရပိုင် သတင်းစာဖေါ်ပြချက် အရသိရှိရသည်။
မကြာမီစတင် ဆောက်လုပ်မည့် ဟတ်ကြီးရေအားလျှပ်စစ် စီမံကိန်းအတွက် မြန်မာနိုင်ငံဘက်မှ အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌါန ၀န်ကြီး၊ ထိုင်းနိုင်ငံ EGAT international Co.Ltd နှင့် တရုတ်နိုင်ငံမှ Sino Hydro Corporation Limited တို့ နေပြည်တော်တွင် သုံးပွင့်ဆိုင် နားလည်မှု စာချွန်လွှာကိုလက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါလက်မှတ်ရေး ထိုးသည့်သတင်းကိုသာ ဖေါ်ပြပြီး မည်မျှပမာဏရှိသည့် လျှပ်စစ်ဓါတ်အားထုတ်လုပ်မည်၊ ရင်းနှီးမြှပ်နှံမှု ပမာဏ ၊ ထွက်ရှိလာမည့် ဓါတ်အားကို ထိုင်းနိုင်ငံနှင့် မည်သို့ခွဲဝေသုံးစွဲမည် ဆိုသည့် အချက်အလက် တခုမျှ ဖေါ်ပြထားခြင်းမရှိသည်ကို တွေ့ရှိရသည်။
ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်းလေ့လာ တိုင်းထွာမှုများကို ၂၀၀၅/ ၂၀၀၆ ခုနှစ်များဆီကတည်းက စတင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရှုထောင့်  ၊ အဆိုပါဒေသရှိဒေသခံများ၏ နေထိုင် အသက်မွေးဝမ်းကျောင်းမှု ပျက်စီးရမည့်အရေး၊ အဓမ္မအလုပ် စေခိုင်းမည့် အန္တရာယ်နှင့် ကျေးရွာများရွေ့ပြောင်းခိုင်းမည့် အန္တရာယ်တို့ကြောင့် ထိုင်းအခြေစိုက် မြန်မာ အဖွဲ့အစည်းအချို့နှင့် ထိုင်းသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့များက ပြန်လည်စဉ်းစားရန် ထိုင်းအစိုးရသို့ အကြိမ်ကြိမ် မေတ္တာရပ်ခံ တောင်းဆိုခဲ့သော်လည်း မအောင်မြင်ပဲ ယခုကဲ့သို့ တည်ဆောက်ရေး လုပ်ငန်းစတင်ရန် လက်မှတ်ရေးထိုး ခဲ့ကြခြင်းဖြစ်သည်။
ဟတ်ကြီးရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ်ဓါတ်အား ၁.၃၅ ဂီဂါဝပ် ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး လာမည့် ၂၀၁၅/ ၁၆ ခုနှစ်တွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။
Sino Hydro Corporation Limited မှာ တရုတ်နိုင်ငံ  အကြီးဆုံး ရေအားလျှပ်စစ် ဆောက်လုပ်ရေး ကုမ္ပဏီနှစ်ခု အနက်တခုဖြစ်ပြီး ရေအားလျှပ်စစ် ဆောက်လုပ်ရေး လုပ်ငန်းများကို အိမ်နီးချင်း လာအို၊ ကမ္ဘောဒီယား နိုင်ငံများတွင်သာမက အာဖရိကနိုင်ငံအများအပြားတွင်လည်း လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts