>Moe Yan Ma Ka – Burmese World Poetry Day – Last Parts

>

ကဗျာရက်သတ္တပတ်ရဲ့ ဒုတိယနဲ့ တတိယနေ့ မြင်ကွင်းများ

မိုးယံမခ
မတ် ၂၂၊ ၂၀၁၀
မတ် ၂၀ – စနေ့နေ့ – မွန်းလွဲ ၁ နာရီခွဲက စတင်ပြီး ကဗျာဆရာ မိုးဦးဆွေညိန်းက ဆရာမောင်ခင်မင် (ဓနုဖြူ)ရဲ့ ကိုလိုနီခေတ်မြန်မာစာပေသမိုင်း စာအုပ်မှ ခေတ်စမ်းကဗျာရှေ့ပြေးနဲ့ အမျိုးသားရေးကဗျာများ စာတမ်းကို ဖတ်ကြားခဲ့ပါတယ်။ ကဗျာဆရာ မောင်လင်းရိပ်က ရာစုသစ်မှာ ကဗျာ့နေရာသစ် ဆိုတဲ့ ခေါင်းစဉ်နဲ့ အွန်လိုင်းမြန်မာကဗျာများ ပေါ်ပေါက်လာခဲ့ပုံနဲ့ အွန်လိုင်းကဗျာအချို့ကို မိတ်ဆက်ဖတ်ကြား တင်ပြခဲ့ပါတယ်။
ကဗျာရွတ်ဆိုကြတဲ့ အစီအစဉ်မှာ သစ္စာနီက “နစ်ရှေးရဲ့ ပင်လယ်”၊ မောင်ပြည့်မင်းက “အတူသွားဖို့ လိုလို့လား” ၊ ငြိဏ်းဝေက “ကွန်ဖြူးရှပ် သို့မဟုတ် အရည်အသွေးတွေရဲ့ မျှခြေဟာ လူကြီးလူကောင်း ဖြစ်နဲ့ ကွန်ဆက်ဗေဒဆိုတာ ဟုတ်ရဲ့လား” ၊ နိုင်သစ်နီက “အိမ်ထဲကနှင်း”၊ ဖြူမွန်ရဲ့ကဗျာကို အေမွန်ရွတ်ဆိုတဲ့ “ကြိုးညှိခြင်း”၊ မောင်ဖီလာရဲ့ “ဂေါ်ဂင်ရဲ့သစ်သီးကို အရည်ရွှမ်းအောင် ရေးနည်း”၊ ခိုင်မြဲကျော်စွာရဲ့ “အဖေ”၊ မိုးဦးဆွေညိန်းရဲ့ “စိတ်ဓာတ်စစ်ဆင်ရေး”၊ ဘုန်းသက်ပိုင်က “ဝေးဝေးက အိမ်”၊ ဇော်လူစိမ်းက “လူမည်း”၊ လင်းသဏ်ညီက “ဗန်ဂိုးဟာ သီအိုကို ခေါ်ပြီး ကျနော့်ဆီရောက်လာတယ်” စတဲ့ ကဗျာတွေကို ရွတ်ဆိုပြီး ဒုတိယနေ့ကို ရပ်နားခဲ့ပါတယ်။
မတ် ၂၁ – တနင်္ဂနွေနေ့ – မွန်းလွဲ ၁ နာရီခွဲက တတိယနေ့နဲ့ နောက်ဆုံးနေ့ အစီအစဉ်ကို စတင်ပါတယ်။ ဆရာဇော်ဇော်အောင်က “ဒါကဗျာလား၊ ဟုတ်တယ် .. ဒါကဗျာပဲ” ဆိုတဲ့ စာတမ်းကို သစ္စာနီက ကိုယ်စား ဖတ်ပြပြီး၊ မောင်သာချိုက “ကျနော်တို့ လူ့အဖွဲ့အစည်း အခန်းနဲ့ ကျနော်တို့ ကဗျာ” စာတမ်းကို ဖတ်ကြားခဲ့ပါတယ်။
ပိတောက်ပွင့်သစ် အယ်ဒီတာ မောင်စိမ်းနီနဲ့ စတိုင်သစ် အယ်ဒီတာ ယမုံတို့က ကဗျာဖတ်သူများရဲ့ အသံကို တင်ပြခဲ့ကြပါတယ်။ သရုပ်ဖော် ပန်းချီဆရာများဖြစ်တဲ့ ကိုကိုနိုင်၊ ဇော်မောင်၊ ဖေစိုးအောင်တို့က ကဗျာသရုပ်ဖော်ရေးဆွဲတဲံ ခံစားမှုနဲ့ ကဗျာ့သဘာဝကို လက်တွေ့သရုပ်ပြ ရေးဆွဲတင်ပြခဲ့ကြပါတယ်။
          ထုတ်ဝေသူ တပိုင်းဖြစ်နေကြတဲ့ ကဗျာဆရာ စန်းဦးနဲ့ မိုးဦးဆွေညိန်း တို့က ကဗျာစာအုပ်ထုတ်ဝေရတဲ့ အနေအထားကို တင်ပြခဲ့ကြပြီး ဘလော့ဂါ ကဗျာဆရာတြွေဖစ်ကြတဲ့ ဖုန်းမြင့်နဲ့ သိုးထိန်းတို့က သူတို့ရဲ့ ဘလော့ဂ် ကဗျာများကို ရွတ်ဆိုပြခဲ့ကြပါတယ်။

          ကိုယ်တိုင်ကဗျာရွတ်ဆိုတဲ့ အစီအစဉ်မှာ မင်းချမ်းမွန်က “စိတ်ကို ပစ္ဈပ္ပန်မှာ တည့်တည့်ထား”၊ မိုးဝေးက “ကောင်းကင်ထဲက ကြယ်များ”၊ စိုင်းဝင်းမြင့်က “ကြောင်စာရပြီ စာကြောင်”၊ ခရမ်းပြာထက်လူက “ခေတ်စားကဗျာ”၊ မြေလတ်မောင်မြင့်သူက “ဒါဘဂ္ဂဒက် မဟုတ်ဘူး”၊ ကဗျာဆရာ ရင်နီက မောင်နီဦးရဲ့ “ဂလိုဘယ်ဇာတ်လိုက်”ကို ကိုယ်စားရွတ်ဆိုပါတယ်။

          လွှမ်းရုံရဲ့ “အိပ်မက်က နိုးလာတော့ တို့တွေ နှလုံးသားမရှိတော့ဘူး”၊ အောင်ခိုင်မြတ်က “အလွမ်းအစားထိုး”၊ သူရနီက “မီးခိုးမထွက်တဲ့ စက်ရုံလေးတရုံ”၊ ကို ရွတ်ဆိုပြီါ် အခမ်းအနားကို အဆုံးသတ်ခဲ့ကြပါတယ်။

          ကဗျာလက်ရေးပြပွဲကိုတော့ မနက်ဖြန် ၂၂ မတ် အထိ ပြသထားမှာ ဖြစ်ပါတယ်။
မြန်မာကဗျာဆရာတွေရဲ့ ကမ္ဘာ့ကဗျာနေ့ ရက်သတ္တပတ် ကဗျာရွတ်ဆိုပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ နောက် ၂ ရက်နေ့မှာ ကျရောက်မယ့် မြန်မာကဗျာဖခင်ကြီး၊ အမျိုးသားစာဆို ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မွေးနေ့ပွဲကို မည်သည့် ကဗျာဆရာများက ဦးစီးပြီး မည်သို့သော ကဗျာဆရာများ တက်ရောက်ကြမှာပါလဲ ဆိုပြီး ကဗျာချစ်သူ၊ ပရိသတ်အချို့က စိတ်ဝင်စားနေကြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts