>Maung Swan Yi – VOA Article – Burmese Thagyan Pwe

>

မြန်မာ့ရိုးရာသင်္ကြန်ပွဲ
မောင်စွမ်းရည်
ဧပြီ ၂၁၊ ၂၀၁၀
ကျွန်တော် ဒီနေ့ ပြောချင်တာကတော့ မြန်မာ့ရိုးရာ သင်္ကြန်ပဲအွ ကြောင်းပါ ပဲ။ ဒီနှစ် ထူးဆန်းတာက သင်္ကြန်ပွဲဟာ တန်ခူးလထဲမှာ မဟုတ်ဘဲ ကဆုန်လထဲမှာ ကျပါတယ်။ ကျနော်တို့ တသက်လုံး မှတ်သားလာတာနဲ့ လွဲချော်တာ ဒီတခါပဲ ကြုံရဖူးပါတယ်။ ကဆုန်လ ၂ ရက်မှာ သင်္ကြန်ကျသဗျ။ အဲဒါ ဧပြီလ ၁၄ ရက်ပေါ့။ ဧပြီလကတော့ မလွဲဘူး။ သင်္ကြန်ဆရာများက အင်္ဂလိပ်လဖြစ်တဲ့ ဧပြီလကိုပဲ လက်ရင်းထား တွက်သလား မသိပါဘူး။ သိကြားမင်းကြီး ရေချိုးမှား အစားမှားပြီး ဖျားနေတာနဲ့ လူ့ပြည်ဆင်းဖို့ နောက်ကျရသလား မဆိုနိုင်ပါဘူး။ ထူးတော့ထူးတာပဲ။
ဒီလိုထူးရတာဟာ မင်းပြောင်းမင်းလွဲဖြစ်မယ့် အတိတ်နိမိတ်လည်း ဖြစ်ချင်ဖြစ်မှာပေါ့နော်။ ဒါဟာ အတိတ်နိမိတ်ဆိုရင် မုချမလွဲ ဖြစ်ပါစေလို့ ဓာတ်ဆင်ဓာတ်ရိုက်လုပ်မှ ဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ်လေ “ဒီအချိန်ရောက်လာရင်ကျနော့စိတ်တွေ ဖောက်ဖောက်လာတယ်“ ဆိုတဲ့ သီချင်းအတိုင်းပါပဲဗျာ။ “တူးပို့ တူးပို့“ အသံတွေက နားထဲ ဂယက်ထနေသဗျ။ အေးလေ ငယ်ငယ်ကတည်းက နှစ်စဉ် မပျက် ရေပက်ကစားလာခဲ့တာဆိုတော့ “မလွမ်းဘယ်သူ နေတတ်မည်“ ဆိုသလိုပဲ ကျနော် တယောက်တည်း မဟုတ်ဘဲ ပြည်ပရောက် ဗမာတွေလည်း လွမ်းကြပေမှပါပဲ။
ပြည်ပ ရောက်လာကြသူတွေထဲမှာ တရုတ်ဗမာကပြားတွေက အထူး များပြားတာ မဟုတ်လား။ သူတို့ကလည်း ဗမာစစ်စစ်တွေထက်တောင် ဗမာ ပီသကြသဗျ။ အမေရိကားမှာ ပေါက်ဖွားတဲ့ တရုတ်ဗမာ ကပြားလေးတွေက ဗမာလိုပဲ ပြောကြပြီး ပြည်ပမှာ မွေးတဲ့ ဗမာစစ်စစ်လေးတွေက ဗမာစကား မပြောတတ်ကြတာတွေ ရှိတာကိုပဲ ကြည့်ပါတော့။ အမေရိကားမှာ ရှိတဲ့ ဘုန်းကြီးကျောင်းကြီး တော်တော်များများဟာ သူတို့ ကောင်းမှု များသဗျ။ နယူးယောက်မြို့က ဗမာသင်္ကြန်ပွဲကြီးတခုဟာ သူတို့ပဲ ဦးဆောင် ကျင်းပကြတာ တွေ့ရပါတယ်။ အဲဒီသင်္ကြန်ပွဲဟာ အစည်ကားဆုံး သင်္ကြန်ပါပဲ။ တမြန်နှစ်က ကျနော်တို့သွားပြီး နွှဲကြတော့ အဆိုတော်မီမီဝင်းဖေတို့လို နာမည်ကြီးအဆိုတော်တွေ သီဆို ကခုန်နေတာ တွေ့ရပါတယ်။
နယူးယောက်မှာ အထူးစည်ကားတဲ့ အခြားသင်္ကြန်ပွဲကတော့ ရခိုင်သင်္ကြန်ပွဲပါ ပဲ။ လောင်းလှေကြီးတွေမှာ ရေအပြည့်အလျှံ ထည့်ပြီး ရေပက် ပျော်ပါးကြပါတယ်။ တကယ်ပဲ ရခိုင် ရောက်နေရော့သလားလို့ အောက်မေ့ရပြီး ပအုန်းရည်နဲ့ ငနီတူး မီးဖုတ်ကလေးများတောင် သတိရမိသေးတော့တယ်။ ကျနော်တို့ ဆရာ ဖက်ဆစ်တော်လှန်ရေးသမား လေထီးသူရဲကောင်း ဦးကျော်ရင်ရဲ့ “ကိုက်စ ကိုက်စ ချိုက်ကိုက်စ“ ဆိုတဲ့ တေးသံကိုလည်း သတိရ၊ “အို အမောင် အို အမောင်၊ အမောင့်သားဟိ ဇာနှစ်တန်းလေ“ ဆိုတဲ့ တေးသီးချင်းကိုလည်း သတိရမိပါတယ်။ အယ်လဘာနီနဲ့ ဖို့ဝိန်းတို့က သင်္ကြန်ပွဲတွေကိုလည်း ကျနော် ဆင်နွှဲဖူးပါတယ်။
ဖို့တ်ဝိန်းဆိုတာကအမေရိကန်ပြည်ထောင်စုရောက် မြန်မာဒုက္ခသည်တွေအများဆုံး နေထိုင်တဲ့ မြို့တမြို့အနေနဲ့ ဗမာတိုင်းရင်းသားပေါင်းစုံ ထောင်ချီရှိတာ မဟုတ်လား။ ဒါကြောင့် သင်္ကြန်ပွဲတွေ ၂ နေရာခွဲပြီး ကျင်းပလေ့ ရှိကြပါတယ်။ ခု ဆိုရင် အဆိုကျော်ကြီး ဒေါ်မာမာအေးလည်း ဖို့တ်ဝိန်းမြို့ကို ရောက်ရှိနေလေရဲ့။ ကျနော်တို့ အဆိုတော်ကြီးကတော့ မညီမညွတ် ကွဲပြဲနေတယ်ဆိုရင် ဘယ်အဖွဲ့မှ ၀င်ဆိုမှာ မဟုတ်ဘူး။
အမေရိကားမှာ ဗမာတွေ စုစု စုစု ရှိတဲ့ နေရာတိုင်းမှာ သင်္ကြန်ပွဲတွေ လုပ်ကြတာပါပဲ။ မြို့ကြီးလေ ပွဲတွေများလေပါပဲ။ နယူးယောက်မြို့မှာ ဘုန်းကြီးကျောင်းတိုင်းက သင်္ကြန်ပွဲ လုပ်လေ့ရှိပါတယ်။ ရခိုင်ကျောင်း သင်္ကြန်ပဲ၊ွ ပအိုဝ့်ကျောင်း သင်္ကြန်ပွဲ တဲ့။ တပါးကျောင်း သင်္ကြန်ပွဲ သုံးပါးကျောင်း သင်္ကြန်ပွဲ တဲ့။ ကျောင်းနာမည်တွေက ပါဠိလိုဆိုတော့ အရပ်သားတွေက ပါဠိလိုမခေါ်ဘဲ အရပ်ခေါ် လွယ်သလို ခေါ်လိုက်ကြတာပါပဲ။ ကျနော်တို့ကတော့ ပွဲတိုင်းကျော်တွေ ဖြစ်နေပေသပေါ့။
ဒီနှစ် သာသနာ့ဥသျှောင် ဘုန်းကြီးကျောင်း သင်္ကြန်ပဲကွ နိဗ္ဗာန်ဈေးပွဲတော်နဲ့ ပူးတွဲ ကျင်းပပါတယ်။ သာသနာ့ဥသျှောင်ဆိုတာ ရွှေဝါရောင် သံဃာတော်များရဲ့ သွေးမြေကျ တော်လှန်ရေးကာလက ပြည်ပမှာ ထောက်ခံလှုပ်ရှားဖို့ရာ မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒနဲ့ ပီနန်ဆရာတော်ကြီး ဦးပညာဝံသ ဦးဆောင်ဖွဲ့စည်းထားတဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်ကြီး ပါ။ သာသနာ့ဥသျှောင် သင်္ကြန်ပွဲမှာ ဂေါပကအဖွဲ့က အငြိမ့်အဖွဲ့နဲ့ ယိမ်းကပွဲတွေလည်း စီစဉ်တင်ဆက်ထားပါတယ်။ အငြိမ့်အဖွဲ့က ဒို့ဗမာ အငြိမ့်အဖွဲ့ ပါတဲ့။
ဝါရှင်တန်က လူရွှင်တော် ကိုယဉ်ထွေးတို့ အဖွဲ့နဲ့ နယူးယောက်က အငြိမ့်မင်းသမီး မေစန္ဒာစိုးညွန့်တို့ ပူးပေါင်း ဖွဲ့စည်းထားတာ ပါ။ အငြိမ့်မင်းသမီးက ယဉ်ကျေးမှုတက္ကသိုလ်က အက၀ိဇ္ဖာ ဘွဲ့ရသူဖြစ်ပြီး မန္တလေးက နိုင်ငံတော် အငြိမ့်မင်းသမီးကြီး ဒေါ်အမာစိန်ရဲ့တပည့်ရင်းကြီး ဆိုသကိုး။ မန္တလေး အငြိမ့်ပညာ ကကြိုးကကွက်တွေကို အမွေဆက်ခံသူ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်ရဲ့ အထူး သြဘာ လက်ခုပ်ရရှိတဲ့ အငြိမ့်အဖွဲ့ ဖြစ်ပါတယ်။
သင်္ကြန်မှာ သံချပ်က ပင်တိုင် မဟုတ်လား။ အိန္ဒိယနဲ့ ဂျပန်က သံချပ်အဖွဲ့တွေဟာ သံချပ်ထိုးတာ ကျော်ကြားပါတယ်။ ပြည်ပရေဒီယိုတွေက လာရင် ကျနော်တို့ နှစ်စဉ် စောင့် နားထောင်ရမြဲပါ။ သံချပ်ဟာ Folk song ခေါ် ရိုးရာလူထု တေးသီချင်း အမျိုးအစားပါ။ ဗမာ သင်္ကြန်ယဉ်ကျေးမှုရဲ့ ထိပ်တန်း အနုပညာ ပါ။ ပြည်တွင်းမှာတော့ အာဏာရှင် ဘီလူးမင်းတြားကြီးများက နှိပ်ကွပ်ထားလို့ သံချပ်တွေ မဖွံ့ဖြိုးနိုင်ရှာပါဘူး။ ကျနော်ဖြင့် ပြောရင်ဆိုရင်း သင်္ကြန်ပိုး ထလာပြီထင်သဗျို့။
ကိုဝင်းဖေရဲ့ သံချပ်လေး ထိုးကြစို့ဗျာ။
မိုး မိုး မိုးလားမောင်တို့၊ လေလေ လေလား မောင်တို့။ သံချပ်ထိုးတဲ့ ငမိုးရေ၊ ဒို့တတွေ ရေချမ်းအိုးကြီး။
ဒီလို ဟုတ်လေသလား မသိတော့ပါဘူး ဗျာ။ နှစ်သစ်မှာ အေးချမ်းကြပါစေ။ ကျနော် မောင်စွမ်းရည် ပါ။
၂၀၁၀၊ ဧပြီ ၁၂ ရက်
(ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် မှ)
(မိုးမခက ဘားမားတူဒေးက ဖော်ပြထားတာကို ပြန်လည်ထပ်ဆင့်ကူးယူဖော်ပြပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts