ပြည်သူ့ဆန္ဒ ပြည်သူ့စွမ်းအားဖြင့် အခြေခံဥပဒေသစ်ရေးဆွဲရေး
တူမောင်ညို (၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်)
ကြံ့ဖွံ့ပါတီဒုတိယဥက္ကဋ္ဌ (ဗိုလ်)သူရဦးအေးမြင့်တို့ပြောနေသည့်နည်းလမ်း၊ “ကြံ့ဖွံ့ပါတီနည်းလမ်း”ဖြင့် “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးကိုစဉ်းစားကြမည်၊ လုပ်ကိုင်ကြမည်ဆိုလျှင် မဆုံးနိုင်သော ပြင်ဆင်ရေး သံသရာလည်နေပေတော့မည်။
ဤနည်းလမ်းအတိုင်းသာဆိုလျှင် ဒီချုပ် (NLD) က လိုလားမျှော်လင့်နေသော “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးသည် ဖြစ်မြောက်လာလိမ့်မည်မဟုတ်။ စကားကုန်ကုန်ပြောရလျှင် ( NDF)ပါတီက အဆိုပြုထားသော အချက်များပင် ပြင်ဆင်ခွင့်ရလိမ့်မည် မဟုတ် ချေ။
“စစ်သားအမတ် ၂၅ ရာခိုင်နှုန်းကို ဖြည်းဖြည်းချင်းနောက်ဆုတ်ခိုင်းဖို့ သဘာထားရှိတယ်”ဟု (NDF)ပါတီ ခေါင်းဆောင်များ ပြောနေသည်မှာ တကယ်တော့ သူတို့ဟာ ဒီချုပ်(NLD)ကဲ့သို့ တင်းမာသူများမဟုတ်ပါ။ ချော့ရင်ပျော့ပါတယ်/ ခြောက်ရင် ကြောက်ပါ တယ်လို့ ကြိုတင် အသနားခံနေခြင်းသာဖြစ်ပါသည်။ ဒီချုပ်(NLD) လိုင်းနှင့်မတူပါလို့ စစ်တပ်ကို မျက်နှာလိုအားရ သတင်းစကားပါးခြင်း လည်းဖြစ်သည်။
“၂၀၀၈အခြေခံဥပဒေ” ပြင်ဆင်ရန် လွှတ်တော်တွင်း နည်းလမ်းတစ်ခုထဲသာ ရှိသည်ဟု ယုံမှတ်ပုံအပ်ထားကြသူများ၏ ကြောက်အား ငယ်ရှာသည့် အသံလည်းဖြစ်သည်။
(ဗိုလ်) သူရအေးမြင့်တို့ ပြောနေသည့်နည်းလမ်း (ဝါ) “ကြံ့ဖွံ့ပါတီနည်းလမ်း” ဆိုသည်မှာ ပြင်ဆင်ချင်တာမှန်သမျှ တင်ပြကြ။ တင်ပြသမျှအားလုံးကို လက်ခံထားမည်။ သို့သော်လည်း မည်သည့်အခန်း၊ မည်သည့်ပုဒ်မကို (တစ်ခန်းခြင်း၊ တစ်ပိုဒ်ခြင်း၊ တစ်ခုခြင်း) မည်သည့်အချိန်ကာလတွင် မည်သို့ပြင်ဆင်/ ပယ်ဖျက်မည်/ အစားထိုးမည်ကိုမူ “သုံးသပ်ရေးကော်မရှင်/ကော်မတီ” က လေ့လာသုံးသပ် ပြီး တစ်ခုချင်း ကိုင်တွယ် လုပ်ဆောင်သွားမည် ဆိုသည့်နည်းလမ်းပင်ဖြစ်သည်။
ဘယ်အခန်း၊ ဘယ်ပုဒ်မ၊ ဘယ်စာပိုဒ်ကို ဘယ်ကာလ၊ ဘယ်အချိန်တွင် ဘယ်လို ပြင်ဆင်ရမည်ဆိုသည်ကို “သုံးသပ်ရေး ကော်မရှင်/ကော်မတီ” ကစိစစ်သုံးသပ်ဆုံးဖြတ်ပေးမည်ဖြစ်သည်။ “သုံးသပ်ရေးကော်မရှင်/ကော်မတီ” ကချမှတ်ပေးသည့် အစီအစဉ် ဖြင့်သာ ပြင်ဆင်ရမည်ဟူသည့်သဘောဖြစ်သည်။
အနှစ်ချုပ်ပြောရမည်ဆိုလျှင် သူတို့စိတ်ကြိုက်အချိန်ယူရေးဆွဲခဲ့သော “၂၀၀၈ အခြေခံဥပဒေ” ကို သူတို့စိတ်ကြိုက်သုံးသပ်ပြီး သူတို့အစီအစဉ်ဖြင့် ပြင်ဆင်မည်ဟူသည့်သဘောပင်ဖြစ်နေသည်။
(ဗိုလ်) သူရအေးမြင့်တို့ ပြောနေသည့်နည်းလမ်း (ဝါ) “ကြံ့ဖွံ့ပါတီနည်းလမ်း” ဆိုသည်မှာ လွှတ်တော်တွင်း နည်းလမ်းဖြစ်သည်။ ဤလွှတ်တော်တွင်းလမ်းအတိုင်းသာ သွားမည်ဆိုလျှင် “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးသည် ရေစုန်မျောပေတော့မည်။
“၂၀၀၈အခြေခံဥပဒေ” ပြင်ဆင်ရန် လွှတ်တော်တွင်းနည်း တစ်ခုထဲသာ ရှိသည်မဟုတ်။ လွှတ်တော်တွင်း/ လွှတ်တော်ပ ပေါင်းစပ် သည့်နည်းလည်းရှိသည်။ လွှတ်တော်ပနည်းလမ်းလည်း ရှိသည်။ လူဆန္ဒလူထုအင်အားဖြင့် ဖိအားတွန်းအားပေးသည့်နည်းလမ်း လည်းရှိ သည်။ “လိုချင်ကြံဆ နည်းလမ်းရ” မည်သာဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်လိုသည် ဟု မကြာခဏ ထုတ်ဖော်ပြောဆိုနေပါသည်။ သမ္မတဖြစ်ရန် အနိမ့်ဆုံး “၂၀၀၈ အခြေခံဥပဒေ”ကို ပြင်ဆင်ရမည်။ သို့တည်းမဟုတ် အသစ်ရေးဆွဲရမည်။ သမ္မတဖြစ်နိုင်ရုံမျှသာ ပြင်ဆင်မည်ဆိုလျှင် ဖြစ်ပေါ် လာမည့် သမ္မတသည် ရုပ်ပြသမ္မတ၊ သဝဏ်လွှာပို့ရသည့်သမ္မတ၊ ပြည်ပနိုင်ငံများမှသမ္မတများ လာရောက်လည်ပတ်လျှင် ကြိုဆိုဧည့်ခံ ရသော “ကြိုဆိုဧည့်ခံရေးသမ္မတ” မျိုးသာဖြစ်ပေလိမ့်မည်။
နိုင်ငံသူနိုင်ငံသားများက ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးကြသည်၊ မျှော်လင့်ကြသည်၊ သမ္မတအဖြစ်လည်း မြင်တွေ့လိုကြ သည်၊ သမ္မတဖြစ်စေချင်ကြသည်။ နိုင်ငံသူနိုင်ငံသားများ၏ ဆန္ဒကို လက်တွေ့နှင့်ပေါင်းစပ်ပေးဖို့လိုသည်။
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက “၂၀၀၈ အခြေခံဥပဒေ” လက်မခံနိုင်ကြ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ သည့်စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကိုသာလိုလားကြသည်။ တောင်းဆိုနေကြသည်။
“၂၀၀၈အခြေခံဥပဒေ”သည် “ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ” မဟုတ်ကြောင်း တိုင်းရင်းသားလူမျိုးများအားလုံး က သိမြင် နားလည်သဘောပေါက်ထားကြသည်။
သူတို့၏ လက်နက်ကိုင်တပ်များကိုလည်း တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် စစ်မှန်သည့်ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာလျှင် “ပြည်ထောင်စုတပ်မတော်”ထဲသို့ ပြောင်းလဲပါဝင်ဖွဲ့စည်းရန် သဘောဆန္ဒရှိနေကြသည်။
သို့ပါ၍ ယနေ့အချိန်အခါသည် “၂၀၀၈အခြေခံဥပဒေ” ကို ပြင်ဆင်ကြမည့်အစား အသစ်ရေးဆွဲပြီး အစားထိုးသင့်သည့် အချိန် ကောင်းအခါကောင်း၊ အခြေအနေကောင်းဖြစ်နေပါသည်။
ဤနေရာတွင် ဒေါ်အောင်ဆန်းစုကြည်ပြောနေသည့် “တည်ဆောက်ရေးလမ်းကြောင်း” ဆိုသည်နှင့် ပတ်သက်၍ ပြောလိုပါ သည်။ ထိုစကားကို ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးကလည်း သံယောင်လိုက် ပြောသံလိုက်ကြားရပါသည်။
အတိုက်အခံများဘက်မှ ပြည်သူများဘက်မှ ဖြစ်နိုင်သမျှ ငြိမ်းချမ်းသည့်လမ်း၊ ပြေလည်သင့်မြတ်ရေးလမ်း၊ သွေးထွက်သံယိုမှု အနည်းဆုံးလမ်းကိုသာ ရွေးချယ်လိုကြပါသည်။ ရွေးလည်းရွေးချယ်ခဲ့ကြပါသည်။ သို့သော်လည်း ဤသည်မှာဆန္ဒအဖြစ်သာ ဖေါ်ပြခွင့်ရခဲ့ပြီး၊ တကယ့်လက်တွေ့ဘဝတွင် အတိုက်အခံများ/ ပြည်သူများ လျှောက်လှမ်းရမည့်လမ်းကို အုပ်စိုးသူများဘက်ကသာ တစ်ဖက်သတ် ပြဋ္ဌာန်းပေးခဲ့ခြင်းဖြစ်ပါသည်။ အတိုက်အခံများဘက်က ဖြစ်ပေါ်လာသည့်အခြေအနေတွင် မိမိတို့ရပ်တည် ရှင်သန်နိုင်ရေးအတွက် ရရာ နည်းလမ်းကို ရွေးချယ်ကြရစမြဲသာ ဖြစ်သည်။
“နောက်ကြောင်းပြန်လှည့်သွားနိုင်သည်” ဟူသော ရေခံမြေခံများ ရှိနေသမျှ၊ “၂၀၀၈အခြေခံဥပဒေ” သည် ဒီမိုကရေစီ စံ ချိန်စံညွန်းများနှင့် ပြည့်ဝကိုက်ညီခြင်းမရှိသေးသမျှ ကာလပတ်လုံး “တည်ဆောက်ရေးကာလ” ဟုပြောရန် အင်မတန်မှ စောလွန်းနေပါသေးသည်။
“စစ်တပ်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု” ဟူသော စာပိုဒ် အခြေခံဥပဒေတွင် ပါရှိနေသမျှကာလပတ်လုံး “အာဏာဖီဆန်သည့် နည်း”၊ “တော်လှန်သည့်နည်း”ကို ရွေးလမ်းတစ်ခုအဖြစ် ထားမြဲထားနေရပါလိမ့်ဦးမည်။ ထိုနည်းလမ်းကို လုံးဝ ပစ်ပယ်စွန့်လွှတ်လိုက်လျှင် ရသမျှ/ ပေးသမျှနှင့် တင်းတိမ်းရောင့်ရဲနေရတော့မည်။ အမိန့်အာဏာဟူသမျှ ၊ တည်ဆဲဥပဒေမှန်သမျှကို လေးစားလိုက်နာကြရပေတော့မည်။ နာခံကြရပေတော့မည်။
ဒေါ်အောင်ဆန်းစုကြည်သည် “၂၀၀၈ အခြေခံဥပဒေ”ကို လူထုဆန္ဒခံယူခဲ့စဉ်က “ကန့်ကွက်မဲပေး” ခဲ့သည်ဆိုသော အချက်ကို ကျနော်အလေးအနက်ယုံကြည်ပါသည်။ “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” ဆိုသည်ကို “ယခင်၊ ယခုနှင့်နောင်မှာပါ အမြဲတန်းဆန့်ကျင် သွားမည်”ဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖေါ်ပြောဆိုဖူးပါသည်။ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” အပေါ် ဒီချုပ်ပါတီဝင်များ အားလုံးကလည်း သူတို့ဥက္ကဋ္ဌကြီးနှင့်အတူ တစ်စိတ်တည်းတစ်ဝမ်းတည်း ရှိလိမ့်မည်ဟု ကျနော်အလေးအနက် ယုံကြည်ပါသည်။
သို့ပါ၍ ဤသို့သော အခြေအနေအချိန်အခါကောင်းတွင် လူမျိုးပေါင်းစုံ ပြည်သူ့ဆန္ဒ၊ ပြည်သူ့စွမ်းအားဖြင့် “အခြေခံဥပဒေသစ်ရေး ဆွဲ အကောင်အထည်ဖော်သည့်နည်းလမ်း ကို ဒီချုပ်(NLD)က ဦးဆောင်သင့်ပါသည်။
(နဝတ-နအဖ) စစ်အစိုးရသည် “၂၀၀၈အခြေခံဥပဒေ” စတင်ရေးဆွဲစဉ်က ပြင်ဆင်ရန်ခက်ခဲအောင် ရည်ရွယ်ချက်ထား၍ ရေး ဆွဲခဲ့ကြခြင်းဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို အာဃာတ အညှိုးအတေးဖြင့်မရေးဆွဲသင့်ပါ။ အုပ်စုတစ်စု၊ အဖွဲ့တစ်ဖွဲ့၏ အကျိုးစီးပွားအတွက် အခြေခံပြီးလည်းမရေးဆွဲသင့်ပါ။ တတိုင်းတပြည်လုံးနှင့် လူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး၏ ရှေတို/ရေရှည် အကျိုးစီးပွားကို မြော်မြင် ပြီး ကျယ်ပြန့်ကောင်းမြတ်သော သဘောထားဖြင့်သာ ရေးဆွဲသင့်ပါသည်။
ဤသို့ အခြေခံဥပဒေသစ်တစ်ရပ်ရေးဆွဲနိုင်ရန် အတွက် နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ နှင့် လက်ရှိအုပ်စိုးသူများအညီအမျှပါဝင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကော်မတီ (သို့မဟုတ်) အမျိုးသားညီညွတ်ရေးကော်မတီ ဖွဲ့စည်းသင့်ပါတယ်။ ထိုကော်မတီမှ “တိုင်းပြုပြည်ပြုညီလာခံကြီး” တစ်ရပ်ခေါ်ယူပြီး အခြေခံဥပဒေသစ်ရေးဆွဲရေးအတွက် လမ်းညွန်မူများ၊ အခြေခံမူများ ချမှတ်သင့်ပါသည်။
တိုင်းပြည်ပြည်ပြုညီလာခံကြီးတွင် နိုင်ငံရေးအင်အားစု အသီးသီး တက်ရောက်နိုင်ရမည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူများ ၏ လိုလားချက်များ၊ သဘောထားများ ဆွေးနွေးတင်ပြနိုင်ရမည်။
ထိုညီလာခံကြီးတွင် တန်းတူရည်တူ၊ ဒီမိုကရေစီနည်းကျ ညှိနှိုင်းဆွေးနွေးကြပြီး စစ်မှန်သော ပါတီစုံဒီမိုကရေစီနှင့် လူ့အခွင့်ရေးကို ပြည့်ပြည့်ဝဝအာမခံနိုင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် ဖော်ဆောင်နိုင်ရေး၊ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေး အစရှိသော အခြေခံဥပဒေသစ်အတွက် လမ်းညွန်များ၊ အခြေခံမူများ ချမှတ်သွားသင့်ပါသည်။
ယင်းသို့ ဆွေးနွေးချမှတ်နိုင်မည်ဆိုလျှင် ပြည်တွင်းစစ်ကို အပြီးတိုင်ရပ်စဲနိုင်ပြီး၊ အမျိုးသားသွေးစည်းညီညွတ်မှု ပြန်လည် တည်ဆောက်နိုင်ကာ တိုင်းပြည် ရေရှည်ဖွံ့ဖြိုးရေးတိုးတက်ရေးအတွက် အခြေခံကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေပါလိမ့်မည်။
သို့မှသာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတစ်ရပ်လုံး၏ ဆန္ဒနှင့်ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကို ရရှိနိုင်ပါ လိမ့်မည်။ (နဝတ-နအဖ) စစ်အစိုးရကဲ့သို့ ၁၄ နှစ် အချိန်ယူစရာလည်း မလိုအပ်ပါ။ စနစ်တကျပြင်ဆင်ဆောင်ရွက်ကြမည်ဆိုလျှင် ၆ လ ခန့်ကာလ အတွင်း အခြေခံဥပဒေသစ်တစ်ခု ကောင်းမွန်စွာရေးဆွဲနိုင်ပါသည်။