>Mar Mar Aye – 312

>

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် [၃၁၂]

လေဘာတီမမြရင်အတွက် မြို့မငြိမ်း ရေးပေးခဲ့တဲ့ မောင့်အရည်အချင်း
မာမာအေး
မတ် ၂၇၊ ၂၀၁၀

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ ၀ါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့ အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – အရင်တပတ်က ဂီတစာဆိုကျော် မြို့မငြိမ်းရဲ့ သီချင်းတွေထဲက စာပြောင် ပျော်စရာလေးတွေ ကောက်နှုတ်ပြချင်တာကြောင့် “ယောက်မ” သီချင်း အပိုင်းအပိုင်းလေးတွေနဲ့ ပြောခဲ့တာပါ။ ယောက်မ သီချင်း ကြားဖူးနေတဲ့ LA ဘက်က BBC နားထောင်နေကျ ပရိသတ်က သီချင်း မဆုံးလို့ တဲ့ ဖုန်းဆက် ဂျီကျလာလို့လေ ရေဒီယိုဆိုတာ အရေးကြီးရင် ကြီးသလို အချိန်ကို မျှရတတ်တဲ့အမျိုးပါ လို့ တောင်းပန်ပေးလိုက်ပါတယ်၊ ချစ်ဆွေတို့လည်း အတူတူပေါ့နော်။

ဒီနေ့လည်း ကြားရခဲတဲ့ ဆရာငြိမ်းရဲ့ စာပြောင်သီချင်းသားလေးတွေပါတဲ့ သီချင်းတပုဒ် ပြောဦးမှာပါ။ ဆရာမြို့မငြိမ်းတို့ ဌာနေမှာ သုံးနေကျ မဟုတ်တဲ့ “ဘန်းစကား” တွေ ရှိတယ်မို့လားရှင်၊ “ဘောက်ခါး” ဆိုတာမျိုးပေါ့။ အခုပြောပြမယ့် “မောင့်အရည်အချင်း” ဆိုတဲ့သီချင်းမှာ မဟုတ်က ဟုတ်က၊ ပလီပလာ တဖက်သားအကြိုက် လိုက်ပြောတာမျိုးကို “သိမ်” တယ်၊ ဂုဏ်မရှိတဲ့ စကားမျိုး ပြောတယ် ဆိုတဲ့ သဘောယူရမယ် ထင်ပါရဲ့ရှင်။ “သိမ်သိမ်၊ ဘယ်လောက်ပင် သိမ်သိမ်…… မိန်းမ ကြိုက်ရင်ပြီးရော သဘောပိုက်ချင်” လို့ ခြေဆင်းနဲ့ စပါတယ်ရှင်။ အမကြီး လေဘာတီမြရင် ဆိုခဲ့တာပါပဲ။ သူ့ချစ်သူက ဒီခေတ်ဆန်းစကားနဲ့ ဘာတွေ ရွှီးခဲ့သလဲ နားထောင်ရအောင်နော်။


ကြည့်လေ မမြရင် ကျုပ်သဘောတော့ မပြောလိုက်ချင်၊ မင်းလုံချည်လေး အဆင်အသွေးနဲ့ အဟပ်ချင်းညီအောင် ရှပ်အင်္ကျီတောင် ကိုယ်တိုင်ပြေး …. ရွေးလို့ ဆင်တူ ၀တ်မယ်တဲ့ မယုံစရာပင် စဉ်းစားတော့ ပျိုမယ်ရင်၊ တကယ်ထွင်တဲ့ လူပင်၊ သူ့သဘောထား အဟုတ်လား ဆိုနိုင်ပေါင်ရှင် xxx မိန်းမအကြိုက်ကို ချိုချိုလေလုံးသပ်ယပ် ပလီတဲ့အတတ်တော့ သူဘုရင်၊ လေဘာတီ မင်းကလွဲရင် သူ့ဗိုက်အောက်ကို ယက်တဲ့ဘ၀တွင် ယောက္ခမတောင် သူ့ဖို့မမွေးသေးပါဘူးလို့ ပြောတဲ့လူရှင်၊ မောင့်အရည်အချင်း အတိအလင်း သိပြီရှင် xxxx (မောင့်အရည်အချင်းမှ)


ကြားလိုက်ပါတယ်နော် “မမြရင် – ကျုပ်သဘောတော့ မပြောလိုက်ချင်၊ မင်းဝတ်တဲ့ အဆင်အသွေးနဲ့ လိုက်မယ့် အင်္ကျီ ရွေးပြီး ဆင်တူ ၀တ်မယ်” တဲ့လေ၊ ရှေးကစုံတွဲတွေ ဆင်တူဝတ်ခဲ့လို့ ရေးသလား အတွေးများပါတယ်ရှင်။ အမကြီးကတော့ “အဟုတ်လား ဆိုနိုင်ပေါင်ရှင်” ဆိုတဲ့ စာအရ ကောက်ရရင် ယုံချင်တင်တင် စိတ်ပေါ်တာကို မြင်ဖြစ်နေတယ်ရှင့်။ မမြရင်ကလွဲပြီး နောက်တယောက် ကြင်ဖို့ရာမှာ သူ့အတွက် ယောက္ခမ တော်ရမယ့်သူတောင် မမွေးသေးဘူးလို့ ပြောသတဲ့။

ဒီသီချင်းမှာ မြင့်မိုရ်တောင်တို့ ဓူဝံကြယ်တို့ကိုလည်း တနည်းတဖုံ ပြန်ရေးတာ တွေ့ရပါတယ်။ ဒီတပိုဒ် နားထောင်ကြည့်ပြီး ပြောတာပေါ့။


ရှစ်သောင်းလေးထောင် အမြင့်ဆောင် တောင်မြင့်မိုရ် ချိုချဉ်သကြားလုံးလောက် သူထင်သလိုရှင်၊ ပင်လယ်ဗွေ အဏ္ဏ၀ါ ရေကျယ်ပြင်၊ “ရှာလဗတ်ရည်”လောက် သူ့စိတ်တွင် သဘောထားချင်၊ မင်းလိုချင်ရင် “ဓူဝံကြယ်”ကို လောက်လေးနဲ့ ပစ်ပေးမယ်တဲ့ ပျိုမယ်ရင် မောင့်အရည်အချင်း အတိအလင်း သိပြီရှင် xxx


ဆရာငြိမ်းဟာ မြင့်မိုရ်တောင်ကြီးကို ချိုချဉ်လုံး သကြားလုံးနဲ့ နှိုင်းပြီး သုံးတယ်၊ ပင်လယ် သမုဒ်က ရေတွေဟာ “ရှာလဗတ်ရည်” ဖြစ်သွားစေတယ်၊ ကမ္ဘာတည်သရွေ့ တည်နေမယ့် အကြီးဆုံးကြယ် ဓူဝံကိုလည်း လောက်လေးနဲ့ ပစ်ချွေယူပေးမယ် တဲ့၊ မဟုတ်တာတွေချည်း လေပေါနေတဲ့သဘော ပေါ်လွင် စေတဲ့ စာမျိုးပေါ့၊ အဲဒါ မောင့်အရည်အချင်းတဲ့ ရှင့်။ နောက်ဆုံးပိုဒ် ဆက်စမ်းဦးမယ်နော်။


ဘာကားပဲ စီးချင်စီးချင် နောက်ဆုံးပေါ် ကက်တလောက်ထဲတွင် ကြည့်ထားလိုက် ပျိုမယ်ရင် “အိုင်ယာလန်ထီ” မပေါက်ခင် လိုရာမြန်မြန်ရောက်ချင်၊ ကျုပ်ကျောပေါ် မင်းသဘောတော်အတိုင်း စီးနိုင်တယ်ရင်……ရင်၊ တနေ့ ရေကိုးခါချိုးတယ် အကြိုးအကြားနဲ့ နောက်များကိုပင် ဂျီးမရှိပေါင် စင်အောင်ပွတ်တဲ့ နားရွက် နှစ်ဖက်ကို “ စတီယာရင်” xxx မိန်းမကြိုက်ကို ချိုချိုလေလုံး သပ်ယပ် ပလီတဲ့ အတတ်မတော့ သူဘုရင် လေဘာတီ မင်းကလွဲရင် သူ့ဗိုက်အောက်ကိုယက်တဲ့ ဘ၀တွင် ယောက္ခမတောင် သူ့ဖို့ မမွေးသေးပါဘူးလို့ ပြောတဲ့လူရှင်၊ မောင့်အရည်အချင်း အတိအလင်း သိပြီရှင်xxxx


ဆရာငြိမ်းရဲ့ သီချင်းစာသားကို ကြားရတော့ ရှေးဖြစ်ဟောင်း အောင်းမေ့ရတာပေါ့ရှင် ဟိုအရင်တခေတ်ဆီက မန္တလေးမှာ ကားဝယ်စီးချင်တယ်ဆိုရင် ကားရဲ့ ကက်တလော့စာအုပ်ထဲ ကြည့်ပြီးမှာနိုင်တဲ့ အခြေအနေမျိုးပါလား လို့ နားလည်နိုင်တာပဲ။ “အိုင်ယာလန်ထီ” ဆိုတာလည်း ထိုးခဲ့ကြမှာပါ။ မာအေးရဲ့ အဘိုး မန္တလေးသား ဦးအုန်းခိုင်ဟာ အဲဒီ “အိုင်ယာလန်ထီ” ဆိုတာပဲ အမြဲ ထိုးသွားခဲ့တာကိုး၊ မြန်မာထီကို မြေနီကုန်းက ဦးပိုက်ဆိုင်နဲ့ သိမ်ကြီးဈေးနားက အောင်ဆုပန်ဆိုင်မှာ ထိုးလေ့ရှိကြတယ်၊ တစောင်ကို ၂ ကျပ်ပဲ ပေးရတယ်ရှင့်။ “အိုင်ယာလန်ထီ”က တစောင်ကို ၂၅ကျပ်လေ၊ ထီပေါက်ရင် သန်းနဲ့ချီပြီး ပေါက်တာလို့ ကြားဖူးတာပါပဲ။ မြန်မာထီက သိန်းထီလို့ ခေါ်တဲ့အတိုင်း ကျပ်တစ်သိန်းဆုပဲ ရှိပါတယ်။ အဲဒီအချိန်တုန်းက ပေါများလိုက်တာမှ ၈၂ကျပ် စား ရုံးဝန်ထမ်း မင်းစေလောက်က အငယ်အနှောင်း ထားနိုင်တဲ့ခေတ်ရှင့်။ ကိုယ်တောင် ကလေးဘာဝပဲဟာ၊ ခုခေတ်နဲ့တော့ ကွာလေခြင်းလို့ အရှင်း ခုမှ ပိုနားလည်ရတာပေါ့ရှင်။ အမကြီး မမြရင်လည်း သူ့ချစ်ချစ် နားရွက်နှစ်ဘက်ကို စီယာတိုင်လိုဆုပ်၊ ကျောပြင်ကြီး မော်တော်ကားလုပ်၊ အိုး….ဒီလူကြီး အဟုတ်ပြောတာလား ဆရာငြိမ်းလို့ပဲ ရယ်ကျဲကျဲနဲ့ မေးလိုက်ချင်ပါတယ်ရှင်။


[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်းအစီအစဉ်၊ BBCBurmese.com ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts