>My Acedamy Sein – TV Ads, Myanmar TV and We the Burmese

>

စီးပွားရေးကြော်ငြာများ  … မြန်မာတီဗီ နှင့် … ငါတို့ မြန်မာပြည်
မိုင်အကယ်ဒမီစိန်
မတ် ၁၃၊ ၂၀၁၀
မြန်မာတီဗီ ရုပ်မြင်သံကြားပေါ်မှာ မြန်မာရုပ်ရှင်အစီအစဉ်များ မှေးမှိန်ကာ တဖြေးဖြေးပျောက်ကွယ်လုပြီ ဖြစ်ပါသည်။ မြန်မာ့ရုပ်မြင်သံကြားဟု အမည်နာမသာ ကျန်တော့သည်။ မြန်မာလူမျိုးများ၏ အပျင်းဖြေချိန်တွေမှာ အပျင်းတကယ်ပြေစေတာက ကိုရီးယားကားများ တရုတ်ကားများ ဖြစ်သည်။ တကယ်လည်း အပျင်းလည်းပြေကာ မြန်မာကားများပြသည့်နေ့ ဆိုလျှင် ကြော်ငြာကအစ နည်းသွားကာ ကြည့်မည့်သူလည်းမရှိ ဖြစ်ကုန်သည်။ မြန်မာတီဗီကို လူမကြည့်အောင်လုပ်ချင်လျှင် ကိုရီးယားကားများကိုမပြဘဲနေကြည့်လိုက်လျှင် အဖြေပေါ်သွားလိမ့်မည်။ စီးပွားရေးကြေငြာများပင် ဒုက္ခတွေ့ကုန်လိမ့်မည်။
သို့သော် နောက်နည်းပညာတစ်ခုဖြင့် ကြော်ငြာများကို ဆွယ်ကြသည်။ ဆိုကြမယ် ပျော်ကြမယ်၊ အလှရှာမယ် အလှကမ္ဘာ၊ လူရွှင်တော်စတား၊ ပျော်ရွှင်စရာ သရုပ်ဆောင်၊ ရသပေါ်လွင် သရုပ်ဆောင်လွင်ပြင်၊ ပဟေဠိနန်းတော်၊ ရွှေဉာဏ်ရှင်၊ သုတစုံလင်၊ ထက်မျက်ပျော်ရွှင် အိမ်ထောင်ရှင်၊  စူပါတေးသံရှင် ရွေးပွဲ … …  စသော စသော အသစ် အသစ်သော အစီအစဉ်များ ပါဝင်လာကာ ထိုတစ်ခုစီမှာပင် စီးပွားရေးကြော်ငြာများကို ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်၊ မင်းသား မင်းသမီး၊ လူရွှင်တော်ပါမကျန် Presenter လုပ်ရင်း ကြေညာပေးနေရပါသည်။
ကြော်ငြာများကတော့အစုံပါပဲ။ ကော်ဖီမစ်၊ သွားတိုက်ဆေး၊ ဆေးဝါး၊ အလှကုန်၊ စားသောက်ကုန်၊ အ၀တ်အထည် … စသည်ဖြင့်။ ကြော်ငြာရှင်များက ထိုအစီအစဉ်များကို ထုတ်လွှင့်ရာတွင် ထောက်ပံ့ပေးသည်ဟု ဆိုကာ Presenter များက အစီအစဉ်တစ်ခုလျှင် ၂ ကြိမ် ၃ ကြိမ်ခန့် ကြေညာပေးရပါသည်။ မျက်နှာစာတွင် စီးပွားရေးကြာ်ငြာရှင်များက နေရာယူ ထိုင်နေကြပြီး ပွဲအပြီးမှာ ဆုများ ချီးမြှင့်ကြသည်။
မြင်ရသည်မှာ ဘာနှင့်တူသလဲ။
ကြော်ငြာရှင်များ၊ စီးပွားရေးသမားများ၊ ပိုက်ဆံချမ်းသာသူများက မြန်မာ့ရုပ်မြင်သံကြားမှာ နေရာရနေသည့်ပုံ ဖြစ်သည်။ စီးပွားရေးသမားများ နေရာရလာခြင်း၊ စီးပွားရေးပစ္စည်းများ မြန်မာ့ရုပ်မြင်တွင် နေရာယူလာသည်ကို နေ့စဉ်နှင့်အမျှ မြင်တွေ့နေကြရသည်။ လူငယ် လူရွယ်ကလေးများက မြန်မာရုပ်မြင်တွင် ထိုအစီအစဉ်များတွင် ပါချင်လျှင် ထိုစီးပွားရေးလုပ်ငန်းရှင်များထုတ်လုပ်သော ပစ္စည်းများကို အထုတ်ပေါင်းများစွာဝယ်ယူကာ ကံစမ်းမဲ ပေါက်မဲများ ဖြည့်ရသည့်ပမာ ဖြည့်စွက်ပို့ကြရသည်။ ဤနည်းဖြင့် သူတို့၏ ရောင်းမကုန်သောပစ္စည်းများ ထွက်သွားပုံ ရလေသည်။ အရွေးချယ်ခံကြရသူများ မြန်မာ့ရုပ်မြင်ပေါ် မြင်ရ တွေ့ရသည်။ သူတို့ ဘယ်လိုအဆင့်များ ဖြတ်ကျော်ခဲ့ရသလဲ ဆိုတာ တွေးကြည့်မိသည်။
နောက်နည်းတစ်ခုမှာ မြန်မာပြည်သူလူထု အလွန်ကြည့်ချင်သော အကယ်ဒမီပွဲကို မြန်မာ့ရုပ်မြင်သံကြားပေါ် တိုက်ရိုက်လွှင့်ပြခြင်း ဖြစ်သည်။ သို့သော်တိုက်ရိုက်ထုတ်လွှင့်သည် ဟူသောအမည်က အမည်ခံသက်သက်သာဖြစ်သည်။ အမှန်တကယ် ၃မိနစ် တခါ ၅ မိနစ် တခါ ကြည့်နေရတာက ကြော်ငြာများဖြစ်သည်။ အကယ်ဒမီပေးကပွဲနှင့် ကြော်ငြာပြချိန်ကို အချိုးချကြည့်လျှင် ကြော်ငြာနှင့် ပွဲက အချိုးခြင်း တူနေလိမ့်မည်။ သို့တည်းမဟုတ် ကြော်ငြာပြချိန်က ပိုများနေနိုင်သည်မှာ သေချာလှသည်။
နေပြည်တော်မှာကျင်းပသော အကယ်ဒမီပွဲကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ရာ ညနေ ၅ နာရီ ကျော်လောက်မှ ညသတင်းမလာခင်ချိန်ထိ ရုပ်မြင်သံကြားသတင်းချိန်မှအပ တင်ဆက်ပေးသည်ကို ကြားရုံနှင့်ပင် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုရမည်ဖြစ်ပါသည်။ သို့သော် ၂ မိနစ် တစ်ခါ ကြော်ငြာဝင်နေပါသည်။ ကြည့်ရင်းတန်းလန်းနှင့်ပင် ပြည်သူပရိသတ်များ စိတ်အနှောက်အယှက်ဖြစ်လောက်အောင် ကြော်ငြာများ ၀င်ပါသည်။
ဟိုမင်းသား၊ သည်မင်းသမီး၊ ဘယ် အဆိုတော် စသည်ဖြင့် လက်ညှိုးလေး မထိုးလိုက်ရသေး၊ ကြော်ငြာက၀င်လိုက်ရာ ခုနင်ကကြည့်နေတာ ဘယ်ရောက်သွားမှန်းပင် မသိလိုက်ပါ။ ထိုအပြင် အစီအစဉ်စတင်ကြောင်းဖြင့် စင်မြင့်ပေါ်မှ Presenter က မိုက်ကရိုဖုန်းကိုင်ကာ ကြော်ငြာပြီးသည်နှင့်၊ ဗန်းကိုင်သူများကို ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း၊ ဗန်းကိုင်သူများ ၀တ်ဆင်သော အကျီ ထမီကို ဘယ်သူက ဆင်မြန်းကြောင်း၊ ဘယ်ဆိုင်က ဖြစ်ကြောင်း၊ ဖိနပ်က ဘယ်သူ့ဆိုင်က အော်ဒါဖြစ်ကြောင်း၊ ဆံတုံးက ဘယ်သူ၊ မိတ်ကပ်က ဘယ်ဝါ၊ ပန်းက ဘယ်သူ့ ဆိုင်က၊ နှုတ်ခမ်းနီ ပါးနီပါ မကျန်၊ လက်ဝတ်ရတနာအဆုံး စင်ပေါ်ကနေ ဘယ်ကဲ့သို့၊ ဘယ်ညာသို့ဖြင့် အရေးတကြီးကိစ္စတခုသဖွယ် ၀န်ကြီးများကတော်များ လူကြီးသူမများရှေ့၊ မြန်မာ့ရုပ်မြင်ကြည့်နေသူများကိုပင် အားမနာ ကြော်ငြာပေးသည်များကိုလည်း တ၀ကြီး နားထောင်နေရပါသည်။ တော်သေးတာပေါ့လေ။ ယခုခေတ် မြန်မာ့ရုပ်မြင်သံကြားကြောငြာတွေထဲမှာ ဘရာစီယာဆိုင်တွေ မပါလာလို့။  
ထို့အပြင် အကယ်ဒမီဆုရှင်များ ကြေညာပေးမည်ဟု မိုက်ခွက်ကိုင်သူက ပြောလိုက်သည်နှင့် ကြောငြာက ၀င်ပါသည်။ ဘယ်သူက … ဟု ဆိုလိုက်သည်နှင့် ကြောငြာကိုပြီးအောင် စောင့်ရပါသည်။ အကယ်ဒမီဆုရှင်များ ပြောမည့်စကားလုံးများကို နားမဆင်ခင် ကြော်ငြာကို စိတ်ရှည်စွာ စောင့်ဆိုင်းရပါသည်။ ၀န်ကြီးဦးကျော်ဆန်းမိန့်ခွန်းကျတော့ ကြော်ငြာတွေ မ၀င်ရဲကြပါ။ သည်လိုတော့ သိပုံရပါသည်။ သူ့မိန့်ခွန်း ဘယ်သူကမှ စိတ်မ၀င်စားမှန်း။
သည်တော့မြန်မာရုပ်မြင်သံကြားဆိုတာ မြ၀တီပဲဆိုဆို၊ အန်အာတီဗီ ဖိုး ပဲဆိုဆို၊ အမ်အာတီဗီ သရီး၊ ဖိုက၊် ဆဲဗင်း၊ အိတ်၊ နိုင်း၊ တင်း  စသည် စသည်များဟု ဆိုကာ မည်သို့ပင် ချဲ့ထွင်လာသည် ဖြစ်ပါစေ … မြန်မာပြည်သူလူထု တကယ်အကြိုက်တွေ့ကာ ကြည့်နေတာက ကိုရီးယားကား၊ တရုတ်ကားများသာ ဖြစ်ပါကြောင်း၊ ထိုဇာတ်ကားများနှင့် အစီအစဉ်များကို အစိတ်စိတ် အမွှာမွှာ ခွဲစိတ်ဖြတ်တောက် ကြားခုံထိုးနေရာဝင်ယူနေသည်များမှာ ကြော်ငြာလုပ်ငန်းရှင်များ ဖြစ်နေကြာင်း၊ ထိုထက် တဆင့်တက်ရလျှင်တော့ စီးပွားရေးကြောငြာများ မြန်မာ့ရုပ်မြင်ကို ကိုယ်ပိုင်ရုပ်သံသဖွယ် အသုံးချနေကြသည်များ တစထက် တစ များပြားလာပါကြောင်း မြန်မာ့ရုပ်မြင်သံကြား အနာဂတ်ကို ၂၀၁၀ တွင် တွေ့မြင်မိပါကြောင်း အတင်းစကား ဆိုလိုက်ချင်ပါသည်။
ယခုတလော ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတော့မည်ဟူသော ဥပဒေများ သတင်းများ ထွက်ပေါ်လာခဲ့ရာမှာ ထိုရုပ်မြင်သံကြားပရိသတ်ကြီးမှာ မည်သို့မျှ သတင်းကို ကြားသိလိုက်ခြင်း မရှိပါ။ မြန်မာ့နိုင်ငံရေး အနှစ် ၂၀ ကျော် အခန်းဆက် ဇာတ်မျောစီးရီးရှည်ကြီးကို ကျောခိုင်းပြီးသကာလ၊ ထိုစီးပွားရေးကြော်ငြာများကို ကြံ့ကြံ့ခံ ရင်ဆိုင် တိုက်ပွဲဝင်ပြီး တရုတ်နှင့် ကိုရီးယားကား အခန်းဆက်သော်လည်း နောက်ဆုံးတွင် သေချာပေါက် ဇာတ်သိမ်းသော ဇာတ်တော်ကြီးများကို ဘက်ထရီအိုးကြီးများ ထမ်း၍ အားတင်းပြီး ကြည့်ရှုအားပေး အပျင်းဖြေနေရသူ မြန်မာပရိသတ်ကြီးကို အသင်တို့ အနာဂတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်ဒိုင်လူကြီးအစိုးရတို့က မည်သို့ ဆွဲဆောင်စည်းရုံးကြမည်နည်းဟု မေးခွန်းကလေး မေးလိုက်ချင်ပါသည်။ အဖြေကတော့ ရှင်းပါသည်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ပူးပေါင်းပြီး ကြော်ငြာများထည့်နိုင်အောင် ကိုရီးယား၊ တရုတ် ဇာတ်ကားများနှင့် မြန်မာရုပ်သံ စီစဉ်သူများထံ အကြံဉာဏ်များ သွားရောက် အသနားခံကြစေလိုပါသည်။
ဥပမာအားဖြင့် တပ်မတော်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကြီးက မြန်မာရုပ်မြင်သံကြားတွင် ကိုရီးယားကားဇာတ်လမ်းရှည်တထုပ် စပွန်ဆာယူပြီး ကြော်ငြာရှင်များအားကို အစွမ်းကုန်ယူ၍ မဲဆွယ် စည်းရုံးလိုက်မည် ဆိုလျင် – ပြည်သူများလည်း အပျင်းပြေ၊ မြန်မာရုပ်မြင်တွေလည်း ထုတ်ကုန်တိုးပြီး အဆင့်တွေ မြင့်လာကြလိမ့်မည် ထင်ပါသည်။
အင်း … မဲဆွယ်တဲ့နေရာမှာ ကြော်ငြာရှင်တွေလိုမျိုး – ကံစမ်းမဲတွေလည်း ထည့်ပေးဦးမည် ဆိုရင် ဦးဦး ကိုကို ဒေါ်ဒေါ် မမ တို့ စိတ်ဝင်စားကြလိမ့်မည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts