>Swan conplaints about Thabin Association’s decision

>

ဇာတ်ကခွင့် ၂ နှစ် ထပ်မံပိတ်ပင်ခြင်းမှာ မှားယွင်းသည့် ဆုံးဖြတ်ချက်ဟု စွမ်းဇာနည် ပြောကြား
မိုးမခအထောက်တော် အမှတ် ၀၀၅
ဧပြီ ၇၊ ၂၀၁၀

မျှော်စင်ကျွန်းရှိ ဖျော်ဖြေရေးအစီအစဉ် တခုတွင် စွမ်းဇာနည်ကို ပရိသတ်တဦးက ဆုငွေ ချီးမြှင့်နေပုံ (ဓာတ်ပုံ-www.shweamyutay.com)


မြန်မာနိုင်ငံ သဘင်အစည်းအရုံးက သူ့အား ဇာတ်ကခွင့် ၂ နှစ် ထပ်မံ ပိတ်ပင်လိုက်ခြင်းမှာ မှားယွင်းသည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု နာမည်ကျော် ဇာတ်မင်းသား စွမ်းဇာနည်က ပြောလိုက်သည်။

သဘင်အစည်းအရုံးက သူ့အား ဇာတ်ကခွင့် တားမြစ်ထားစဉ် ဇာတ်စင်ပေါ်တက်ခဲ့ကြောင်း၊ သို့သော်လည်း ကပြခြင်း မရှိဘဲ သီချင်း ၃ ပုဒ်သာ သီဆိုခဲ့ခြင်းဖြစ်သည်ဟု မင်းသားက ပြောသည်။

ကျွန်တော် ပရိသတ်နဲ့ အဆက်အသွယ် ပြတ်မှာ စိုးလို့ သရုပ်ဆောင် စွမ်း အနေနဲ့ သီချင်း လိုက်ဆိုဖြစ်တာပါ ဟု မင်းသားက အလင်းတန်းဂျာနယ်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပြောလိုက်သည်။

သဘင်အစည်းအရုံးက သူ့ကို ပရိသတ် အပေါ် မထီမဲ့မြင် ပြုမှုဖြင့် ယမန်နှစ်က စတင် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ ၂ နှစ် ပိတ်ပင်သည့် အမိန့်ကို ပြီးခဲ့သည့် ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

လူကြိုက်များသည့် ဇာတ်မင်းသား စွမ်းဇာနည်သည် မကြာသေးမီက ရန်ကုန်တွင် ပြုလုပ်သော မိတ်ကပ် ပညာရှင် တဦး၏ ဧည့်ခံပွဲကြီးတခုတွင် ဇာတ်မင်းသားတဦးအဖြစ် ဖျော်ဖြေ တင်ဆက်ခဲ့သည်။ ထိုပွဲသို့ သူ၏ ပရိသတ် အများအပြား သွားရောက် ကြည့်ရှုပြီး ဇာတ်မင်းသား စွမ်းဇာနည်ကို ဆုငွေများ ချိတ်ဆွဲပေးကြသည်။

“စွမ်းရဲ့ စန်းအားက ကျွန်တော် တွေ့ခဲ့ဖူးတဲ့ ဇာတ်မင်းသားလေးများရဲ့ စန်းထက် မတန်တဆ ကြီးလွန်းလှပါတယ်” ဟု ထိုပွဲကို သွားရောက် ကြည့်ရှုခဲ့သူ စာနယ်ဇင်းသမား ဆရာ ၀င်းငြိမ်းက တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ရေးသားထားသည်။


လွန်ခဲ့သည့် တပတ်က ရန်ကုန်မြို့ မျှော်စင်ကျွန်းရှိ ဖျော်ဖြေရေးအစီအစဉ် တခုတွင် တွေ့ရသော စွမ်းဇာနည် (ဓာတ်ပုံ-www.shweamyutay.com)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts