မောင်ဝံသ

Maung Wuntha – Articles

လေ့လာမိတဲ့ ရာဇပရိယာယ်အချို့ 
မောင်ဝံသ
ဇွန် ၁၈၊ ၂၀၁၃

ပန်းချီ – သိုးထိန်း

(ပြည်သူ့ခေတ်ဂျာနယ် ၂၀ ဇွန် ၂၀၁၃ ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး)
● ၀ဲစားနိုင်ငံလို့ အထင်မခံခဲ့ရပါ
မြန်မာနိုင်ငံဟာ ၁၉၄၈ လွတ်လပ်ရေးရချိန်ကစလို့ ပါလီမန်ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့တာ ၁၀နှစ် ကြာမြင့်ခဲ့တယ်။ အဲဒီ ၁၀နှစ် ၁၀မိုး ကာလအတွင်း တိုင်းပြည်မှာ ပြည်တွင်းစစ်ကြီးတစ်ခြိမ်းခြိမ်း ဖြစ်နေတဲ့ကြားက လယ်ယာစီးပွားလုပ်သူတွေဆက်လုပ်၊ ပြည်ပဆန်တင်ပို့တာတွေလည်း မပျက်မကွက် ဆက်လုပ်၊ အခြား စက်မှုထုတ်ကုန် အိပ်စပို့ အင်ပို့တွေကလည်း အရှိန်အဟုန်နဲ့။ သည်ကြားထဲ ပြည်တော်သာ စီမံကိန်းကြီးဆိုတာတောင် ပေါ်ပေါက်ခဲ့သေး။ ဆဌသံဂါယနာတင်ပွဲကြီးကလည်း ဗုဒ်ဓဘာသာသမိုင်းမှာ မှတ်တိုင်ကြီး ထီးထီးမားမား စိုက်ထူနိုင်ခဲ့။ အရှေ့တောင်အာရှမှာ ၀ဲစားနိုင်ငံလို့ ဘယ်သူကမှ မထင်ခဲ့ရုံမက မြန်မာပြည်သားတွေ သွားလေရာ မျက်နှာပန်းလှကာ အိမ်နီးချင်းနိုင်ငံသားတွေရဲ့ မော်ကြည့်ခြင်းကို ခံခဲ့ရတာ အားလုံးအသိပါ။ နိုင်ငံရေးသမားတွေကြောင့် တိုင်းပြည်ကြီးရဲ့ အခြေအနေတွေ ဘက်ပေါင်းစုံက ယိုယွင်းလာနေတယ်လို့ ပြောစရာ တကွက်မှ မရှိခဲ့။
● ၁၉၅၈ အာဏာသိမ်းပွဲ
အဲသလို ပြည်တော်သာခေတ်ကြီးကိုပင် ရှေးရှုနေချိန်မှာ ပြည်တော်မသာ ခဲ့တာက အာဏာရနိုင်ငံရေးပါတီကြီးဖြစ်တဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးပါပဲ။ ဖဆပလကြီး ထက်ခြမ်းကွဲရာက အစပြုပြီး တည်မြဲဖဆပလလိုလားသူ ဆိုရှယ်လစ်ပါတီလက်ဟောင်း စစ်ဗိုလ်ချုပ်တချို့နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်း ပူးပေါင်းကာ ၁၉၅၈ခုမှာ ဦးနုဆီက အာဏာသိမ်းခဲ့ပါတယ်။ သမိုင်းရေးတဲ့အခါ တိုင်းပြ့ည်မငြိမ်မသက်ဖြစ်နေလို့ ဗိုလ်ချုပ်ကြီး နေ၀င်းလက်ကို ဦးနုက အာဏာအပ်လိုက်ရတယ်ဆိုတဲ့ အပေါက်မျိုးရေးသူတွေရှိတယ်။
● စစ်တပ်ရာဇ၀င်ရိုင်းမယ်
တကယ့်အဖြစ်အပျက်က ဦးနုဆီကို ဗိုလ်ချုပ်နေ၀င်းအမိန့်အရ အာဏာလာသိမ်းတဲ့ စစ်ဗိုလ်ချုပ် သုံးယောက် (ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်တင်ဖေ)က ၀န်ကြီးချုပ် ရုံးမတက်ပါနဲ့တော့လို့ ပြောတော့ ဦးနုက မင်းတို့ စစ်တပ်က အာဏာသိမ်းတာလား၊ အာဏာသိမ်းတယ်ဆိုတာ စစ်တပ်အတွက်လည်း ရာဇ၀င်ရိုင်းမယ်၊ တိုင်းပြည်အတွက်လည်း မကောင်းဘူးကွာ၊ သည်တော့ ကျုပ်က ဗိုလ်ချုပ်ကြီးနေ၀င်းကို အာဏာလွှဲအပ်မယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းက ၀န်ကြီးချုပ်အဖြစ်တာဝန်ယူပြီး ၆လအတွင်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးပါ။ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ နိုင်ငံရေးပါတီကို အာဏာပြန်လွှဲအပ်ပါလို့ တောင်းဆိုလိုက်တာပါ။ ဦးနုက တိုင်းပြည်ကြီး မငြိမ်မသက် ဖြစ်နေပါပြီ၊ ကျုပ်လည်း မထိန်းသိမ်းနိုင်တော့ပါ၊ ဒါကြောင့် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာလွှဲယူပြီး ကယ်တင်တော်မူပါလို့ တောင်းဆိုခဲ့တာ မဟုတ်ပါ။
● ဗိုလ်ချုပ်နေ၀င်းစိတ်ဆိုးပုံများ
ဦးနုဆီသွားခဲ့တဲ့ စစ်ဗိုလ်ချုပ် ၃ယောက်ထဲက တစ်ယောက်က ကျွန်တော်နဲ့ အတော်ခင်မင်ရင်းနှီးတဲ့ ဗိုလ်တထောင်သတင်းစာ အယ်ဒီတာချုပ်ဟောင်း၊ ကွယ်လွန်သူ ပြည်သူ့ရဲဘော်ဗိုလ်ထိန်လင်းနဲ့လည်း အတော့်ကို ရင်းနှီးတယ်။ ထိုပုဂိုလ်ဟာ လူတော်တစ်ယောက်လို့ သတင်းကြီးပါတယ်။ ဘ၀င်လည်း အတော်မြင့်သူလို့ ဆိုပါတယ်။ ဦးနုဆီကို သွားတာတောင် သူက ဦးဆောင်သွားခဲ့တာ၊ ဗိုလ်အောင်ကြီးက သူ့အဖော်အဖြစ်လိုက်ခဲ့ရတာလို့ ပြောတတ်တဲ့ သူမျိုးပါ။ နောင်နှစ်ပေါင်းများစွာကြာလာပြီး ထိုပုဂိုလ်လည်း သူပြောင်းလဲကိုးကွယ်ရာ ဘာသာရေးကိစတွေ လုပ်နေရင်း တစ်နေ့ စကားလက်ဆုံကျတော့ ဗိုလ်ထိန်လင်းကို ပြောပြသတဲ့။ ဦးနုစကားကို လက်ခံသဘောတူပြီး သူတို့ သုံးယောက် ပြန်လာကာ ဗိုလ်နေ၀င်းထံ အစီရင်ခံတော့ စိတ်ဆိုး လိုက်တာဗျာတဲ့။ သူက အဲဒီကတည်းက အပြတ်အာဏာသိမ်းချင်နေတာ။ ကျုပ်တို့က ဦးနုလှည့်ကွက်ထဲ ၀င်သွားပြီး အာဏာလွှဲတာကို လက်ခံ၊ ပါလီမန်ကိုလည်း မဖျက်ရ၊ နိုင်ငံတော်သမတကြီးကလည်း ရှိနေမယ်။ ရွေးကောက်ပွဲပြီးရင် အနိုင်ရပါတီကို အာဏာလွှဲရမယ်ဆိုတာကိုလည်း သဘော တူခဲ့လေတော့ သူ့ရဲ့ မင်းစည်းစိမ်ခံစားခွင့်က ခဏလေး ဖြစ်တော့မှာပေါ့လို့ ဒေါသူပုန်ထသွားဟန်တူတယ်တဲ့။
● အာဏာသိမ်းရောဂါတွေ ကူးစက်နေချိန်
အဲဒီကာလ၀န်းကျင် ၁၉၅၀ နှစ်များက အီဂျစ်မှာ ဗိုလ်မှူးကြီး နာဆာတို့ အာဏာသိမ်း၊ ထိုင်းမှာလည်း ခဏခဏစစ်တပ်က အာဏာသိမ်း၊ ပါကစ္စတန်မှာလည်း အာယွတ်ခန်တို့၊ ယာဟီးယားခန်တို့ အာဏာသိမ်း စသည်ဖြင့် စစ်အာဏာသိမ်းရောဂါတွေကူးစက်နေချိန်မှာ ဗိုလ်ချုပ်နေ၀င်း ကလည်း နိုင်ငံရေးအာဏာကို ဖြတ်လမ်းက အပိုင်ကြံခဲ့တာပါပဲ။ သို့သော် သူ့ထက် အဆပေါင်းများစွာ အကွက်မြင်တဲ့ ဦးနုနဲ့ ရင်ဆိုင်ရလေတော့ ပထမတစ်ကျော့မှာဖြင့် သူခံသွားရ ပေသပေါ့။ နောက်တစ်ကျော့ ၁၉၆၂ခုနှစ် မတ်လ ၂ ရက်ကျတော့ ဦးနုရဲ့ တစ်ကျော့ပြန်အစိုးရက ကြီးမှူးကာ ပြည်လမ်းအသံလွှင့်ရုံကြီးမှာ ဖက်ဒရယ် မူကိစ ညီလာခံကြီး ကျင်းပနေတုန်း၊ တိုင်းရင်းသားခေါင်းဆောင်ပေါင်းစုံလည်း ရန်ကုန်မှာ အစုအဝေးနဲ့ ရောက်နေကြတုန်းမှာ ဗိုလ်ချုပ်နေ၀င်းနဲ့ အပေါင်းပါများဟာ ခဲတစ်လုံးတည်းနဲ့ ငှက်အကောင်ပေါင်းများစွာကို  အပိုင်ရခဲ့ပါတယ်။ (မှတ်ချက်။ ဒီကိစ္စမှာတောင် ဂိုဏ်းဂဏအစွဲကြီးတဲ့ နိုင်ငံရေးအတိုက်အခံ တချို့က ဦးနုဟာ သူမနိုင်တော့တဲ့ ဖက်ဒရယ် ဇာတ်ရှုပ်ကို ဆက်မက ရဲတော့လို့ တိုင်းရင်းသားခေါင်းဆောင်တွေကို ရန်ကုန်မှာ စုပေးပြီး ဦးနေ၀င်းလက်ကို အပ်လိုက်တာလို့ စွပ်စွဲတာ ကြားဖူးခဲ့ပါသေးဗျာ။)
တကယ်ကတော့ သမတကြီး မန်းဝင်းမောင်ကအစ ၀န်ကြီးချုပ် ဦးနုအပါအ၀င် ပထစအစိုးရအဖွဲ့ဝင်တွေ၊ ဖက်ဒရယ်မူဆွေးနွေးမိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အကုန်ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။
● တည်မြဲများ ဘေးမသီရန်မခ
အဲဒီတုန်းက ခေါင်းဆောင်ကြီး ဦးဗဆွေတို့ ဦးကျော်ငြိမ်းတို့  အပါအ၀င် တည်မြဲဖဆပလတွေ ဘေးမသီရန်မခပါပဲ။ တချို့ဆို ဗိုလ်ချုပ်နေ၀င်းက တည်မြဲတွေအတွက် အာဏာသိမ်းပေးသလိုလိုတောင် ထင်ကြေးပေးနေကြသေးရဲ့။
နောက်တော့လည်း စစ်အာဏာရှင်လောင်းက မင်းသားခေါင်းစွပ် ကြီးကို ဖယ်လိုက်ပါတယ်။  တောပြန်ဗကပတချို့နဲ့ ပမညတဆိုရှယ်နီတချို့ကို သိမ်းသွင်းကာ စစ်တပ်အမာခံပြုတဲ့ တစ်ပါတီစနစ်ကို စတင် ပျိုးထောင် ချိန်မှာတော့ ဖဆပလဦးကျော်ငြိမ်းက ကောင်းစွာ အမြင်ရှင်းသွားပါတယ်။ သူက ပါလီမန်ဒီမိုကရေစီစနစ်ကို နှစ်နှစ်ကာကာ ယုံကြည်သူဖြစ်တယ်။ ကွန်မြူနစ်တစ်ပါတီစနစ်ကို ခါးခါးသီးသီး မုန်းတီးသူဖြစ်တယ်။ သည်တော့မှ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ဟာ ဗိုလ်ချုပ်နေ၀င်းနဲ့ ပြတ်စဲကြတော့တယ်။ မကြာခင် သူတို့လည်း ရေကြည်အိုင် ရောက်သွားကြတာပါပဲ။
● ကွဲလွဲတတ်တာ ထုံးစံပါ
သည်အတိတ်ဖြစ်ရပ်တွေကို မျက်မှောက်ကာလ နိုင်ငံရေး လေ့လာသူတွေ သင်ခန်းစာ ယူသင့်တယ်ထင်ပါတယ်။ နိုင်ငံရေးသမားဆိုတာ တစ်ဦးနဲ့ တစ်ဦး သဘောထားကွဲလွဲကြစမြဲပါ။ အထူးသဖြင့် အင်အားကြီးပါတီတွေ၊ အာဏာရပါတီတွေ အထူးသတိထားသင့်ပါတယ်။  အရင်တုန်းက နာမည်ကြီး လက်ဝဲစွန်းပါတီတစ်ခုရဲ့ ဆောင်ပုဒ်ကြားဖူးတယ်။ ]]တူတာတွေ တွဲလုပ်၊ မတူတာတွေ ခွဲလုပ်ဆိုတာ လက်တွေ့မကျတဲ့ အချောင်သမားဝါဒ ဖြစ်တယ်။ အခြေခံခံယူချက်ချင်း လူတန်းစား သဘာဝချင်းမတူတဲ့ အင်အားစုတွေဟာ ဘယ်ကိစမဆို တွဲလုပ်လို့ကို မရနိုင်ဘူး။ တွဲလုပ်လို့ ရတယ်ဆိုရင်လည်း တိုင်းပြည်အကျိုးအတွက် မဟုတ်ဘူး။ ကိုယ်ကျိုးစီးပွားတွေအတွက်ပဲ ဖြစ်မယ်။ အဲဒီညီညွတ်ရေးမျိုးဟာ တံတွေးနဲ့ ဆွတ်ပြီး ကပ်ထားတဲ့ ညီညွတ်ရေးပဲဖြစ်မယ်။ ဒါကြောင့် အယူအဆမတူဘူးလား၊ အက်ကြောင်း ပေါ်လာပြီလား၊ ဒါဆို ကွဲအက်ရေးကနေ ခွဲထွက်ရေး လုပ်ကြတော့။ တော်လှန်ရေးဆိုတာ သန့်သန့်လေးလုပ်ရတယ်}}တဲ့ဗျာ။
အဲဒီဆောင်ပုဒ်ကို အဲဒီပါတီလိုလားတဲ့ ကျွန်တော် သူငယ်ချင်းတွေ ပြောကြဆိုကြတုန်းက ကျွန်တော်တို့က ဟားခဲ့ကြတယ်။ အခု ပြန်စဉ်းစား ကြည့်တော့]]အခြေခံခံယူချက်ချင်း လူတန်းစား သဘာဝချင်းမတူတဲ့ အင်အားစုတွေဟာ ဘယ်ကိစမဆို တွဲလုပ်လို့ကို မရနိုင်ဘူး။ တွဲလုပ်လို့ ရတယ်ဆိုရင်လည်း တိုင်းပြည်အကျိုးအတွက် မဟုတ်ဘူး။ ကိုယ်ကျိုးစီးပွား တွေအတွက်ပဲ ဖြစ်မယ်။ အဲဒီညီညွတ်ရေးမျိုးဟာ တံတွေးနဲ့ ဆွတ်ပြီး ကပ်ထားတဲ့ ညီညွတ်ရေးပဲဖြစ်မယ်}}ဆိုတဲ့ ကောက်ချက်ကို လက်တွေ့များနဲ့ ထင်ဟပ်ကာ အဖန်ဖန်တလဲလဲ ဆင်ခြင်နေမိပါတယ်။
● ပါလီမန်ဒီမိုကရေစီသက်ဆိုးရှည်ဖို့
၁၉၅၈ခုနှစ်က အာဏာလာသိမ်းသူတွေကို ဦးနုက ဖျောင်းဖျပြီး ပါလီမန်ဒီမိုကရေစီသက်ဆိုးရှည်ရေးအတွက် နောက်ဆုံး ကျည်ဆန် အဖြစ် အာဏာလွှဲခြင်းနဲ့ ရွေးကောက်ပွဲံကတိကို အပေးအယူခဲ့တယ်။ ၆လအတွင်း ရွေးကောက်ပွဲလုပ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့်ဗိုလ်ချုပ်နေ၀င်းက ရက်တွေတိုးတိုးပြီး တောင်းခဲ့လို့ ၂နှစ်ကြာသွားတယ်။ အဲဒီတုန်းက ပါလီမန်မှတ်တမ်းတွေကို ပြန်ဖတ်ရင် တည်မြဲဖဆပလအမတ်တွေဟာ မာန်တက်ပြီး အပေါ်စီးကနေ သဟောက်သဟမ်း ဆွေးနွေး ပြောဆိုတာတွေ တွေ့ရပါလိမ့်မယ်။ ၀ိဓုရဘွဲ့ရသွားတဲ့ နာမည်ကျော် မိန့်ခွန်းကို သာယာဝတီ သခင်ချစ်မောင် ရဲရဲတောက် ပြောခဲ့တာ အဲဒီ ပါလီမန်ပါ။ အိမ်စောင့်အစိုးရ သက်တမ်းမတိုးရေးကို သာယာဝတီ သခင်ချစ်မောင်တို့က လေးလေး နက်နက် အရေးတကြီး အဆိုတင်သွင်းဆွေးနွေးနေစဉ် တည်မြဲ ဖဆပလ အမတ်တချို့က သရော်မော်ကား ထောက်ကွက်တွေနဲ့ ၀င်နှောက်ခဲ့တာတွေ ဖတ်ရပါတယ်။ နောက်တော့မှ သူတို့တွေလည်း ကျောချမှ ဓားပြမှန်း သိကုန်ကြတော့တာကလား။
ခုတစ်လော ဖတ်နေရ ကြားနေရတဲ့ နိုင်ငံရေးသတင်းတချို့နဲ့ ပတ်သက်လို့ စပ်မိစပ်ရာ အတွေးရေလျင်ကြောမှာ မျှောကြည့်တာပါ။ အထူးသဖြင့် ငယ်ငယ်တုန်းက ဖတ်စာစာအုပ်မှာ သင်ရတဲ့ ၀ံပုလွေနဲ့ သိုးငယ်ပုံပြင်နဲ့လည်း စံထိုးကြည့်မိပါတယ်။
၁၆ ၀၆ ၂၀၁၃

maungwuntha@gmail.com    

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts