>NLD sympathizers and SPDC’s elections

>

NLD လူထုနဲ့ နအဖ ရဲ့ရွေးကောက်ပွဲ
သန်းစိုးလှိုင်
ဧပြီ ၁၊ ၂၀၁၀


ပူပြင်းလှသည့် နွေလယ်နေ့ခင်း၊ NLD ထောက်ခံသူများ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ရွှေဂုံတိုင်လမ်းရှိ NLD ဌာနချုပ်ပြင်ပတွင် ၀ိုင်းပြီး စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။ ရှပ်အကျီအဖြူ၊ တီရှပ်အဖြူ၊ ပင်နီတိုက်ပုံတို့ဖြင့် လွယ်အိတ်လွယ်ထားသူက လွယ်ထားကြပြီး ပါတီ၏ ကံကြမ္မာ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြသည်။

NLD ရုံး၏ မျက်နှာချင်းဆိုင် လမ်းတဘက်တွင်လည်း အရပ်ဝတ် ၀တ်ဆင်ထားသည့် လူအုပ်တအုပ် ရှိသည်။ သူတို့ကလည်း စိတ်ဝင်တစားဖြင့် ဓာတ်ပုံ ရိုက်သူရိုက်၊ ဗီဒီယို ရိုက်သူရိုက်ဖြင့် အလုပ် ရှုပ်နေကြသည်။ ရုံးသို့ လာသူတိုင်းကို ကျီးကန်းတောင်းမှောက် အကြည့်ဖြင့် ကြည့်လျက်ရှိကြသည်။ သူတို့ထိုင်နေသည့် တာယာဆိုင် နဘေးတွင် အမှိုက်ပစ်သည့် အုတ်ကန်မှ ထွက်သည့် နံစော်သည့် အမှိုက်ပုပ်နံ့ကို သည်းခံကာ တာဝန်ကို ထမ်းဆောင်နေကြသည်။ ထိုသူတွေမှာ ရဲ၊ အက်စ်ဘီ၊ စရဖ အစရှိသည့် နအဖ အစိုးရ၏ ထောက်လှမ်းရေး အဖွဲ့ဝင်များ ဖြစ်ကြသည်။

ထိုနေ့သည်ကား NLDပါတီ အတွက် အရေးပါသည့် ဆုံးဖြတ်ချက် ချမှတ်မည့် မတ်လ ၂၉ရက်နေ့ပင် ဖြစ်သည်။ ပါတီ၏ လျှောက်လှမ်းခဲ့သည့် လမ်း၊ ချမှတ်ခဲ့သည့် မူဝါဒများ နှင့် နအဖ စစ်အစိုးရက ကြေညာထားသည့် ၂၀၁၀ ရွေးကောက်ပွဲ၊ ပါတီ မှတ်ပုံတင်ခြင်းကို လိုက်မည် မလိုက်မည် ဆိုသည့် အရေးကြီးသည့် ဆုံးဖြတ်ချက် ချမှတ်ရမည့်နေ့ ဖြစ်ပြီး နိုင်ငံရေး လမ်းဆုံလမ်းခွတွင် ရောက်ရှိနေသည့် အချိန်အခါလည်း ဖြစ်နေသည်။

ဘူးသီးနှင့် NLD ပါတီ ခေါင်းဆောင်များ သို့မဟုတ် သင်္ကေတ နိုင်ငံရေး
နိုင်ငံရေး စိတ်ဝင်စားသူ လူထုနှင့် NLD ပါတီဝင် အများက ထိုနေ့၏ ဆုံးဖြတ်ချက်ကို စောင့်မျှော် နားထောင်လျက်ရှိကြသည်။ ထိုရက်မတိုင်မီ သီတင်းပတ်မှာ ဒေါ်စု၏ အမြင်ကိုလည်း ကြားသိကြရပြီ။ ဒေါ်အောင်ဆန်းစုကြည်က NLDပါတီကို ဘူးသီး တလုံး လက်ဆောင်ပါးလိုက်သည်ဟု ဆိုသည်။ NLD ပါတီဝင်များက အန်တီ၏ `ဘူး´ ဆိုလျင် ဖရုံ မသီးဘူး ဟု ဆိုလိုသည်ဟု အဓိပ္ပာယ် ကောက်ယူကြကြောင်း ကြားသိရသည်။ မြန်မာနိုင်ငံရေးတွင် သင်္ကေတ သဘောဆောင်သည့် အဖြစ်အပျက် တရပ်ဖြစ်သည်။ NLD ပါတီ ခေါင်းဆောင်ထဲမှာ ကွဲပြားလျက် ရှိသည့် အမြင်များကိုလည်း ကြားသိကြရသဖြင့် ပိုမိုစိတ်ဝင်စား နေကြခြင်းဖြစ်သည်။ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဗဟိုအလုပ်မှုဆောင် ကော်မီတီဝင် ဦးခင်မောင်ဆွေ၊ နှင့် ဒေါက်တာ သန်းငြိမ်းတို့က ပါတီ တရားဝင် ရပ်တည်ခွင့် ရရှိရေး အတွက် မှတ်ပုံတင်လိုကြသည့် အမြင်ရှိပြီး ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း အပါအ၀င် အခြားသော နယ်စည်းရုံးရေး ခေါင်းဆောင်များက နအဖ အစိုးရက တဘက်သတ် အတည်ပြုခဲ့သည့် အခြေခံဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတို့ကို လက်မခံနိုင်သောကြောင့် ပါတီ၏ ယခင်ထုတ်ပြန် ကြေညာချက်ဖြစ်သည့် ရွှေဂုံတိုင် ကြေညာစာတမ်းကို ဆက်လက် ကိုင်စွဲပြီး ပါတီ ပြန်လည်မှတ်ပုံမတင်သည့် လမ်းကို ရွေးချယ်လိုကြသည်။ ဦးတင်ဦးက စောစောပိုင်း ရက်များတွင် သူ၏ အမြင်ကို ထုတ်ဖေါ် မပြောသေးသော်လည်း ဆုံးဖြတ်ချက် ချသည့်နေ့တွင် သူလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် အမြင်ချင်း တူညီသည်ကို တွေ့ရသည်။

အပြင်ဝေဖန်ရေး အတွင်းဝေဖန်ရေး
ထိုသို့သော ကာလတွင် NLD ပါတီ ပြင်ပမှနိုင်ငံရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး စိတ်ဝင်စားသူများ၊ တဦးချင်း ဝေဘန်သူများ အနေဖြင့် သူတို့၏ အမြင်တွေကိုလည်း အသီးသီး ထုတ်ဖေါ်ပြောဆိုခဲ့ကြသည်။ အများအပြားက NLD အနေဖြင့် မှတ်ပုံမတင်စေလိုကြ၊ လျှောက်ခဲ့သည့် နိုင်ငံရေး လမ်းကြောင်း အတိုင်း ၉၀ ရလဒ်ကို ကိုင်စွဲကာ တွေ့ဆုံဆွေးနွေးရေး၊ အခြေခံဥပဒေ ကိုပြန်လည်ပြင်ဆင်ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ အားလုံးပါဝင်ခွင့် ရသည့် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေးတို့ကို လက်မလွှတ်သင့်ဟု ရှုမြင်ကြသည်။

ထိုသို့ရှုမြင်သည့် အတွက် NLD ခေါင်းဆောင်မှု အပေါ် ခပ်ပြင်းပြင်းဝေဘန်သည့် ဝေဘန်ချက်များလည်း ထွက်ပေါ်လာခဲ့သည်။ NLD ပါတီတစ်ခုလုံးကို သိမ်းကျုံး ပြောဆိုခြင်းထက် NLD ပါတီ၏ ဦးဆောင်မှုေ၀၀ါးနေခြင်းကို ထောက်ပြလိုက်ခြင်း ဟုနားလည်မိသည်။ ထိုသို့သော ဝေဘန်ချက်များ အနက် သတင်းစာဆရာ လူထုစိန်ဝင်း၏ `ဌါနချုပ်ကို အမြောက်နဲ့ ပြစ်ကြ´ဆိုသည့် ဝေဘန်ချက်က အပြင်းထန်ဆုံး ဖြစ်ပြီး ထိုဝေဘန်ချက်ကြောင့် အချို့သော NLD ထောက်ခံသူ၊ ပါတီဝင်တွေက သူ့အပေါ် မကျေနပ်ကြကြောင်း ကြားသိရသည်။ သူ၏ ဝေဘန်ချက်နောက်ကွယ်မှ ဆန္ဒသည် NLD ပါတီကို ပြတ်သားသည့် ရပ်တည်ချက် တခုချမှတ်စေလို သည့်ဆန္ဒသာ ဖြစ်သည်ဟု နားလည်မိသည်။ ဒေါ်စုကို ပါတီမှ ထုတ်ပယ်ပြီး မှတ်ပုံတင်မည့် ကိစ္စကို လက်မခံသင့်ကြောင်း၊ လူထု၏ ဒုက္ခ သုက္ခတွေကို စိတ်ဝင်စားပြီး ပြောဆိုလုပ်ဆောင်ပေးဖို့ ဂရုဏာ ဒေါသောဖြင့် ဆော်သြထားသည့် ပြောဆိုချက် ဟုနားလည်သော်လည်း အချို့က ထိုသို့သော စကားလုံး သုံးရပါမည်လား၊ တစည၊ ကြံ့ဖွံ့နှင့် တတန်းထည်းထား ပြောရပါ့မလား ဟု NLD ဘက်မှ ခံရခက်ကြသည့် သဘောဖြစ်သည်။

တင်ရေး မတင်ရေးနဲ့ ၀င်ရေးမ၀င်ရေး
ကျန်သည့် ပါတီများ မှတ်ပုံတင်ရေး မတင်ရေး၊ ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေးကို အရေးတကြီး မပြောကြဘဲ NLD ပါတီကို ကျမှ အဘယ်ကြောင့် ပြောနေ ဝေဖန်နေကြသနည်း။ NLD သည့် ပြည်သူလူထု၏ မျှော်လင့်ချက် ဖြစ်နေဆဲ၊ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်နေဆဲ၊ လာမည့် ဒီမိုကရေစီ အပြောင်းအလဲကိုလည်း အသတ်ခံ၊ အဖမ်းခံ၊ အနှိပ်စက်ခံပြီး လုပ်ဆောင်နေသည့် NLD ပါတီ အင်အားစုများက ဦးဆောင်မည်ဟူသော မျှော်လင့်ချက်များ ရှိနေဆဲ ဖြစ်သောကြောင့် ထိုသို့ ဝေဖန်နေကြခြင်း ဖြစ်သည်။

ဒီမိုကရေစီလိုလားသူ မြန်မာလူထု၏ ခေါင်းတွဲဖြစ်နေသေးသည့် NLD ပါတီအား လမ်းကြောင်း မလွဲစေလို၍ ၀ိုင်းပြီး ပြောဆိုနေခြင်းဖြစ်သည်။ သာမန်လူတွေထဲ၊ နိုင်ငံရေး စိတ်ဝင်စားသူတွေထဲတွင် NLD ၏ ယခု ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အမြင် တခုတည်း ရှိကြသည်ဟတော့ မဆိုလိုပါ။ မတူညီသည့် အမြင်များ ရှိနိုင်ပါသည်။ သို့သော် NLD အပေါ် အကျိုး လိုလားသည့် အပြော၊ ချောက်ချလိုသည့် အပြောကိုတော့ နားထောင်ကြည့်လျင် ခွဲခြား သိရှိနိုင်ပါလိမ့်မည်။

နယ်မှ အန်အယ်ဒီ လိုလားသူ လူလတ်ပိုင်း တဦးက NLD ပါတီမှ အမတ်လောင်းများ မဲရုံထဲတွင် ပုံး မထောင်နိုင်ခဲ့လျင် လူထုက မည်သူ့ကို မဲပေးရမလဲ ဆိုသည့် စိုးရိမ်မှုကြောင့် သူက ရွေးကောက်ပွဲကို ၀င်စေချင်ခြင်း ဖြစ်သည်။ နိုင်ငံရေး လမ်းစဉ်တို့ အခြေခံဥပဒေတို့ ကော်မရှင် ဥပဒေ တို့ကို သူ နားမလည်ပါ။ ဖတ်လည်း မဖတ်ဖူးပါ။ သတင်းတွေထဲမတော့ နားထောင်ဖူး ကြားဖူးနားဝလောက်သာ ရှိသည်ဟု ပြောသည်။

သူ့စိုးရိမ်မှုသည် ၁၉၉၀ ပြည့်နှစ် အတွေ့အကြုံနှင့် နှိုင်းယှဉ်ပြီး ပြောဆိုခြင်းဖြစ်သည်။ ၁၉၉၀ က ဗိုလ်ချုပ်ကြီးစောမောင် ကျင်းပပေးသည့် ရွေးကောက်ပွဲသည် လွတ်လပ်သည့် မဲဆွယ်ပွဲ ပြုလုပ်ခွင့် ပြည့်ပြည့်၀၀ မရသော်လည်း လူထု၏ နိုးကြားမှု အရှိန်က အမြင့်ဆုံးမှာ ရှိခဲ့သည့်အတွက် မဲပေးရာနှင့် ရေတွက်ရာမှာ လွတ်လပ်မှု ရှိခဲ့သည့် အတွက် အတိုက်အခံ NLDက အပြတ်အသတ် နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခု ၂၀၁၀ ရွေးကောက်ပွဲမှာ နအဖ အနေဖြင့် ၉၀ ကဲ့သို့ အဖြစ် မခံနိုင်တော့၊ ပါတီစည်းရုံးခွင့်မှ အစ မဲပေးခြင်းနှင့် ရေတွက်ခြင်းတို့မှာ ၉၀ ကဲ့သို့သော အနေအထားကို ရမည်ဟု မည်သူမှ မမျှော်လင့်ရဲကြ။

သူ့လိုပင် အခြားသော နိုင်ငံရေး စိတ်ဝင်စားသူ ၉၀ ခုနှစ်က အမတ်လောင်း တဦးဖြစ်ခဲ့သူတဦးကလည်း NLD အနေဖြင့် ရွေးကောက်ပွဲ အခွင့်အလမ်းကို ဆုပ်ကိုင်စေချင်သည်။ ယခုလို ဒေါ်စုကို ထိမ်းချုပ်ထားသည့် အခြေအနေတွင် NLD အနေဖြင့် လူထုကို အင်နှင့်အားနှင့် ပါအောင် စည်းရုံးလုပ်ဆောင်နိုင်ဖို့ အခြားနည်းလမ်း မမြင်ဟု သူက သုံးသပ်သည်။ ဥပဒေတွင်းမှ ငြိမ်းချမ်းစွာ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်ပေါ်ဖို့ ထိုလမ်းကြောင်းကို လျှောက်သင့်သည်ဟု ထင်သည်။ ထိုသို့သော အမြင်များမှာ `မတင်ရေး မ၀င်ရေး´နှင့် ကွဲပြားသော်လည်း စေတနာ အရင်းခံဖြင့် ပြောသည့် အမြင်များဖြစ်သဖြင့် အပြစ်ဆိုစရာ တိုက်ခိုက်စရာ မဟုတ်ပါ။

သူတို့နှင့် မတူဘဲ အချို့သော နိုင်ငံရေး ဝေဖန်သူ၊ ကျွမ်းကျင်သူဟု ဆိုသူများက ယခုလုပ်ရပ်သည် မိုက်မဲသည့် လုပ်ရပ်ဖြစ်သည်။ NLD အနေဖြင့် အခွင့်အရေး တခု လက်လွတ် ဆုံးရှုံးသွားပြီ၊ အဆိုပါအခွင့် အရေးမျိုးမည်သည့် အခါမှ ပြန်ရတော့မှာမဟုတ် NLD ပါတီချောက်ထဲ ကျမယ့် လမ်းကို ရွေးသွားပြီ ဆိုသည့် သဘောမျိုး ပြောဆိုသည်ကိုလည်း ကြားသိနေရသည်။ ထိုသူတို့မှာ NLD ကိုအပြစ်ရှာ ပြောသူများ ဖြစ်သလို နအဖ၏ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေ အစရှိသည်တို့နှင့် ပတ်သက်လျှင် တခွန်းတပါဒမျှ ဝေဖန် ပြောဆိုရဲသူများ မဟုတ်ကြ။ နအဖ အစိုးရက ချမှတ်သည့် လမ်းကြောင်းမှန်သမျှ အားလုံး လိုအပ်ချက်အရ ဖြစ်သည် ထိုမှတပါး ရွေးစရာ မရှိဟု ပြောဆိုလျက် ရှိသူများဖြစ်သည်။

ထိုသူတို့မှာ နအဖ အကြောင်းဝေဖန် ပြောဆိုရဲ သူများ မဟုတ်သလို လူအများ ရင်ဆိုင်နေကြရသည့် စားဝတ်နေရေး အခက်အခဲ အကျပ်အတည်း မမျှတမှု အနိုင်ကျင့်ခံရမှု အစရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်လျင်လည်း မည်သည့် အခါမျှ ၀င်ရောက် ကူညီ ပြောဆိုပေးသူများ မဟုတ်ကြပါ။ လူလတ်တန်းစား အထက်လွှာမှာ နေထိုင်လျက် ရှိသူဖြစ်လျှင် ဖြစ်မည် သို့မဟုတ် ကိုယ်ကျိုးစီးပွား ထိခိုက်မည် စိုးသဖြင့် နအဖနှင့် ကဏ္ဋကောစ မလုပ်ရဲကြသူများ ဖြစ်သည်။ ဘယာ ဂတိကြောင့် အမှန်ဘက်မှ မရပ်တည်ရဲ မပြောရဲသော်လည်း NLD ပါတီနှင့် ပတ်သက်လျှင် ပရိတ်သတ်ရှေ့ ထွက်ပြောရဲသူများ ဖြစ်ကြသည်။

ရှေ့မှာ ဘာဖြစ်လာမလဲ
နအဖသည် သူတို့မထင်မှတ် ထားသည့် လမ်းကို NLDက ရွေးသွားသဖြင့် သူတို့ နကိုက ချထားသည့် အစီအစဉ်နှင့် ယခု NLD ရွေးသည့်လမ်းသည် ကိုက်ချင်မှ ကိုက်မည် ဖြစ်သည်။ သို့သော်နအဖ အကြပ်ဆိုက်ပြီဟု မဆိုလိုပါ။ သူတို့၏ အစီအစဉ် ၁ မဖြစ်ခဲ့လျှင် အစီအစဉ် ၂ ကို ပြောင်းပြီး ဘယ်လိုဆက်လုပ်မလဲ ဆိုသည့် ရွေးစရာ သူတို့မှာလည်း ရှိပါလိမ့်မည်။ ယခုဆုံးဖြတ်ချက်မှာ နအဖ မျှော်လင့် မထားသည့် ဆုံးဖြတ်ချက် ဖြစ်သည်မှာတော့ သေချာပါသည်။ NLD ကို ရုံးပြန်ဖွင့်ရန် နအဖက ကမ်းလှမ်းခဲ့ခြင်းသည် NLD ပါတီအနေဖြင့် ရွေးကောက်ပွဲ ၀င်လိမ့်မည် ဆိုသည့် တွက်ဆချက်ကြောင့် NLD အား လှုပ်ရှားခွင့်ပေးထားသည် ဆိုပြီး ကမ္ဘာကို ပြလို၍ ဖွင့်စေခြင်း ဖြစ်လိမ့်မည်။

သို့သော် NLD သည် သူတို့မျှော်လင့်ထားသကဲ့သို့ ပါတီလည်း မကွဲ၊ မှတ်ပုံလည်းမတင် ရွေးကောက်ပွဲလည်း မ၀င် ဆိုသည့် လမ်းကို တညီတညွတ်ထည်း လျှောက်ခဲ့ပြီဖြစ်သည်။ ထို့အတွက် ပါတီမှတ်ပုံတင်ရန် နောက်ဆုံးရက် ကုန်ဆုံးပြီးသည့်အခါ NLD ကိုနှိပ်ကွပ်မှုများ လုပ်ဆောင်လာ နိုင်ပါသည်။ ထိုသို့သော နှိပ်ကွပ်မှုများကို ဘယ်လို ရင်ဆိုင်မလဲ၊ လူထု ထောက်ခံမှုကို ဘယ်လိုရယူမလဲ ဆိုသည်ကို NLD က စဉ်းစားပြင်ဆင်ရတော့မည် ဖြစ်သည်။

NLDသည် ၉၀ ရွေးကောက်ပွဲ ရလဒ်ကို မစွန့်လွှတ်ခြင်းသည် ၉၀ ရွေးကောက်ပွဲ ကျင်းပပြီး အစိုးရအာဏာ မလွှဲပေးသည့် အဖြစ်ကို ထင်ရှားစေလိုသည့် သဘောဟု ယူဆနိုင်ပါသည်။ သာမန်ပြည်သူ တဦးက နအဖသည် ကြွေးဟောင်း မကျေသေးဘဲ ကြွေးသစ် ထပ်ယူဦးမည် ဆိုလျှင် ထိုအကြွေးကို ကျေအောင် ဆပ်မည့် လက္ခဏာ မရှိဟု ပြောဆိုသည်။ မှတ်သားစရာ ကောင်းသည့် ပြောဆိုချက် ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts