>Laiza trip (1)

>

လိုင်ဇာ အ၀င်
လင်းခိုင်
ဧပြီ ၁၇၊ ၂၀၁၀ တရုတ်မြန်မာ နယ်စပ် လိုင်ဇာမြို့ရှိ စစ်ဆေးရေးဂိတ် မြင်ကွင်း။ ကချင်လက်နက်ကိုင်အဖွဲ့ နှင့် မြန်မာ့တပ်မတော်တို့ အပစ်အခတ် ရပ်စဲခဲ့သည့် ၁၉၉၄ ခုနှစ် မတိုင်မီက လိုင်ဇာသည် ရွာလေး တရွာသာ ဖြစ်သည်။ (ဓာတ်ပုံများ – လင်းခိုင်)

ကချင်သူပုန်အဖွဲ့၏ ဌာနချုပ် တည်ရှိရာ ‘လိုင်ဇာ’မြို့ကို မြစ်ကြီးနားက တဆင့် သွားရသည်။ ထိုနေ့က မြစ်ကြီးနားကို ရောက်တော့ နေ့ ၁၂ နာရီ ထိုးပြီ။ ကားနဲ့ ခရီး ဆက်ထွက်မည်။ ဒီတော့ ထမင်းက စားကို စားရမည် ဖြစ်၏။ ဒါနဲ့ ကချင်ထမင်းဆိုင်ဝင်၊ ကြက်သား ကချင်ချက် ခပ်စပ်စပ်ကို ရှူးရှဲ မည်အောင် စားရင်း ဖက်နှင့် ထုပ်ထားသော စီးထွေး မွှေးပျံ့သော ထမင်းက ဗိုက်ထဲ ဘယ်လို ၀င်သွားမှန်း မသိ။ အစပ် ကြောက်လှသော ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်စွာနှင့် ဂရိတ်ဖရု ဖျော်ရည်ကို မော့ချမိပြန်တော့ ပါးကြောတွေ တင်းသည် အထိ ချဉ်တော်မူ၏။ မြို့ခံ မိတ်ဆွေများ ကျေနပ်အောင် ဟန်ဆောင်နေရသည်ကလည်း တယ် မလွယ်လှ။

တော်သေးပြီ၊ ကား စထွက်ပြီလေ။ နေ့လယ် တနာရီ ထိုးပြီ။ မြို့အထွက်မှာ ဓာတ်ဆီထည့်တော့ ၀ါကျင်ကျင် တရုတ် ဓာတ်ဆီပဲ ရသည် တဲ့။ ဈေးကြီးသော်လည်း မြင်နေကျ မြန်မာပြည် ဓာတ်ဆီထက် ပါဝါ ပိုပြင်း ဆိုပဲ။ ငါးထောင့် ငါးရာ တဲ့ တဂါလံကို။ ခွက်ချင်ကလည်း ပြည့်မည် မထင်။ ဒီလိုနဲ့ နာမည်ကျော် ဗလမင်းထင် တံတားကို ဖြတ်ပြီ။ တံတားဖြတ်တော့ မဆီမဆိုင် ဓာတ်ရှင် မင်းသမီး ခိုင်သင်းကြည်ကို သတိရသည်။ သူက ဒီတံတား ဆောက်တုန်းက ရိုက်သည့် ပေါ်လစီ ကားထဲမှာ မပွတ်ကျွတ်လို့ ယောင်ရင်း နာမည် ကြီးလာသူ ဖြစ်သည်။

လမ်းတွင် တွေ့ရသည့် ဓာတ်ဆီဆိုင် တဆိုင်


မြစ်ကြီးနား-လိုင်ဇာလမ်း က နှစ်ပိုင်း။ ၀ိုင်းမော်အထိက ဗမာလမ်း၊ မညီမညာ ချိုင့်ခွက် များစွာ။ အဲ… ၀ိုင်းမော်က ထွက်ကတည်းက တရုတ်လမ်း ဖြစ်သွားပြီ။ လမ်းပုခုံးများက သပ်ရပ်စွာ။ သို့သော် ကျောက်ခင်းပြီး ကတ္တရာ တင်မယ် လုပ်တော့ ဒီဒေသမှာ တန်ခိုး အထွားဆုံး ဖြစ်သော စစ်တိုင်းမှူးက ခွင့်မပြုပါ တဲ့။ သစ်ထုတ်တဲ့ အပေးအယူက မတည့်ဘူး ဆိုပဲ။ တိုင်းမှူး၏ ပညာပြမှုကို မည်သို့ နားလည်ရမည် မသိ။ ဒီလိုနှင့်ပင် ကျောက်လမ်း ကြမ်းကြမ်းပေါ်မှာ ကားက ပြေးနေရတော့သည်။ ကားဆရာက တာယာတွေ သိပ်နာတာပဲဗျာ လို့ ညည်းရှာ၏။

လမ်းက မြို့ဆက် ရွာဆက် ဝေးသည်။ သစ်ပင်ကြီး သိပ်မရှိ၊ ၀ါးရုံတွေကတော့ ကြီးသား။ သစ်ထုတ်လုပ်ငန်းက စိနတိုင်းနဲ့ နီးရာက စပုံ ပေါ်၏။ ကြက်ဆူပင်တွေကတော့ ပေါပါပေ့။ အလေ့ကျဆိုပဲ။ သန်စွမ်းလိုက်သည်မှ။ မြန်မာပြည် အနယ်နယ် အရပ်ရပ်မှာ မင်း အမိန့်ကြောင့် ဂရုတစိုက် ခြင်းခတ်ပြီး ပျိုးခဲ့ရတဲ့ ယတြာ ကြက်ဆူတွေနဲ့ မယှဉ်သာအောင် သန်စွမ်းတာ တွေ့ရတော့ ပြုံးစိစိ ဖြစ်ရပြန်။ တခြား စိုက်ပင် ပျိုးပင်အနေနဲ့ လိမ္မော် အတွေ့များသား။ စပါးလည်း စိုက်ကြသည်၊ သို့သော် ၀ိုင်းမော် ကျော်လာတော့ စပါးပင် သိပ်မတွေ့ပြန်။
တံတားတွေ ကြည့်ပြန်တော့ တယ်ပြီး ကြံ့ခိုင်မှု မရှိ။ သံငုတ်တွေ ထွက်နေတာက ကြောက်စရာ။ ပျဉ်ပြားတွေက ထိုးထိုး ထောင်ထောင်၊ တာယာတွေကို ထိုးခွဲသွားမှဖြင့်။ ဖြတ်သွား ဖြတ်လာကား အတော် နည်းတာကို သတိထားမိလာတော့ ကားဆရာကို မေးကြည့်မိသည်။ နားမသက်သာချေ။ ခရီးသည်တင်ကားမှ အပ ကုန်ကားကြီးများ ခွင့်မပြု တဲ့။ ဘယ်သူကလဲ လို့ မေးစရာ မလို။ အလိုလို နားလည်၏။ ကုန်စည် စီးဆင်းမှု ရပ်သွားရင် လိုင်ဇာကို ချုပ်ကိုင်ထားသော KIA ခေါ် ငြိမ်းချမ်းရေးယူထားသည့် ကချင်သူပုန်တို့ အခွန်အတုပ် မရနိုင်အောင် တဲ့။ ကလေးတွေလို ပါပဲလား။ နင်က ဒါမလိုက်လျောရင် ငါက ဟိုဟာ မလိုက်လျောဘူးပေါ့။ ကျလဲ ကျပါ့။ အခြေအနေက အဲသလို။

KIA ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ထပ်ကာ ထပ်ကာ အချိန် တိုးပေးရင်း ပြောနေတာ ဘယ်နှစ်ကြိမ် ရှိပြီလဲ မသိ၊ ဟိုဘက်နှစ် အောက်တိုဘာလောက်က စသည် ထင်သည်၊ အခု ၂၀၁၀ ဧပြီ ရောက်နေပြီ၊ တိုးတက်မှု မမြင်သေးပေ။ ကိုးကန့်ဒေသတွင်တော့ စစ်ပွဲများ ဖြစ်ပြီးမှ နယ်ခြားစောင့်တပ်အရေး အဆင်ပြေသွားသည်။ ကချင်ဒေသတွင် ဤအရေးက မည်သို့ လာမည်နည်း။

တံတားထိပ်မှ စစ်ဆေးရေးဂိတ်တခု

ဗန်းမော်လမ်းခွဲ ကျော်လာတော့ လမ်းက မသိမသာ မြင့်လာ၏။ ပြောရင်းနဲ့ ကျန်ခဲ့တော့မလို့။ အစစ်အဆေး အမေး အမြန်းက ရှိသည်။ တံတားမှန်သမျှ အစိမ်းရောင်ပေမယ့် သစ်ပင်မဟုတ် သူများက စောင့်ကြပ်ထားသည်။ တံတား တချို့မှာဆို ဘာလုပ်ဖို့မှန်း မသိ၊ သဲအိတ် ဘန်ကာတွေနဲ့ လုံလုံခြုံခြုံ။

“တံတားတွေ ချိုးမှာ စိုးလို့ဗျ။ KIA က အတွင်းလမ်း ရှိတော့ တံတားကျိုးလည်း အရေးမကြီးဘူးလေ။ သူတို့က ဒီလမ်းပဲ ရှိတာ” ဟု ကားဆရာက ရှင်းပြသည်။

ဟုတ် မဟုတ်တော့ မသိ၊ ပြောတဲ့သူက ခုပဲ စစ်ပွဲက ဖြစ်တော့ မယောင်။ ကိုယ်က သာမန်အားဖြင့် အကြောက် အလန့် နည်းသူ။ ဒီတော့ ပြုံးရင်းက “ဟုတ်ပါ့မလား ကိုယ့်လူရာ၊ KIA ဆိုတာ လူအင်အားက ဘယ်လောက် ရှိတာကျလို့။ နင်လားငါလား ဆိုရင် ဘယ်လောက် တောင့်ခံနိုင်မှာမို့လဲ”

ဒီတခါ ဖြေတဲ့ သူ့အဖြေကိုတော့ နည်းနည်း လန့်သွားမိ၏။ လူသူဝေးရာ တောတွေ တောင်တွေမှာ ဖြစ်ဖို့ မရှိ၊ မြို့တွင်းတိုက်ပွဲများသာ ဖြစ်နိုင်မည်တဲ့ လေ။ ကြားဖူးနားဝ ရှိသော ပြောက်ကြားစစ်ပွဲ ဆိုလား။ ဖြိုခွဲရ ခက်လှသည့် တာလီဘန်တွေလိုလားဟု တောင်တောင်အီအီ တွေးမိသည်။ ဒါဆိုရင် ဆိုသော အတွေးနဲ့ ကားဆရာလေးကို အသေအချာ ကြည့်မိပါ၏။ အသက်က ၃၀ မရှိတရှိ။ တောက်ပ ၀င်းလက်သော မျက်ဝန်းများနှင့် ကိုယ့်ကို ပြန်ကြည့်နေသည်။ ပြုံးနေသည့် နှုတ်ခမ်းများ ကြားမှ ကွမ်းစားမထားသော သွားဖြူဖြူများ။ သူက ဆေးလိပ်လည်း မသောက်ပါ တဲ့။ သူ့လို ပညာတတ် ကချင် လူငယ်လူရွယ်များ ဘယ်လောက်များ ရှိမလဲ။ လက်နက်ငယ် သင်တန်းလည်း တက်ဖူးပြီးသားလေ။ ယုံကြည်မှု အပြည့်နဲ့ ကိုယ့်ပြည်နယ်ကို ကိုယ်ကာကွယ်ဖို့ ဘယ်အထိ ဆင်းရမလဲ တဲ့။ မဖြစ်သင့်ပါ။ ကိုယ်တို့က ပြည်ထောင်စုသားတွေလေ။ အချင်းချင်း တိုက်ဖို့မှ မဟုတ်တာ။ ဘာတွေလဲ။

စကားလမ်းကြောင်း ပြောင်းဖို့ မကြိုးစားမိခင်မှာပင် နံပါတ် မပါသော မော်တော်ဆိုင်ကယ် အသစ် ၁၀ စီး ခန့် မျက်နှာခြင်းဆိုင်မှ ခပ်ကြမ်းကြမ်း မောင်းသွားကြလေသည်။ ကားဆရာလေးက စကားစသည်။ “ဒါတွေလည်း ကချင် လူငယ်တွေပဲလေ။ သူတို့ ဘ၀ကတော့ တမျိုးဗျ”

လမ်းတွင် တွေ့ရသည့် ကချင်ဒေသခံတို့၏ နေအိမ်တလုံး


ဆင်းရဲသည်၊ သို့သော် ဆိုင်ကယ် အသစ် တစီးကို ၂ သိန်း လောက်သာ ပေးရသည့် ယခုအခါ ဆင်းရဲသူတို့က ဒီလုပ်ငန်းကို ထွက်ပေါက် အဖြစ် ယူမှတ်လာကြသည်။ ပထမ လူစုသည်၊ ပြီးတော့ ငွေစု (သို့) အရင်းအနှီး ထုတ်ပေးသူရှာသည်။ လိုင်ဇာမှ တဆင့် တရုတ်ပြည်ထဲ ၀င်သည်။ ဆိုင်ကယ် ၀ယ်သည်။ ဒီဖက်ကို ပြန်မောင်းဝင်သည်။ ဈေးရသော ဗန်းမော်ဘက်ကို အထွက်များသည်။ လမ်းကြမ်းပေါ်မှာ မောင်းရတာ အလွန် ပင်ပမ်းပါသည်။ ရင်ဘတ် အလွန် အောင့်ပါသည်။ ညခရီးများလည်း ပါသေးသည်။ ဒီတော့ ခံနိုင်ရည် ရှိရန် အကြောင်းပြချက်ဖြင့် စိတ်ကြွဆေး၊ မူးယစ်ဆေးများ မှီဝဲ ကြပါ၏။ ရောင်းသူတွေကလည်း ဒီအကွက်ကိုပဲ ချောင်းနေကြတာလေ။ ကဲ… ဘိန်းစားတွေ ဖြစ်ကုန်ကြရော။ လူငယ်တွေ။

ဟုတ်ပါသည်။ ကိုယ်တို့ မီလာသည့် ရှေ့က ဟိုင်းလက်ကား နောက်ခန်းမှာ ပိုးလိုးပက်လက်လန်ရင်း အိပ်ရင်း လိုက်ပါလာကြသော အသက် အစိတ် မပြည့် သေးသည့် ကချင်လူငယ်လေးများ။ ဆယ်ယောက် လောက်တော့ ရှိမည်။ တရုတ်ပြည်ကို တက်ပြီး ဆိုင်ကယ်ဝယ် ပြန်ဆင်းမည့် လူငယ်များတည်း။ ဒါမျိုး တနေ့တနေ့ ရာနှင့် ချီသည် တဲ့။ ကိုယ့်ရင်ထဲမှာ နုံးသွားရပြီ။

တိုက်ရင်း ခိုက်ရင်း သေရ ပြတ်ရမည့် လူငယ်များ။ မူးယစ်ဆေးဝါး စွဲ၊ ဘိန်းစားဘ၀နှင့် ဘ၀တုံးမည့် လူငယ်များ။ ဒါတောင် ကျောက်စိမ်းတွင်း မှော်ထဲက အကြောင်း၊ ကျောက်သမားတို့၏ လောဘနှင့် မူးယစ်ဆေးဝါး ကြားက ဘ၀ကြမ်းကြမ်းများ အကြောင်း မပါလာသေး။ သူတို့က ကချင်လူငယ်များလေ။ ကိုယ်တို့ တိုင်းရင်းသား ညီနောင်များ။ သွေးရင်းသားရင်းများပါတည်း။

လိုင်ဇာအနီး ကျေးလက်ရှုခင်းတခု


ကားပေါ်မှ အပြင်ရှုခင်းကို စိုက်ငေးရင်း တွေးနေမိသော ကိုယ့်ကို ခရီးသွားဖော်တဦးက သတိပေးသည်၊ နေညိုနေပြီမို့ အသိ ရွာတရွာမှာ ၀င်အိပ်ဖို့။ နာရီ ကြည့်လိုက်တော့ ဟုတ်ပါသည်၊ မှောင်ရင် လိုင်ဇာ ထိပ်နားက ဆည်ဝစောင့်တဲ့ ဗျိုင်းတွေကို အရှင်းရ ခက်ပေမည်။ (ဒီဗျိုင်းတွေ က သံလွင်စိမ်းရောင် တွေနော်) လိုင်ဇာလမ်း တလျှောက် အပေါ်က စီးပြီး လမ်းကို မြင်သာတဲ့ တောင်ကုန်း တွေ့ပြီ ဆိုရင် သေချာတယ် သူတို့ပဲ။ ထုံးဖြူ အနားသပ် သုတ်ထားသော အုတ်လှေခါးထစ်လေးများ၊ သပ်ရပ်သော ခြံစည်းရိုးလေး နဲ့ ခိုင်ခိုင်ခံ့ခံ့။ သေသပ်လှပမှုကိုတော့ အတော်နှစ်သက်သော၊ ကိုယ်တို့ချစ်ခဲ့ဘူးသော ဟိုတုန်းက ကိုယ်တို့ တပ်မတော် ပေါ့။ သူတို့စခန်းပေါ့။ ကင်းပုံးများလည်း ၀ပ်လို့ဆိုဘဲ။ ကိုယ်တော့ မမြင်ပေါင်။

လိုင်ဇာ မရောက်ခင် ဆယ်မိုင်ကျေုာ် အလိုက တည်းမဲ့ ရွာရောက် တော့ နေလုံးပျောက်စ ပြုပြီ။ အဟဲ.. အတော်အေးတာ မို့ရေကတော့ လုံးဝ မချိုးနိုင်။ တည်းမည့် ရွာတွင် စားရန်အသင့် အိပ်ရန်အသင့် အားလုံး ရယ်ဒီ။ ရန်ကုန်မှ လာသည့် ကိုယ်ကတော့ ဤဒေသတွင် တရုတ်ဖုန်းများ အသုံးတည့်ပုံကိုသာ ငေးကြည့်နေမိတော့သည်။ ။

(ဆက်ပါဦးမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts