>1st Time for Citizen of Burma Award – 2010 Award Program Invitation posted

>

ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲ ဖိတ်စာတွေ ပို့ပြီ

မိုးမခအထောက်တော် ၀၀၁
ဧပြီ ၁၈၊ ၂၀၁၀
၂၀၁၀ ခုနှစ်၊ ဧပြီ၏ မြန်မာနှစ်သစ်ကူးအခါသမယ၊ လာမည့် ဧပြီလ ၂၄ရက် စနေနေ့တွင် အခမ်းအနားကို ကျင်းပမည် ဖြစ်ကြောင်း အိမ်ရှင်မြို့အဖြစ် လက်ခံကျင်းပမည့် လော့စ်အိန်ဂျလိစ်က ပြည်သူ့ဂုဏ်ရည် မိတ်ဆွေများက ၎င်းတို့ပေးပို့ဖြန့်ဝေသော ဖိတ်စာတွင် ဖော်ပြထားသည်။ ဖိတ်စာများကို အမေရိကန်ပြည်တွင်းနှင့် စိတ်ဝင်စားသူ မြို့အလိုက် ဖြစ်မြောက်ရေး စေတနာရှင်များ၊ လုပ်အားပေးမျာထံ ပေးပို့ထားသည်။ တက်ရောက်လိုပါက ကြိုတင်စာရင်းသွင်းကြရန် မေတ္တာရပ်ထားသည်ဟု ဆိုသည်။

          မြန်မာပြည်၏ လူမှုလုပ်ငန်း စေတနာဝန်ထမ်း စွမ်းဆောင်သူ အများအပြားအနက်မှ ပရိသတ်၏ ဆန္ဒပြုလွှာများအရ ပဏာမဆန်ကာတင် စာရင်းတွင် ၂၄ ဦး/ အဖွဲ့ ရှိခဲ့ရာ၊ သင်္ကြန်အကြိုကာလတွင် အမေရိကန်ရှိ ၀ိုင်းဝန်းကြမည့် မြို့များမှ မြန်မာမိသားစုများနှင့် ဖြစ်မြောက်ရေးအဖွဲ့များ၏ တိုက်ရိုက် ဆန္ဒပြု ရွေးချယ်မှုကို ခံယူခဲ့သည်။ နောက်ဆုံးဆန်ကာတင် ၅ ဦးကို ဧပြီလ ၁၂ ရက် တွင် ထုတ်ပြန်ပြီး အင်တာနက်မှတဆင့် အများပြည်သူက မဲဆန္ဒဖြင့် ၀ိုင်းဝန်း ဆန္ဒပြုနိုင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ ၎င်းနောက်ဆုံးဆန်ကာတင်များမှာ – ကျော်သူ၊ ဇာဂနာ၊ ဦးဉာဏိသရ၊ ဖြူဖြူသင်းနှင့် ဦးအေးမြင့် တို့ဖြစ်သည်။
          အယ်လ်အေမြို့ခံများက ပထမအကြိမ် ဆုပေးပွဲကို အိမ်ရှင်မြို့အဖြစ် ဆောင်ရွက်ရသည်ဖြစ်ရာ ၎င်းတို့အားလုံးမှာ အချိန်တိုတို၊ ရက်တိုတိုအတွင်း အကောင်းဆုံး၊ စနစ်ကျဆုံး ဖြစ်အောင် အထူးအားထုတ်နေကြသည်ကို တွေ့ရသည်ဟု ဆိုသည်။ အခြားမြို့များမှ ဧည့်သည်များကလည်း ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာမိသားစုများ အတတ်နိုင်ဆုံး စုစည်းဆောင်ရွက်နိုင်သည့် ပြည်သူ့ဂုဏ်ရည် အခမ်းအနားကို တက်ရောက်ပြီး အများပြည်သူတို့၏ ဆန္ဒကို ထင်ဟပ်ထုတ်ဖော်မည့် မြန်မာပြည်သူအားလုံး၏ ပြည်သူ့ဂုဏ်ရည် တဦး ချီးမြှင့်ဂုဏ်ပြုခြင်းကို ၀င်ရောက်ဆင်နွှဲကြရန် အားခဲလျက် ရှိကြောင်း၊ ဧည့်သည်မြို့များမှ အိုရီဂွန်၊ မေရိလမ်း၊ နယူးယောက်နှင့် ဆန်ဖရန်တို့က လာမည်ဖြစ်ကြောင်း သိရှိရသည်။

          “ဒီအခမ်းအနားကနေပြီးတော့ လာမည့်နှစ်တွေ ၂၀၁၁ အတွက် အစီအစဉ်တွေ၊ ပြင်ဆင်မှုတွေ၊ သင်ခန်းစာတွေ အပြင် တိုးပွားလာမယ့် အင်အားတွေ၊ ယုံကြည်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေအတွက်ပါ ခြေလှမ်းပြင်တဲ့ ပုံသဏ္ဍန်လည်း ပါရှိနေတော့ ဒီပွဲပြီးသွားလို့ အိမ်ပြန် ပျောက်ပျက်သွားမှာ မဟုတ်ဘူး။ ဆက်လုပ်ရမှာတွေ၊ မြန်မာပြည်တွင်း လူမှုလုပ်ငန်း စေတနာဝန်ထမ်းတွေရဲ့ စာရင်းတွေ၊ လုပ်ငန်းတွေ၊ သတင်းအချက်အလက်တွေကို ဆက်လက် စုဆောင်း၊ ပြုစုပြီးတော့ ပြည်သူ့ဂုဏ်ရည်ရဲ့ မိတ်ဆွေတွေကို အသိပေး အကြောင်းကြားနေရမယ်။ ဒီလို စိတ်ဓာတ်တွေ ဆက်လက်ရှင်သန်အောင် ပြန့်နှံ့အောင် လုပ်နေရမယ်လို့ ထင်ပါတယ်” ဟု ပြည်သူ့ဂုဏ်ရည် ဖြစ်မြောက်ရေးအဖွဲ့ဝင်တဦးက မိုးမခသို့ သဘောထားကို ပြောကြားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts