>Hanthawaddy U Win Tin – His Words and His Experience for Burma

>

ဟံသာဝတီဦးဝင်းတင် – ဘာလဲဟဲ့ လူ့ငရဲ စာအုပ်ကောက်နုတ်ချက်များ (၁)
မတ် ၁၉၊ ၂၀၁၀
အပိုင်း ၁ – ငရဲဆိုတာ ဂျိုနဲ့လား
အခန်း ၁ – မုန်ညင်းစေ့ထဲ ခုန်ချခြင်း
စာ ၃၁ – စာ ၃၂
မြန်မာ့လူအဖွဲ့အစည်းကို ငဲ့စောင်းကြည့်လိုက်ပြန်တော့လည်း ထောင်တံတိုင်းတွေ၊ အုတ်ရိုးတွေ၊ သံဆူးကြိုးတွေကိုပဲ စိတ်အာရုံထဲမှာ မြင်လာနေကြရပြီ။
          လူ လူချင်းအကြား၊ ရပ်ကျေးမြို့နယ် တိုင်းနဲ့ ပြည်နယ်ချင်းအကြား၊ လူ့အဖွဲ့အစည်း၊ အတန်းအစား၊ အဆင့်အလွှာအသီးသီးအကြား၊ “အင်းစိန်” တွေ ခြားနေပြီ။ အုတ်တံတိုင်းတွေ ကန့်နေပြီ။ တပြည်လုံး၊ “ကိုကိုးကျွန်း” ဖြစ် ဖြစ်လာနေပြီ။ တနိုင်ငံလုံး “အင်းစိန်” ဖြစ်လာနေပြီ။ တမျိုးသားလုံး အကျဉ်းသား ကျွန်ဘ၀၊ ဖက်ဆစ်ကျွန်ဘ၀၊ ကျရောက်ခဲ့ရဘူးတဲ့ ဒို့တိုင်း၊ ဒို့ပြည်ထောင်၊ ဒို့လူဘောင်အတွက် အနာဂတ်ဆိုတာ အိပ်မက်ဆိုး ကြီး ဖြစ်နေပြီ။ “ထောင်ပြည်တော်ကြီး” ဖြစ်နေပြီ။ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆိုတာနဲ့ အင်းစိန်ထောင်ဆိုတာ အနက်အဓိပ္ပါယ် ထပ်တူ ထပ်မျှ ဖြစ်နေတဲ့ ဝေါဟာရတွေ ဖြစ်နေပြီ။
(ဆရာကြီးဦးဝင်းတင် စာအုပ်ထွက်ရှိချိန်မှာ မြန်မာပြည်အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်ချရမယ့် အချိန် ရောက်နေပြီလို့ ဆိုရပါမယ်။ စစ်အစိုးရ လက်ခုတ်ထဲက ၂၀၁၀ ရွေးကောက်ပွဲနဲ့ စစ်အစိုးရ စိတ်တိုင်းကျ လွှတ်တော်ထဲ သွားကြမလား၊ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေး တခုတည်းသော ပန်းတိုင်ကို ညီညွတ်သွေးစည်းစွာနဲ့ မကြောက်တရားကိုင်စွဲပြီး ဆက်လက်ချီတက် ရင်ဆိုင်ကြမလား ဆိုတာကို ရွေးချယ်ကြရပါတော့မယ်။ ဆရာကြီးရဲ့ စာအုပ်ရဲ့ အခန်းစဉ်အလိုက် ကောင်းနိုးရာရာ ကောက်နုတ်တင်ဆက်သွားပါရစေ။ – မိုးမခ)
(ဓာတ်ပုံ – ၂၀၀၉  မေ ၂၀က အင်းစိန်ထောင်တွင်း ဒေါ်စု တရားရင်ဆိုင်နေရချိန်မှာ၊ ထောင်အနီးမှာ တွေ့ရသည့် ဆရာကြီး ဦးဝင်းတင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts