>Mar Mar Aye – 310

> ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၃၁၀

မြို့မငြိမ်း ရာပြည့်
မာမာအေး
မတ် ၁၄၊ ၂ဝ၁ဝ
သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်၊ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ နှစ်ဟောင်းပြောင်းကြွေ နှစ်သစ်ဝေမယ့် အခါမှာ လွမ်းစရာလေးတွေ အသာထား ပျော်စရာလေးတွေ ကြားရအောင် ကလောင်ကိုသွေး အာလူးပေးမယ် ကြံတုန်း ဖုန်း ဆက်လိုက်မိတယ်ရှင်၊ တမျိုးတမည် မထင်ပါနဲ့ မာအေးတို့ BBC ဝိုင်းတော်သားတွေ ရှိတဲ့ဆီကိုပါ၊ မာစေကြောင်း သာစေကြောင်း ဆုတောင်းနေကျလေ၊ နှစ်ပြောင်းတော့ မှာမို့လား၊ အဲဒါနဲ့ ကြားလိုက်တာ နှစ်တရာပြည့် မြို့မငြိမ်း အစီအစဉ်တဲ့။

ဒီနှစ်ထဲမှာ ဆရာရွှေပြည်အေး၊ ဆရာရွှေတိုင်ညွန့်နဲ့ ဆရာမြို့မငြိမ်းတို့ နှစ်တစ်ရာပြည့်ကြတဲ့သတင်း အင်တာနက် မီဒီယာတွေမှာ တွေ့ရတော့ ဆရာရင်း ရွှေပြည်အေး အကြောင်း ပြောဖြစ်ခဲ့ပါတယ်၊ ဆရာရွှေတိုင်ညွန့် မိသားစုနဲ့ သီချင်းတွေအကြာင်း ပြေားဖူးပြီးပြီ၊ ဆရာမြို့မငြိမ်း သီချင်းတွေ အကြောင်းကိုလည်း တော်တော်များများ ပြောခဲ့ပြီးပါပြီ၊ မောင်ကြီးဝင်းဖေကလည်း ပြောနေပြီ ဆိုတော့ ဟိုးထားလိုက်တာပေါ့ရှင်။ ခုတော့ တိုက်ဆိုင်လာပြန်လို့ ကိုယ်ကြိုက်မိတဲ့ အပျော်စာလေးတွေနဲ့ ဆရာ့သီချင်းလေးတွေ ရှာရှာဖွေဖွေ ပြောဦးမယ်လေ – နော်။

ဆရာငြိမ်းကို မာအေး စတွေ့ခဲ့တာ ဖေဖေ အလုပ် လုပ်နေတဲ့ မြေနီကုန်းက ဆန်းသီရိရုံ တီးဝိုင်းအခန်းမှာပါ ဂီတဝိုင်းထဲကလူတွေရဲ့ မိတ်တယောက်လို့ ထင်တာပေါ့၊ သူ့ဘဝ နောက်ဆုံးနေ့က အကြောင်း ဖတ်ရတော့မှ ဓာတ်ပုံတွေ ဘာတွေနဲ့ မို့လို့ မြို့မငြိမ်း ဆိုတာ မာအေး မြင်ဖူးတဲ့ တီးဝိုင်းထဲ လာခဲ့တဲ့ ဦးလေးကြီး ပါလား လို့ သိသွားခဲ့တာပါရှင်။

ဆရာငြိမ်းသီချင်းထဲမှာ “ပျို့မှာတမ်း” ဟာ ရည်စားထားဖူးတဲ့ မာအေးအတွက် စွဲမက်စရာလေးပါပဲ၊ “လာခဲ့ရင် ရန်တွေ့မှာမို့လား” တဲ့၊ ကိုယ့်ချစ်သူကိုငေါ့ လိုက်တတ်တဲ့ ကိုယ့်အဖြစ်မျိုးလေ၊ “ဒေါသမထားရက်ဖူးရှင်” တဲ့၊ သူ မလာလာလာ လာလာလာ ကိုယ်က စောင့်ရမှာ ဆိုတာမျိုးပေါ့၊ သူကိုချစ်မှတော့ ဘယ်လိုလုပ် ဒေါသဖြစ်လို့ရမလဲ၊ ဒါတွေလဲ တူပြန်ရော။ ဒါနဲ့ မာအေးတို့ BBS က Studio, A မှာ မိုက်ကရိုဖုန်း စမ်းတုန်းက ဆိုကြည့်ခဲ့ပါတယ်၊ အကိုလှထွတ်က စန္ဒရားတီး၊ ဦးလေးခင်မောင်ဦးက အသံဖမ်းထားပေးထားတာပါ၊ မာအေး အသက် ၂၀ ပေါက် အသံ ဖြစ်ပါတယ်ရှင်။

xxx စိမ်းကားသလောက် ပျို မငြိုငြင်၊ လာခဲ့ရင်ရန်တွေ့ မှာမို့လား ဒေါသမထား ရက်ဖူးရှင်၊ အသက်လောက် မောင့်ကိုပဲ ခင်၊ မိဘအပေါ် ဆိုးနွဲ့လေသမျှ သူနဲ့မှဝဋ်လယ်တယ်ထင်၊ သနားစေ့ချင်လို့ ပျို့ငွေလွှာတင် xxx (ပျို့မှာတမ်းမှ)

မြို့မတူရိယာ အသင်းကြီးနဲ့ မာအေးတို့ဟာ ဇမ္ဗူအေး ရုပ်ရှင် ပိုင် မမမြင့်တို့နဲ့ ပတ်သက်ပြီး ရင်းနှီးရတာပါရှင်၊ ဆရာကိုဘိုခင် ဦးစီးခဲ့တဲ့ အချိန်ကပေါ့။ ရွေးပါရစေတခါ သီချင်းလဲ ရုပ်ရှင်ထဲမှာ တခန်း အတူ ရိုက်ပေးခဲ့ရပါတယ်၊ အသံလွှင့်ဖို့က စပြီး မြို့မကြီး ဆင်းလာတိုင်း မာအေး အမြဲ ဝိုင်းကူခဲ့တာပါ၊ နှစ်ပေါင်းများစွာ ခိုင်မာ ရပ်တည်လာတဲ့ ဂီတအဖွဲ့ကြီးမို့ လေးစားမိတဲ့ စေတနာနဲ့ပါရှင်၊ ဘာတွေ အတူလုပ်ပေးခဲ့တာလဲ သူတို့ပဲ မေးပါတော့လေ၊ ကံက မပါလေတော့ “နှစ်ငါးဆယ်တုန်းကလဲ မခေါ်လာပါဘူး” “စိန်ရတုကျတော့လဲ အဝေးမှာ” မာအေး နာမည်လေးတောင်မှ ဖွင့်မပြောနိုင်တဲ့ဘဝ ရောက်နေကြပြီလားမှ မသိတာ၊ ဘာခုမှကြောက်ပါပြီလဲလို့ နောက်တော့ပါဘူး၊ ဆရာငြိမ်းရဲ့ ခပ်နောက်နောက်စာကလေးတွေ ဆိုခဲ့ရတာနဲ့ ပြုံးစရာ ဖြေစရာရနေပါတယ်၊ မြို့မနဲ့ပေါင်းမှတော့ ဆရာငြိမ်းသီချင်းဟောင်းတွေနဲ့ အကြောင်းပိုသင့်တာပေါ့။

ဆရာမြို့မငြိမ်းရဲ့သီချင်းကို မြို့မက ပြန်ဖော်တဲ့အခါ “နှစ်ယောက်ထဲ” က စပြီး မာအေး ဆိုခဲ့ပါတယ်၊ “ဆန့်ကျင်တယ် ဆိုရင် ကမ္ဘာပြင်ထွက်လို့ နှစ်ယောက်သား ဘောက်ခါးစို့လားမောင်ရယ်” အဲဒီလို ဆိုမိတဲ့အခါ ဘောက်ခါးကို လူတွေက မေးတယ်၊ ကိုယ်ကလဲ မေးပါတယ်၊ လက်ဘက်ရေကြမ်း ဝိုင်း ဆင်ပြီး အကြိတ်အနယ် ပြောကြငြင်းကြတဲ့ ဘောက်ခါး ဝိုင်းက ဘုဘောက်ကျတဲ့ အဓိပ္ပာယ်ကို ယူတဲ့ မန္တလေးသုံး ဘန်းစကားလို့ ကြားခဲ့ရပါတယ်။

နောက် “မန်ဒါလီ” ဆိုတဲ့အခါ – “ချောင်းကိုပစ်လို့ မြစ်ကိုရှာ၊ ရေသာများ၍ ငါးမတွေ့” ဆိုတဲ့ စကားကို မြို့မငြိမ်းက “ရေသာနဲ၍ ငါးလဲ မတွေ့ပြီ ချောင်းရိုးမှီငေးမယ့် မန်ဒါလီ” အဲဒီလို ရေးစပ်ပြန်ပါတယ်ရှင်။ ဆရာ့အနေနဲ့ ရေများတာတောင် ငါးမတွေ့ရင် ရေနည်းတော့ ပိုမတွေ့တာပေါ့လို့ ငေါ့တော့တော့ ရေးတယ် ထင်တာပဲ။

ပြီးတော့ မန္တလေးက အဆိုတော် ကြွယ်ကြွယ်နဲ့ အသံလွှင့်သွားတဲ့ “ရှင်တခုပဲ” သီချင်း အမကြီး မမြရင်ရဲ့ သီချင်းဟောင်းလေးပါရှင်။ အတောင်နှစ်ဆယ်ဝတ် ယောက်ျားသားချင်းပေမယ့် စပ်ဖျင်းဖျင်း မြင်ပြင်းကပ်လို့ ရေးစပ်လေသလား တွေးမှားမိလို့ သဘောကျပြီး ပြန်ဆိုခဲ့ပါတယ်။ အားကိုးလောက်တဲ့ ယောက်ျားသားတို့အနေနဲ့ ဇီးဖြူသီးကို ဇကောထဲ လှိမ့်သလို ငါတကော ကောပြီး သွန်လိုသွန် မှောက်လိုမှောက် ကျမကတော့ အားနွဲ့သူပဲ၊ ကျားသနားမှ နွားနေသာမှာမို့ ရှင်တခုပဲပေါ့၊ သနားချင်ရင်လဲ ရှင်ပဲ၊ မသနားချင်ရင်လဲ ရှင်ပဲလို့ ပြောတဲ့သဘောပါ။ မာအေးကြိုက်တဲ့ နေရာလေး ရွေးပြီး တင်ပြလိုက်တော့မယ်နော်။

xx မြပျိုဖြူမှာ အားနွဲ့သူပါ သနားတော်မူလိုက်ပါ ကျားသနားမှ နွားနေသာ ရှင်မတရားရင် ရှင့်ကိုယ်စောင့်တဲ့ နတ်သားငနဲတောင် အတော်ခေါင်းခဲမှာ လေဘာတီ အသနား အစီရင်ခံလိုတာ အပိုမြာတွေ မောင်မောင် ထားတာ မြကို လားလားမညှာ မိန်းမကြိုက်တော့ မျှော်ရုံပါ ဖော်မစုံ ကြုံလေနဲရှာသည်မယ်ဖြစ်ရတာ မျက်နှာများမှာ များတော့ အတွင်းကျိတ်ဆွေးတွေးပူမိတာ ကိုယ်ကလွဲရင် တကယ်ပဲ မသထာ ရွှေမန်ကျီးဖြစ်ရင် တဆစ်စီ ဝေနိုင်စရာ လေဘာတီရင်ရင့် အသဲမှာ အမြဲပဲစွဲတဲ့သံမှိုပမာ ချစ်လျှင်အကျိုး ချစ်မြတ်နိုးသဒ္ဓါ ရှင်တခုပဲဆိုမှာ xx (ရှင်တခုပဲမှ)


[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် bbcburmese.com ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts