>
ဂီတပညာရှင်၊ အဆိုတော် (ဒေါ်) မာမာအေး အင်္ဂလန်နှင့် ဥရောပသို့ အသံအလှူ ခရီးထွက်
မိုးမခအထောက်တော် ၀၀၂
ဧပြီ ၇၊ ၂၀၁၀
၂၀၀၇ နှစ်ဆန်းကတည်းက ကျန်းမာရေးအခြေအနေကြောင့် အမေရိကန်ပြည်ပသို့ ခရီးမထွက်ခဲ့ဘဲ အမေရိကန်ပြည်တွင်းတွင် ဘာသာရေးဆိုင် ဝေယျာဝစ္စကုသိုလ်များ ပြုလုပ်ခြင်း၊၊ ဂီတဆိုင်ရာ စုဆောင်းခြင်း နှင့် စာရေးသားခြင်းတို့ ဆောင်ရွက်ပြီး နေထိုင်လျက်ရှိရာမှ ယခု ဧပြီလဆန်းတွင် အင်္ဂလန်နိုင်ငံမှ ဓမ္မရံသီဘုန်းတော်ကြီးကျောင်း၊ ဆရာတော်ဦးဥတ္တရ၏ ဖိတ်ကြားစီစဉ်မှုဖြင့် အင်္ဂလန်နှင့် ဥရောပနိုင်ငံအချို့တွင် ဘာသာရေးဆိုင်ရာ အလှူပွဲများတွင် မိမိ၏ ဂီတအနုပညာဖြင့် ကူညီရန် တလတာကြာမည့် ခရီးထွက်ခွာသွားသည်ဟု သိရသည်။
မြန်မာအမျိုးသားတို့အတွက် ထူးခြားသော ၂၀၁၀ ခုနှစ်အတွက် မင်္ဂလာနှစ်သစ်တခု ဖြစ်စေရန် ဆုမွန်တောင်းသည့် မင်္ဂလာသီချင်းတပုဒ်ကို မြန်မာနှစ်ဆန်းတွင် ဖြန့်ချိထုတ်လွှင့်ရန် သူမနေထိုင်သည့် ဖို့ဝိန်းမြို့နှင့် အခြားမြို့များက ဂီတမိတ်ဆွေများ၏ ၀ိုင်းဝန်းမှုများဖြင့် ရေးသား စပ်ဆိုပြီး သီဆိုအသံသွင်းထားခဲ့သည်ဟု ဆိုသည်။ ထိုသီချင်းကို မြန်မာနှစ်ဆန်းတရက်နေ့တွင် ထုတ်လွှင့်ရန် မိုးမခအဖွဲ့သားများအား မှာကြားထားသည်။ ရွာစားကျော် ကိုကျော်ကျောနိုင်က မေတ္တာဖြင့် တီးခတ်ပြင်ဆင်ပေးထားသည်ဟု သိရသည်။ ဂီတမိတ်ဆွေတဦးဖြစ်သူ ကိုကျော်သက်က အသံပိုင်းဆိုင်ရာ စက်မှုပိုင်းကူညီထားသည်ဟု ဆိုသည်။ အထူးသဖြင့် ထိုသီချင်းကို အမေရိကန်ပြည်တွင်းရှိ မြန်မာမိသားစုများ ၀ိုင်းဝန်းစီစဉ်ကြသော “ပြည်သူ့ဂုဏ်ရည်” ၂၀၀၉ ခုနှစ်အတွက် ပထမအကြိမ် ဂုဏ်ပြုအစီအစဉ်၏ အခမ်းအနားတွင် တင်ဆက်လိုက တင်ဆက်နိုင်ရန်လည်း ခွင့်ပြုချက် ပေးခဲ့ပြီး ဖြစ်သည်ဟု သိရှိရသည်။
မြန်မာပြည် ဂန္ထ၀င်ဂီတလောက၏ ဂုဏ်ထူးဆောင် အဆိုတော်၊ ဂီတပညာရှင်တဦးဖြစ်သော ဒေါ်မာမာအေးမှာ မြန်မာပြည် လွတ်လပ်ရေးခေတ်ဦးပိုင်း၊ ငယ်စဉ်ကတည်းက ထင်ရှားလာသော အဆိုတော်တဦးဖြစ်သည်။ မြန်မာပြည်တွင်းသာမက မြန်မာပြည်ပရှိ မြန်မာ့ဂီတချစ်သူများ၏ အသည်းစွဲ ဂီတပညာသည်တဦးဖြစ်သည်။ ၁၉၉၈ တွင် ပြည်ပသို့ ခရီးထွက်ခွာလာခဲ့သည်။ ထိုနောက် ဘီဘီစီမြန်မာပိုင်းအစီအစဉ်တွင် ဂီတအနုပညာနှင့် မိမိအတွေးအမြင်များကို တင်ဆက်သည့် ပင်တိုင်အစီအစဉ်တခုကို ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့ဂန္ထ၀င်ဂီတ နှင့် ပညာရှင်များဆိုင်ရာ အချက်အလက်များ စုဆောင်းပြင်ဆင်တင်ဆက်နိုင်ရန် မာမာအေးဖောင်ဒေးရှင်းကို သူမရောက်ရှိနေထိုင်ရာ အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၇ နှစ်မှ စတင်ပြီး ထူထောင်နိုင်ခဲ့သည်။ ဟောပြောပွဲတင်ဆက်မှု မှတ်တမ်းများ၊ သီချင်းသီဆိုမှုများကို ၂၀၀၇ မှ ၂၀၁၀ အတွင်း တင်ဆက်နိုင်ခဲ့သည်။ ၂၀၀၇ စက်တင်ဘာ သံဃာတော်များရဲ့ ရွှေဝါရောင်တော်လှန်ရေးကစပြီး ဒေါ်မာမာအေးသည် မြန်မာအမျိုးသားရေးကို လှုံဆော် အားပေးသော လှုပ်ရှားမှုများ၊ တေးသီချင်းဖြန့်ချိမှုများကို အစဉ်တစိုက် ဆောင်ရွက်လာခဲ့သည်ကို တွေ့ရသည်။ ၂၀၀၈ နာဂစ် အရေးအခင်းတွင်လည်း မြန်မာတို့ အမျိုး ဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်ဖို့ လှူဒါန်းကြဖို့ တိုက်တွန်းသော့ သီချင်းကို ကိုယ်တိုင်ရေးသား သီဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ် မွေးနေ့ အခမ်းအနားတခုမှ စတင်ပြီး ဒေါ်မာမာအေး တင်ဆက်သော မူလနိုင်ငံတော်သီချင်း ပြန်လည် သင်ကြားမိတ်ဆက်သည့် အစီအစဉ်ကြောင့် ပြည်ပရောက် မြန်မာတို့၏ အမျိုးသားရေးပွဲလမ်းများတွင် မြန်မာတို့ မူလနိုင်ငံတော်သီချင်းကို ခုံခုံမင်မင် သီဆိုလာကြသည်မှာလည်း ထင်ရှားသော သာဓကဖြစ်သည်။ ထိုသီချင်းများကို စုစည်းပြီး မာမာအေး ဖောင်ဒေးရှင်းအမည်ဖြင့် ၂၀၀၈ မာမာအေး သီချင်းစီဒီကို ထုတ်ဝေခဲ့သည်။ ဆရာမောင်စွမ်းရည်၊ ဆရာဦးဝင်းဖေ၊ ဆရာမောင်သာရတို့နှင်အတူ ၂၀၁၀ ခုနှစ်အတွက် မိုးမခစာနယ်ဇင်းအဖွဲ့၏ သက်ကြီးစာပေပညာရှင်များအဖြစ် ဂုဏ်ပြုဂါရ၀ပြုခြင်းခံရသူ တဦး ဖြစ်သည်။