>Rangoon Street Journalist – Rangoon View – Apil 1st Wk 2010

>

ရန်ကုန်ရှုခင်း ဧပြီ ပထမပတ် ၂၀၁၀
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
ဧပြီ ၈၊ ၂၀၁၀
ဒုက္ခတောထဲမှ ၂၀၁၀ သင်္ကြန် (စည်းကမ်းလိုက်နာရမယ့် သင်္ကြန်)
ဒီနှစ် သင်္ကြန်ကို နအဖ အစိုးရက စည်စေချင်တဲ့နေရာ စည်စေ၊ မစည်ကားစေချင်တဲ့နေရာ မစည်ကားရအောင် စည်းကမ်းအမျိုးမျိုးထုတ် နေတာကို မြင်ရကြားသိနေရပါတယ်။ သင်္ကြန်နဲ့ နိုင်ငံရေး လို့ဆိုရမလိုပါပဲ။ သင်္ကြန်ကိုလည်း နိုင်ငံရေး ရှုထောင့်ကကြည့် ပြီးစီမံခန့်ခွဲနေပါတယ်။ ဒါကြောင့် ပေါက္ခရ၀ဿ သင်္ကြန်လို့ တင်စားလိုက်တာပါ။ ရွာစေချင်တဲ့နေရာ ပေးရွာမယ့် သင်္ကြန်ပါ။
နအဖ အစိုးရအနေနဲ့ ၂၀၀၅ ခုနှစ်အကုန် ရန်ကုန်မှ နေပြည်တော် ပျဉ်းမနားသို့ ပြောင်းရွှေ့ပြီးနောက် ၅နှစ်မြောက် ကျသည့် သင်္ကြန်တွင် ရန်ကုန်ထက် နေပြည်တော်ကို သိသိသာသာ စည်ကားစေဖို့ရာ နည်းအမျိုးမျိုးဖြင့် ပိတ်ကာဆီးကာ လုပ်ဆောင်နေတဲ့ အချက်ကို ယခင်နှစ်များနှင့် မတူသည့် စည်းကမ်းများထုတ်ပြန်တာကို ကြည့်ခြင်းအားဖြင့် ရန်ကုန်နဲ့ မြန်မာနိုင်ငံ ပြည်သူတွေ သဘောပေါက်ကြပါတယ်။
ဒီနှစ် ထုတ်ပြန်လိုက်တဲ့ စည်းကမ်းတွေထဲ ပထမဆုံးကတော့ ရန်ကုန်မှာ ရေအပေါဆုံးနဲ့ စင်၊ မဏ္ဍပ် ဆောက်ဖို့ မြေနေရာလည်း အဆင်ပြေဆုံး လမ်းတွေဖြစ်တဲ့ တက္ကသိုလ်ရိပ်သာလမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်း၊ အင်းလျားလမ်းတို့မှာ မဏ္ဍပ်ဆောက်ခွင့် မပြုလို့ ဆိုလိုက်တာပါပဲ။ 
ဘာအကြောင်းကြောင့် ရယ်လို့တိတိကျကျ မရှိပဲ ဆောက်ခွင့်မပြုလို့ဘဲ စည်းကမ်းချက် ထုတ်ခဲ့ပါတယ်။ နောက်တခါ ခွင့်ပြုတဲ့ နေရာတွေမှာလည်း ရေသွယ်တဲ့အခါ တကျပ်ပိုက်လုံးတစ်လုံးကို ကျပ်ဘယ်နှစ်သောင်းဆိုပြီး ကုန်ကျစရိတ်များအောင် လုပ်ပါတယ်။ ဒါ့အပြင် ပြည်လမ်းမှာ ယခင်ဆောက်လုပ်ခွင့်ရ ခဲ့တဲ့နေရာတွေမှာလည်း ကုမ္ပဏီကြီးတွေကို မဆောက်လုပ်စေဘဲ အဆိုပါ ကုမ္ပဏီတွေကို နေပြည်တော်နဲ့ မန္တလေးမှာဆောက်ဖို့ ညွှန်ကြားခဲ့ပါတယ်။ 
ဒါကြောင့် ယခင်နှစ်တွေ အင်းလျားကန် ရှေ့ ပြည်လမ်းမှာ ဆောက်နေလုပ်နေကြ အယ်လ်ပိုင်းတို့ အဲပုဂံတို့ မရှိတော့ပဲ အခြားသော ကုမ္ပဏီများ၊ ပုဂ္ဂလိက တဦးချင်းတွေကိုပါ  အဲဒီနေရာတွေမှာ ဆောက်လုပ်ခွင့် မပြုတော့ပါဘူး။
         ယခင်နှစ်စဉ် နှစ်တိုင်း အင်းလျားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းကို ပိုက်ဆံချမ်းသာတဲ့ သားသမီးနဲ့ လူကြီးသားသမီးတွေ ပေါင်းပြီးလိုင်စင်လျှောက်၊ မဏ္ဍပ်မှာ ရေကစားဖို့ အခကြေးငွေယူပြီး စီးပွားရေး လုပ်ငန်းသဖွယ်လုပ်ခဲ့ကြတာပါ။ တယောက်ကို တရက်ထဲဆို တစ်သောင်းခွဲ ၀န်းကျင်၊ ၄ရက်လုံးဆို ၄သောင်း၊ ၅သောင်း ပေးကြရပါတယ်။ မဏ္ဍပ်စီးပွားရေးလို့လည်း ခေါ်ကြပါတယ်။ အရက်၊ ဘီယာကုမ္ပဏီတွေထံမှ ကြော်ငြာကပ်ဖို့ ငွေကြေးရတာနဲ့ တဦးချင်းရေကစားသူတွေ ထံမှ ရတာပေါင်းလိုက်ရင် မြတ်သူကမြတ်၊အချို့က အရင်းနဲ့ ကစားရတာပဲ အမြတ်ဆိုပြီး ကစားခဲ့ကြတာပါ။
         အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်  မိုဒယ်တွေကို နေပြည်တော်၊ မန္တလေး၊ တောင်ကြီး အသီးသီးခေါ်ထားငှားထားလိုက်လို့ သူတို့ထဲက ရန်ကုန်မှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်ရစ်မှာပါ။ အဆိုတော်တွေ၊ သရုပ်ဆောင်တွေဆိုတာ နအဖ အစိုးရ ပြန်ကြားရေး ၀န်ကြီးဌါနနဲ့ နအဖသူဌေးကြီးတွေကို မလွန်ဆန်နိုင်ကြတာမို့ နေပြည်တော်ကို အများဆုံး သွားဖြေဖျော်ကြရမယ့် သဘောရှိပါတယ်။
ဒီနှစ်တော့ အင်းလျားကန်ရေကို မပေးသုံးပဲ ကန်တော်ကြီး ပတ်ပတ်လည်မှာ မဏ္ဍပ်အချို့ ဆောက်ခွင့် ပေးလိုက်တာမို့လို့ စိမ်းပုပ်ပြီး ညစ်နေတဲ့ကန်တော်ကြီးရေကို ဘယ်လိုလုပ်သုံးပြီးပက်ကြမလဲ မတွေးတတ်ပါ။ ဒီအချက်ကိုလည်း ရန်ကုန် မြို့တော်စည်ပင်က ကုမ္ပဏီတခုကို ဓါတုပစ္စည်းတွေသုံးပြီး ရေသန့်စင်အောင် လုပ်ခိုင်းထားလို့ အခုတော့ စိမ်းပုပ်ရောင်ကနေ ကြံရည်ရောင် ဖြစ်နေပြီလို့ ဂျာနယ်တွေမှာ ဖေါ်ပြကြပါတယ်။
အင်းလျားရေကို သွယ်ထားပြီးသား ပိုက်တွေနဲ့ ကန်တော်ကြီးထဲကို ပို့ပေးဦးမယ်လို့လဲ ပြောပါတယ်။ ကန်ုတော်ကြီးက ရေညစ်ညစ်တွေနဲ့ ဘယ်လို သင်္ကြန်ကစားကြမလဲဆိုတာတော့ စောင့်ကြည့်ကြရမှာပါ။
 မြန်မာ့ ယဉ်ကျေးမှု ထိန်းသိမ်းမယ့် သင်္ကြန်
ယခုနှစ်ရန်ကုန် သင်္ကြန်မှာ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ရာရည်ရွယ်တာလား စပေါ်ငွေ သိန်း ၃၀ ကို ပြန်မပေးရအောင် ရည်ရွယ်တာလားတော့ မပြောတတ်ပါ။ လိုက်နာဖို့ ခက်ခဲတဲ့ စည်းကမ်းသတ်မှတ် ချက်တွေကို မဏ္ဍပ်ဆောက်ခွင့်ပေးသူတွေ သိရှိနားလည်ကြောင်း လက်မှတ်ထိုးထားရပါတယ်။
အကယ်၍ အဆိုပါစည်းကမ်းချက်ဖောက်ဖျက်ရင် စပေါ်ငွေ သိန်း ၃၀ကို ပြန်မပေးဘူးဆိုတဲ့သဘောပါ။ ယခု ဧပြီလ ပထမပတ် သိရှိရတဲ့စာရင်းအရ မဏ္ဍပ်လတ် နဲ့ အကြီး ၁၀၀ ကျော်ရှိနေပြီဆိုတော့ သိန်း ၃ထောင် ကျော်ရထားပြီဆိုတဲ့သဘောပါ။
အဆိုပါစည်းကမ်းချက်တွေမှာ မဏ္ဍပ်တိုင်း မြန်မာသင်္ကြန်ပီသအောင် အနည်းဆုံးတရက်တော့ ငွေဖလားနဲ့ အမွှေးနံ့သာရည် ပက်ဖျန်းတဲ့ ရေကစားခြင်း လုပ်ဆောင်ရန်၊ (ရေရှားလို့လည်း ဖြစ်နိုင်ပါတယ် ဖလားနဲ့ဆိုတော့ ရေသိပ်မကုန်ဘူးဆိုတဲ့သဘော)  ၊ မဏ္ဍပ်တွေ၊ ရေကစားသူတွေမှာ နိုင်ငံခြားအမှတ်တံဆိပ် မသုံးရ၊ နိုင်ငံခြားအလံ မသုံးရ၊ ကားကို မဏ္ဍပ်ရှေ့ ကြာရှည်စွာ မရပ်ရ၊ နောက် ဒိထက် လိုက်နာဖို့ ခက်ခဲတဲ့ စည်းကမ်းကတော့ အမျိုးသမီးများရဲ့ ၀တ်စားဆင်ယင်မှုပဲ ဖြစ်ပါတယ်။
အမျိုးသမီးတွေ ၀တ်စားဆင်ယင်မှုကို တင်းကြပ်စွာ တားမြစ်မယ်လို့ ဆိုပြီး ဘော်လီကြိုးတချောင်း မ၀တ်ရ၊ ချက်ပေါ်၊ ဗိုက်ပေါ် အကျီမ၀တ်ရ၊ ပါးလွှာပြီး ရေစိုရင် အမြင်မတော်တဲ့ အဖြူရောင် ဘောင်းဘီ မ၀တ်ရလို့ဆိုပြီး မဏ္ဍပ်ရဲ့စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က အဆိုပါအချက်တွေကို လိုက်နာအောင် ကြည့်ကြပ်ရမယ်၊  သင်္ကြန်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့နဲ့လည်း ပူးပေါင်းကူညီရမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်စုနီးပါးကြာ ရန်ကုန်သင်္ကြန်မှာ မိန်းကလေးတွေ အထက်ကလိုဝတ်ဆင် ရေကစားတာကို ခွင့်ပြုခဲ့ပြီးမှ ယခုနှစ်မှာဘာကြောင့် တားမြစ်သလဲ မပြောတတ်ပါ။ ဒါပေမယ့် သင်္ကြန်မတိုင်ခင် ထွက်ရှိတဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာတော့ အမျိုးသမီး အနုပညာရှင်တွေ ၀တ်ဆင်တာကို ကြည့်ရင် အထက်က စည်းကမ်းချက်တွေနဲ့ တခုမှ မညီပါဘူး။ အဲလို ဂျာနယ်တွေကြော်ငြာတွေမှာ ၀တ်ခွင့်ရှိမှတော့ သင်္ကြန်မှာ ဘယ်လိုလုပ် တားမြစ်မလဲ ဆိုတာ စဉ်းစားစရာပါ။
နောက်စည်းကမ်းချက် တခုကတော့ ဘယ်မဏ္ဍပ်မှာမှ အရက်၊ ဆေးလိပ်၊ ဘီယာ ကြော်ငြာ မကြော်ငြာရ ဆိုတာပါ။ ယခင်နှစ်တွေက မြန်မာဘီယာ၊ ဒဂုံဘီယာနဲ့ အရက်ကုမ္ပဏီတွေရဲ့ ကြော်ငြာကို လုပ်မဏ္ဍပ်မှာ ချိတ်ဆွဲခြင်းဖြင့် အသုံးစရိတ်ရဲ့ ရာခိုင်နှုန်းအတော်များများ ကျေသွားတယ်လို့ဆိုပါတယ်။ ဒီနှစ်တော့ ဘယ်မဏ္ဍပ်မှ မသုံးရလို့ ဆိုပါတယ်။ ဒါပေမယ့် မဏ္ဍပ်ဘေးတလျောက်၊ လမ်းတလျောက်မှာ အရက်၊ ဘီယာ၊ စီးကရက်ရောင်းနေကြတာကို မြင်တွေ့ရမှာပါ။ ရန်ကုန်ရော မန္တလေးမြို့မှာပါ သင်္ကြန်မဏ္ဍပ်တွေ တ၀ိုက် အရက်၊ ဘီယာရောင်းသူတွေကို မမြင်ချင်မှ အဆုံးဖြစ်ပါတယ်။ လက်ညှိုးထိုးမလွဲလောက်အောင် ရောင်းနေမှတော့ ကြော်ငြာစရာ မလိုဘူးဆိုတဲ့ သဘောလားတော့ မပြောတတ်ပါ။
ရေဒုက္ခနဲ့ မီးဒုက္ခ များထဲမှ သင်္ကြန်
သင်္ကြန်ကို ရေကစားမဏ္ဍပ်တွေ ရာနဲ့ချီဆောက်ဖို့ လျှောက်ထားနေကြတဲ့အချိန်မှာပဲ ရန်ကုန်မြို့ရဲ့ လမ်းမတော် မြို့နယ်မှာပဲ သုံးရေမလုံလောက်လို့ ရေသန့်ဗူးကြီးတွေကို ၀ယ်ပြီးသုံးရေ အဖြစ်သုံးနေရတာပါ။ ၂၀ လစ်တာ တဗူးကို ၃၀၀၊ ၄၀၀ ကျပ်နဲ့ပေးဝယ်ပြီး သုံးနေကြရပါတယ်။ လျှပ်စစ်မီးမလာ၊ လျှပ်စစ်မီးလာတဲ့အချိန်မှာ ရေပိုက်ထဲ ရေစုပ်စရာမရှိတဲ့ အဖြစ်ကြောင့် သုံးရေ မလုံလောက်တော့တာပါ။ ယခင်နှစ်တွေထက် ပိုမိုပူလောင်တဲ့ နှစ်လို့ ရန်ကုန်ရော မြန်မာနိုင်ငံအခြားမြို့ကြီးတွေမှာ နေထိုင်သူတွေက ညည်းညူနေကြစဉ်မှာပဲ သုံးစရာ ရေမရ၊ လျှပ်စစ်မီးမရနဲ့ ဒုက္ခတောထဲ ရောက်နေကြတာပါ။
ယုဇန ဥယျာဉ်မြို့တော်မှာဆို တွန်းလှည်းနဲ့ လိုက်ရောင်းတဲ့ ရေကိုဝယ်သုံးကြရတယ်လို့ ဂျာနယ်တွေမှာ ဖေါ်ပြလျက်ရှိပါတယ်။ ရေတစည်ကို အနည်းဆုံး ၁၀၀၀ကျပ်မှ အထပ်မြင့်ရင် ၁၄၀၀ ကျပ်အထိ ဈေးအသီးသီးမြင့် တက်သွားပါတယ်။ မြန်မာလူထုက ဒုက္ခတွေ ကြားထဲမှ တနှစ်မှာ တကြိမ်သာကျတဲ့ သင်္ကြန်ကိုကြံဖန်ပြီးပျော်ကြရမှာကတော့ ၂၀၁၀ ခုနှစ်ပါပဲ။
(ဂျာနယ်ထဲက ဓာတ်ပုံများ – ခန့်စည်သူ၊ သီရိရှင်းသန့်နဲ့ အယ်လ်ကိုင်ရာတို့၏ ၂၀၁၀ သင်္ကြန်စတိုင်။ မနှစ်က သင်္ကြန်မဏ္ဍပ်တခုရဲ့ အရက်ကြော်ငြာ။ စစ်အစိုးရ၏ ၂၀၁၀ သင်္ကြန်ဥပဒေများ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts