ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

အားရပါးရဆပ်ခွင့်ရခဲ့တဲ့ အဖေ့ကျေးဇူး
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇွန် ၁၈၊ ၂၀၁၃

နှစ်စဉ်နှစ်တိုင်း ဇွန်လ၏ တတိယပါတ်တနင်္ဂနွေနေ့သည် “အဖေများနေ့” ဖြစ်သည်။ “အဖေ”ဆိုတာ သားသမီးတွေအပေါ် ဝမ်းနဲ့လွယ်၍ မမွေးခဲ့ရပေမယ့် စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေ၍ အိမ်ထောင် တစ်ခု၏တာဝန်ကို ထမ်းရွက်ရသူ၊ ရင်ထဲကမေတ္တာများကို ကဗျာဆန်ဆန်ဖွဲ့နွဲ့ မပြောတတ်ရှာသူတွေဟာ “အဖေ”တွေပါ။ ၁၆.၁.၂ဝ၁၃ တနင်္ဂနွေနေ့သည် ကမ္ဘာအဝန်းရှိ ဖခင်တွေကို ဂုဏ်ပြုသောနေ့ “အဖေများ နေ့” ဟု သက်မှတ်ထားသည့် နေ့ရက်တစ်ရက်လည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြာသိုလပြည့် “အမေနေ့” ဟူ၍ မြန်မာ့မူ မြန်မာ့ဟန်ဖြင့် “အမေနေ့” ကိုဦးဆောင်ဆော်သြ၍ ကျင်းပပြုလုပ်ခဲ့သူ၊ မြန်မာ့လူမှုရေး လောကမှာ ယနေ့ထိတိုင် ပရဟိတစိတ်ဓါတ်မျိုးစေ့ လူငယ်ပေါင်းမြောက်များစွာ လက်ဆင့်ကမ်း မွေးဖွား ပေးခဲ့သူ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို စတင်တည်ထောင်၍ တစ်ချိန်တခါက နာရေးကူညီမှုလုပ်ငန်း ရပ်အား “အမင်္ဂလာ” အလုပ်ဟု လူတိုင်းနီးပါး လက်ခံထားကြပြီး ယခုဆိုလျှင် မြန်မာနိုင်ငံတွင် နာရေး ကူညီမှုအသင်းမရှိသော မြို့၊ ရွာ၊ ဒေသများသည် ခေတ်မမှီသော၊ မျက်နှာငယ်ရသော မြို့ဟုပင် လူအများ သတ်မှတ်ရသည်အထိ မြန်မာပြည်တလွှားတွင် “အခမဲ့” နာရေးကူညီမှုအသင်းများ မွေးဖွားပေါ်ပေါက်စေခဲ့ သူ၊ အနုပညာလောက၌ စာရေးဆရာ၊ ဒါရိုက်တာ၊ တေးရေး/တေးဆို၊ သရုပ်ဆောင် အကယ်ဒမီများရှင်၊ အလင်္ကာကျော်စွာဘွဲ့၊ စာပေပါရဂူဘွဲ့ (Ph.D)တို့အား ချီမြှင့်ခြင်းခံခဲ့ရသူ အနုပညာလောက၏ ဖခင်ကြီးလို့ တင်စားခေါ်ဝေါ်ခဲ့သည့် “အဖေ” တစ်ဦးရှိခဲ့ဖူးပါသည်။ ထိုသူကား အခြားသူမဟုတ် ရုပ်ရှင်လောကတွင် နှစ်ပေါင်း (၅ဝ) ကျော်ကြာ ကျင်လည်ခဲ့သူ ရုပ်ရှင်လောကသားတို့ရဲ့အဖေ၊ လူမှုရေးသမားတို့ရဲ့အဖေ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)အား မျိုးစေ့ချ ပြုစုပျိုးထောင် မွေးဖွားပေးခဲ့တဲ့ “အဖေ” အလင်္ကာကျော်စွာ အကယ်ဒမီဆုများရှင် “ဘဘ ဦးသုခ” ပင်ဖြစ်ပါတော့သည်။ ဘဘဦးသုခသည် နာရေးကူညီမှုအသင်း (ရန်ကုန်)အား စတင်တည်ထောင်စဉ်တွင် နာယကကြီးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကွယ်လွန်ဆုံးပါးခဲ့ရာ ယခုဆိုလျှင် (၈) နှစ်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ဘဘဦးသုခ မွေးဖွာရာဇာတိ ကျိုက်လတ်မြို့မှ ပရဟိတလူငယ်အဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် မြို့ခံလူထု၏ တောင်းဆိုမှုတို့ကြောင့် ဘဘဦးသုခ၏ တပည့်ရင်းဖြစ်သော ဒါရိုက်တာ ဦးနှင်းမိုးနှင့် ကျိုက်လတ်မြို့နယ် အသင်း(ရန်ကုန်)၏ နာယကကြီး ဘဘဘိုကလေး ဦးတင်အောင်တို့မှ ဦးဆောင်၍ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ လာရောက်ပြီး ကျိုက်လတ်မြို့တွင် ဘဘဦးသုခ၏ရုပ်တုအား ထုဆစ်၍ ထားရှိရန်အတွက် ဆွေးနွေးတိုင်ပင်ခဲ့ပြီး ဖြစ်မြောက်ရေးအတွက် အကူအညီတောင်းခံခဲ့ကြရာ နာရေးကူညီမှုအသင်း (ရန် ကုန်)မှ အသင်း၏ ကျေးဇူးရှင်ဖခင်ကြီးအား ကျေးဇူးဆပ်သည့်အနေဖြင့် ကျိုက်လတ်မြို့ ပန်းခြံအတွင်းတွင် ဘဘဦးသုခ၏ ရုပ်တုထုဆစ်၍ ထားရှိနိုင်ရေးအတွက် ပန်းပုပညာရှင် ဦးနန်းဝင်းအား ထုဆစ်ပြုလုပ်ခဲ့ပြီး သည့်နောက် ဒေသခံ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အဝင်များနှင့် အကူအညီဖြင့် ကြိုးပမ်းခဲ့ကြပြီး ၁၆.၆.၂ဝ၁၃ တနင်္ဂနွေနေ့ (အဖေများနေ့) တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တော့သည်။

   

ဘဘဦးသုခ၏ ရုပ်ထုဖွင့်ပွဲအခမ်းအနားအား ကျိုက်လတ်မြို့ ပန်းခြံအတွင်း၌ နံနက် (၉း၃ဝ) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ၊ ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေမှူး ဒေါ်မြင်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်နှင့် အလုပ်အမှုဆောင် များ၊ အသင်းသူ/သားများနှင့် နန်းခင်ဇေယျာတို့ တက်ရောက်ခဲ့ကြပြီး အနုပညာရှင်ကြီးများဖြစ်ကြသော ဘဘဘိုကလေး ဦးတင့်အောင်၊ ဒါရိုက်တာ ဦးနှင်းမိုး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ အကယ်ဒမီ ဦးလူမင်းနှင့် သရုပ်ဆောင်များဖြစ်ကြသော သဉ္ဇာဝင့်ကျော်၊ ဆုပန်ထွာ၊ စိုးပြည့်သဇင် တို့တက်ရောက်ခဲ့ ကြပြီး ကျိုက်လတ်မြို့မှ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြို့ခံလူထု အသီးသီးတို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ဘဘဦးသုခ၏ ရုပ်တုထုဆစ် ပြုလုပ်ရခြင်း၏ ရယ်ရွယ်ချက်တို့ကို ပြောကြားခဲ့သည်။  အခမ်းအနားအား ကျိုက်လတ်မြို့ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရုပ်ရှင်အစည်းအရုံး ဥက္ကဌ အကယ်ဒမီ ဦးလူမင်း တို့မှ ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဂီတပညာရှင်ကြီး ဘဘဘိုကလေး ဦးတင့်အောင်မှ ဘဘဦးသုခ၏ ရုပ်တုအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ မှတ်တမ်းဓါတ်ပုံရိုက်၍ အခမ်းအနားအား အောင်မြင်စွာရုပ် သိမ်းခဲ့ကြသည်။
ထို့နောက်နေ့လည်ပိုင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ၊ ဒု-ဥက္ကဌနှင့် အတွင်းရေမှူး တို့ဦးဆောင်၍ အသင်းသူ/သားများတို့မှ ကျိုက်လတ်မြို့ ကံဘုန်းပွင့်စေတီ (အရှေ့) ဖျာပုံ-ရန်ကုန် လမ်းမ ကြီး ဘေးဝဲယာနှင့် မြို့တွင်း (၅) လမ်းတို့တွင် အရိပ်ရသစ်ပင်များ စုပေါင်းစိုက်ပျိုးပေးခဲ့ကြကာ ရန်ကုန် မြို့တွင် ကောက်ခွင့်မရရှိခဲ့သော အမှိုက်များအား ကျိုက်လတ်မြို့တွင် အသင်းသူ/သားများနှင့် ကျိုက်လတ် မြို့ ဒေသခံ ပရဟိတအဖွဲ့ဝင်များတို့ပူးပေါင်း၍ အမှိုက်များအား ကောက်ယူသိမ်းဆည်းခဲ့ကြသည်။ တစ်ချိန် တည်း၌ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ ရေသန့်ပြုလုပ်နည်းသင်တန်းပေးနေသော ၂ဝ၁၃ ခုနှစ်၏ ပြည်သူ့ဂုဏ်ရည် အထူးဆုရှင် အင်ဂျင်နီယာ ဦးသန်းနိုင်မှ ရေစစ်အိုး၊ သဘာဝသဲ၊ ကျောက်၊ မီးသွေးတို့ဖြင့် မသန့်ရှင်းသော ရေနောက်များမှ  ရေသန့်ပြုလုပ်နည်း ပညာရပ်အား သင်ကြားပြသပေးခဲ့ရာ ယခုအခါ ကျိုက်လတ်မြို့ရှိ ဒေသခံများသည် ယင်းရေစစ်အိုးအား လက်တွေ့အသုံးပြုနေပြီဖြစ်သည်။ အပြန်ခရီးတွင် မအူပင်တံတားအဆင်းတွင် စောင့်ကြိုနေကြသော တစ်လုတ်လပ်အရှေ့ကျေးရွာ၊ မအူပင် မြို့ “အနှိုင်းမဲ့နာရေးကူညီမှုအသင်း” အသင်းသား/သူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ညနေ (၃း၃ဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်သို့ ချောမောစွာ ပြန်လည်ရောက်ရှိခဲ့ တော့သည်။
ယနေ့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေးသမားများနှင့် ကျိုက်လတ်မြို့မှမြို့ခံ ပရဟိတ အသင်းအဖွဲ့များ ကျိုက်လတ်မြို့နယ်အသင်း(ရန်ကုန်)နှင့် အနုပညာရှင်များပြုလုပ်ခဲ့သော “အဖေများနေ့” အထိမ်းအမှတ်အဖြစ် ဘဘဦးသုခ၏ရုပ်ထုအား ဇာတိမြို့ ကျိုက်လတ်ပန်းခြံအတွင်းထားရှိ၍ ဖွင့်လှစ်ခဲ့ပြီး ဘဘဦးသုခ တည်ထောင်ခဲ့သော  နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နေ့စဉ်နှင့်အမျှ ပြုလုပ်ရသော ကောင်းမှုတို့အား ရောက်ရာဘဝ ဘုံဌာနဆီမှ ဘဘဦးသုခ မြင်တွေ့ကြားသိပါက ကျေနပ်ပီတိဖြစ်ကာ ဝမ်း မြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်လိမ့်မည်ဖြစ်သလို ကျိုက်လတ်သူ/သား တို့အနေဖြင့် မိမိ တို့၏ ကျိုက်လတ်ဇာတိဖွား နိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သော ပညာရှင်ကြီး ဘဘဦးသုခ၏ ပညာဂုဏ်တို့အား အလေးထားကာ ဘဘဦးသုခ၏ ရုပ်ထုကြီးအား အပျက်မစီးစေရန် အလေးထားဂရုပြု ကျေဇူးဆပ်ရင်း နောင်မျိုးဆက်သစ် အဆက်ဆက်တို့တိုင်အောင် ဂုဏ်ယူကြလိမ့်မည်ဟု ယုံကြည်မိပါတော့သည်။
ကျွန်တော်တို့၏ ခြေလှမ်းတိုင်းသည် အများပြည်သူအတွက်
ကျွန်တော်တို့၏ လုပ်ရပ်တိုင်းသည် အများပြည်သူအတွက်
ကျွန်တော်တို့၏ ပြောကြားချက်များသည် အများပြည်သူအတွက်

ထို့ကြောင့် ကျွန်တော်တို့သည် ပရဟိတဖခင်ကြီးအား အစဉ်အမြဲ ကျေးဇူးဆပ်လျှက်ရှိပေသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts