>San San Tin – Fake Tree

>

သစ်ပင်တု
စမ်းစမ်းတင်
ဧပြီ ၂၀၊ ၂၀၁၀
သစ်ပင်တုတွေကြား
နေရတာ
မာယာများတဲ့ လူတွေကြား
နေရတဲ့အလား …
 နေရောင်မလိုဘဲ
နေရောင်လိုသလို ဟန်ဆောင်
ရေမလိုဘဲ ရေပဲလိုနေ သယောင်ယောင်
မြေမရှိလည်း မြေအတုနဲ့
အယောင်ဆောင်နိုင်လိုက်တာ
အနုပညာနှလုံးသားရှင်
အော်စကာဆုရှင်တွေတောင်
သူတို့လောက် ဟန်မဆောင်နိုင် …
 သစ်ပင်တုကပွင့်တဲ့ ပန်းအတု
ရေမွှေးဆွတ်အတင်းမွှေးခိုင်းလည်း
အတုဟာ အတုပဲဖြစ်
အစစ်ကို မယှဉ်နိုင်လည်း
ပန်းစစ်စစ် ကတောင်
သူ့လောက် မစစ်သလို
ဟန်တွေပို …
 သစ်ပင်တုက သီးတဲ့ သစ်သီးတု
သူမို့ သီးရဲလေတယ်
အနံ့လည်းမမွှေး
အဟာရလည်း မပေး
ဒါပေမယ့်
မာယာများစွာသုံး
အကောင်းဆုံး အသီးမျိုး
သူကလွဲလို့ ဘယ်မှာမှ မသီးတဲ့ပုံ …
 မာယာတွေကြား
နေတာများတော့
နှလုံးသားမှာ
ဒဏ်ရာတွေ
ဗလပွ
တလောကလုံး
မာယာတွေသာ
ဒီလိုသုံးနေရင်
သစ်ပင်တုတွေနဲ့
လေထုမသန့်
ဝန်းကျင်ညစ်ညမ်း
စိတ်လည်းမကျန်းမာ
သစ်ပင်တုများရဲ့ကမ္ဘာ။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts