>Shwe Pyi Soe – Trusting the Regime – Total Destruction

>

န အ ဖ စစ်အာဏာရှင်တွေကို ယုံစားရင် အကုန်မှားလိမ့်မယ်
ရွှေပြည်စိုး
မတ် ၁၁၊ ၂၀၁၀
န အ ဖ စစ်အာဏာရှင်တွေကို ယုံစားရင် အကုန်မှားပြီး ဘ၀တုန်း၊ လူမျိုးပါ ပြုန်းပါလိမ့်မယ်။ အကြောင်းက စစ်အာဏာရှင်တွေဟာ အာဏာတည်မြဲရေး ချမ်းသာကြွယ်ဝရေးအတွက်သာ အဓိကထား လုပ်နေကြလို့ဖြစ်ပါတယ်။
          အာဏာတည်မြဲမှ သူတို့ ချမ်းသာကြွယ်ဝမယ်။ တိုင်းပြည်ကို ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်လို့ရမယ်။ ပြည်သူတွေကို အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရမယ်။ ခြစားချင်တိုင်း စားလို့ရမယ်။ နိုင်ငံတော် သယံဇာတနဲ့ ဘဏ္ဍာတော်တွေကို ဗုန်းချင်တိုင်းဗုန်း၊ ဖြုန်းချင်တိုင်း ဖြုန်းလို့ရမယ်။ ဒါကြောင့် အာဏာတည်မြဲရေးအတွက်ကိုသာ ကျားကုတ်ကျားခဲ လုပ်နေကြတာဖြစ်တယ်။

          န အ ဖ စစ်အာဏာရှင်တွေဟာ ပြည်သူ့ထံမှ လုယူထားတဲ့ နိုင်ငံတော်အာဏာ လက်လွတ်သွားမှာစိုးလို့ မိမိပြည်သူနဲ့ ကမ္ဘာကို နည်းမျိုးစုံနဲ့ လိမ်ညာလှည့်စားနေတာဖြစ်တယ်။ သူတို့ဟာ အာဏာတည်မြဲဖို့ဆိုရင် လိမ်ညာရုံမက ကတိလဲဖျက်တယ်။ လက်နက်မဲ့ပြည်သူကိုသာမက မြတ်ဗုဒ္ဓရဲ့ သားတော်များဖြစ်တဲ့ ရဟန်းသံဃာ များကိုပါ အပြစ်ရှာ အမှုဆင်ပြီး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တယ်။ လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက်တာလဲ ဒီနေ့အထိပါ။ ပြည်တွင်းပြည်ပက ဝေဖန်တိုင်း မလိမ့်တပတ်လုပ်ပြီး ငြင်းဆိုတယ်။ ဒါကြောင့် ဒီစစ်အာဏာရှင်တွေ ပြောတာကို မယုံစားပါနဲ့။ ယုံစားရင် အကုန်မှားလိမ့်မယ်လို့ သတိပေးရခြင်း ဖြစ်ပါတယ်။
 စစ်အာဏာရှင်တွေ ကမ္ဘာသိ လိမ်ညာပြီ။
          ရှစ်လေးလုံး အရေးအခင်းကာလအတွင်းက စစ်တပ်ကပြစ်ခတ်လို့ ရဟန်း, ရှင်, လူ ကျောင်းသား, ပြည်သူ ၃၀၀၀-ကျော် သွေးမြေကျတာကို ပြည်သူပိုင်ပစ္စည်း လုယူဖျက်ဆီးတဲ့ ကုလားဒိန် ၁၅-ယောက် သေတယ်လို့ အေးရှားဝိတ်မဂ္ဂဇင်းနဲ့ အင်တာဗျူးလုပ်ရာမှာ စစ်အာဏာရှင် ဗိုလ်စောမောင်က လိမ်ညာဖြေကြားခဲ့ပါတယ်။
 ကမ္ဘာသိ လိမ်ညာပြီး ကတိဖျက်ပြန်။
          ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲမတိုင်မီက ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးမယ်။ အနိုင်ရပါတီကို အာဏာလွှဲပြီး စစ်တန်းလျားပြန်မယ်-လို့ ဗိုလ်သန်းရွှေ- ဒု ဥက္ကဋ္ဌအဖြစ် ပါဝင်တဲ့ န ၀ တ အာဏာရှင်တစုက အကြိမ်ကြိမ် လိမ်ညာကာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲပြီးလို့ NLD ပါတီက မဲ-အပြတ်အသတ်နိုင်တဲ့အခါ စစ်အာဏာရှင်တွေက ကတိအတိုင်း နိုင်ငံတော်အာဏာကို လွှဲမပေးတဲ့အပြင် အနိုင်ရပါတီများရဲ့ အမတ်များကိုပါ ဖမ်းဆီးထောင်ချပါသေးတယ်။ ဒါဟာ စစ်အာဏာရှင်တွေရဲ့ ကမ္ဘာသိ အကြီးမားဆုံး လိမ်ညာမှုနဲ့ ကတိဖျက်မှုကြီး ဖြစ်ပါတယ်။
          ခြံခုန်ဖူးတဲ့နွားဟာ နောက်ထပ်ခြံခုန်ဖို့ ၀န်မလေးသလို ကတိဖျက်ခဲ့ပြီးတဲ့ စစ်အာဏာရှင်တွေဟာ နောက်ထပ်ကတိဖျက်ဖို့ ၀န်မလေးတာကြောင့် ၂၀၁၀-အတွင်း ရွေးကောက်ပွဲကျင်းပပေးမယ်-ဆိုတဲ့ အာဏာရှင်တွေရဲ့ စကားကို မယုံစားကြဖို့ ၊ ယုံစားရင် အကုန်မှားလိမ့်မယ်။ ၁၉၉၀ ရွေးကောက်ပွဲဖြစ်ရပ်များကို ပြန်သတိရကြပါ။ သင်္ခန်းစာ ယူကြပါလို့ သတိပေးရခြင်း ဖြစ်ပါတယ်။
          ၂၀၁၀-အတွင်း ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲကို နိုင်ငံတော်အကြီးအကဲဆိုတဲ့ ဗိုလ်သန်းရွှေ-ရဲ့ ၂၀၁၀-လွတ်လပ်ရေးနေ့ မိန့်ခွန်းနဲ့ ပြည်ထောင်စုနေ့ မိန့်ခွန်းကို ပြန်ဆန်းစစ်ကြည့်ပါ။ ၁၉၉၀-ရွေးကောက်ပွဲမတိုင်မီက ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးမယ် အနိုင်ရပါတီကို အာဏာလွှဲပေးပြီး စစ်တန်းလျားပြန်မယ်-လို့ အတိအလင်းကြေညာပါတယ်။ ဒါပေမယ့် ၂၀၁၀-အတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်-လို့သာ ပါတယ် အနိုင်ရပါတီကို အာဏာလွှဲပေးပြီး စစ်တန်းလျားပြန်မယ်ဆိုတဲ့ ကတိစကား တလုံးမှမပါတာကြောင့် ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ စစ်အာဏာရှင်အုပ်စုဟာ ဒီမိုကရေစီအင်အားစုဘက်က ပါတီတခုခုက အနိုင်ရပါက အာဏာလွှဲပေးမှာမဟုတ်သလို စစ်တန်းလျားလဲ ပြန်မှာမဟုတ်ပါ။ ဒါ့ပြင် ၂၀၀၈-ခုနှစ်က ရေးဆွဲထားတဲ့ အခြေခံစည်းမျဉ်း ဥပဒေဟာလည်း စစ်အာဏာရှင်တွေ အာဏာတည်မြဲရေးအတွက် ရေးဆွဲထားတဲ့ဥပဒေတွေ ဖြစ်နေတယ်ဆိုတာလဲ အားလုံးသတိပြုကြပါ။
          ဒါကြောင့် ၂၀၁၀-အတွင်း ရွေးကောက်ပွဲကျင်းပပေးမယ်လို့ နိုင်ငံတော်အကြီးအကဲ ဆိုသူရဲ့စကားကို မယုံစားကြပါနဲ့၊ လုံးဝမယုံကြပါနဲ့၊ ယုံစားရင် အကုန်မှားပြီး ဘ၀လဲတုန်း လူမျိုးလဲပြုန်းကုန်ပါလိမ့်မယ်။ သတိထပ်ပေးပါရစေ။ အကြောင်းမှာ တရားမျှတမှုမရှိဘဲ တဘက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈-ဥပဒေပါ အရေးကြီးတဲ့အချက် အချို့ရဲ့ဆိုလိုရင်းမှာ နိုင်ငံတော်သမ္မတရာထူး ၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ ပြည်တွင်းရေး စတဲ့ အရေးကြီးဌာနများကို စစ်တပ်ကိုပေးရမယ်၊် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် တရပ်စီမှာ စစ်တပ်ကရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုပဲ အမတ် 25% ပေးရမယ်။ တိုင်းဒေသကြီး လွှတ်တော် (သို့) ပြည်နယ်လွှတ်တော်ကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘဲ စစ်သား 1/3 ဖြင့် ပါဝင်ဖွဲ့စည်းရမယ်-လို့ ပြဌာန်းထားတယ်။ ဒါဟာ ဒီမိုကရေစီနည်းမကျဘဲ တဘက်သတ် မတရားရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ အဆိုးဆုံးကတော့ စစ်တပ်က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဌာန်း အတည်ပြုရမယ်။ လိုအပ်ရင် စစ်တပ်က အာဏာသိမ်းခွင့်ရှိရမယ်-ဆိုတဲ့ အချက်တွေ ဖြစ်တယ်။ ဒါဟာ ဘို့တဘို့ထဲရှိတဲ့ န အ ဖ စစ်အာဏာရှင်တွေ အာဏာတည်မြဲရေးအတွက် ရေးဆွဲထားတာဖြစ်လို့ သူတို့လှည့်စားတာကို မယုံစားကြပါနဲ့၊ ယုံစားရင် အကုန်မှားလိမ့်မယ်-လို့ သတိပေးရပါတယ်။
 ၂၀၀၈-ခုနှစ် ဥပဒေကို လက်မခံကြ
          အထက်ပါအရေးကြီးဌာနတွေနဲ့ အရေးကြီးအချက်တွေကို စစ်တပ်လက်ကို ၀ကွက်ပြီးအပ်ရမယ်ဆိုတဲ့ ၂၀၀၈-ခု ဥပဒေကို ပြည်တွင်းရှိ နိုင်ငံရေးအဖွဲ့အစည်းတွေက လက်မခံသလို နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း ၄င်းတို့တောင်းဆိုထားတဲ့ တန်းတူရေး ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စတာတွေ မရတဲ့အတွက် လက်မခံကြပါ။ အဖွဲ့အစည်းအားလုံးက ဒီမိုကရေစီနည်း မကျတဲ့ အချက်တွေကို ပြန်ပြင်ပေးဖို့ တိုင်းရင်းသားအဖွဲ့တွေက တောင်းဆိုပေမဲ့ စစ်အာဏာရှင်တွေက တခုမှ ပြင်ဆင်ပေးခြင်းမရှိ။ ဒါကိုကြည့်ခြင်းအားဖြင့် ဘို့တဘို့တည်းသာရှိတဲ့ စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေး တခုတည်းကိုသာ ကြည့်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒါကြောင့် သူတို့ကို မယုံစားကြပါနဲ့။ ယုံစားရင် အကုန်မှားလိမ့်မယ်-လို့ သတိပေးရပါတယ်။
နယ်ခြားစောင့်တပ်ကို ဗန်းပြပြီး ဘ၀တုန်း လူမျိုးပြုန်းရေး လုပ်တော့မယ်။
          ၂၀၁၀-အတွင်း ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲမတိုင်မှီမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ မရှိတော့ဘူး။ တတိုင်းပြည်လုံး ငြိမ်းချမ်းသွားပြီ ဖြစ်ကြောင်း၊ ကမ္ဘာကိုပြချင်တာရယ် ရွေးကောက်ပွဲမှာ သူတို့လုပ်ချင်သလို လုပ်လို့ရအောင်ရယ်ကြောင့် နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို ၂၀၀၉-ခု အောက်တိုဘာလအပြီး နယ်ခြားစောင့်တပ်အသွင် ပြောင်းဖို့ အပူတပြင်းလုပ်လာတယ်။ သူတို့ထင်သလို လွယ်မယ်လို့ တိုင်းရင်းသားတွေအပေါ် လျှော့တွက်ထားတယ်။
 န အ ဖ ရဲ့ တွက်ကိန်း
          တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ အနုနည်း အကြမ်းနည်းသုံးဖို့ တွက်ကိန်းချထားတယ်။ အကယ်၍ လက်နက်ကိုင် တိုင်းရင်းသားတွေက သဘောတူ လက်ခံတာနဲ့        ၄င်းလက်နက်ကိုင်အဖွဲ့တွေကို န အ ဖ စစ်သားတွေနဲ့ ရောမွှေဖို့။ ၄င်းအဖွဲ့ဝင်တွေ ခေါင်းဆောင်တွေကို အကြောင်းအမျိုးမျိုးပြပြီး တချို့ကိုခွဲထုတ်၊ ဖဲ့ထုတ်၊ တချို့ကို ပြဿနာဖန်တီးပြီး ဖမ်းဆီးထိန်းသိမ်း စတဲ့နည်းနဲ့ ၀ါးစည်းပြေသလိုလုပ်ဖို့ အဲလိုလုပ်ပြီးမှ သူတို့ ထွင်ထားတဲ့ပုံစံနဲ့ ရွေးကောက်ပွဲကို ကလိမ်ကကျစ်နည်းနဲ့ ကျင်းပဖို့  ပြည်သူ့ထောက်ခံမဲ ၉၀/၉၅-ရာခိုင်နှုန်း ရတယ်လို့ လိမ်ညာကြေညာပြီး အစိုးရသစ်ဖွဲ့ဖို့၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့နဲ့ အခြားနိုင်ငံတွေဆီက ငွေတောင်းဖို့၊ ရတဲ့ငွေတွေထဲက အချို့ကို ရာထူးကြီးငယ်အလိုက် ဝေစုခွဲယူပြီး နိုင်ငံခြားဘဏ်တွေမှာ အပ်ဖို့၊ စတဲ့ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ဖို့ လုပ်နေတာဖြစ်တယ်။
          ဒါ့ပြင် ရွေးကောက်ပွဲပြီးလို့ လက်ရှိ စစ်အာဏာရှင်တွေကိုယ်တိုင် ပါဝင်တဲ့အစိုးရ (သို့) ၄င်းတို့လက်အောက်ခံ အစိုးရသစ် တက်လာပြီးနောက် ပြည်နယ်အသီးသီးရှိ လက်နက်မဲ့တိုင်းရင်းသားတွေကို စစ်အာဏာရှင်တွေက ၀ါးမျိုဖို့ အစီအစဉ်လဲရှိတယ်။ သူတို့လက်ခုပ်ထဲက ရေ ဖြစ်နေတာကိုး။
          ဒါ့ကြောင့် နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေကို ၂၀၀၉-ခု အောက်တိုဘာလ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ အမိန့်ပေးခဲ့တယ်။
န အ ဖ ရဲ့ ကောက်ကျစ်မှုကို တိုင်းရင်းသားတွေ သိလာပြီ။
          တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်အာဏာရှင်တွေအကြား နှစ်ပေါင်း ၂၀-ခန့်ကြာ အေးဆေးငြိမ်သက်လျက်ရှိပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်တွေရဲ့ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး စီမံချက်ကြောင့် တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဘ၀ပျက်ရမယ့်ကိန်း ဆိုက်လာပြီဆိုတာလဲ သိလာကြတယ်။ သူတို့ရဲ့ထင်မြင်ချက်ဟာ တြိဂံတိုင်း  တိုင်းမှူးဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် စကားအရ ပိုမိုခိုင်လုံသွားပါတယ်။
၁၄-၂-၂၀၁၀ နေ့က ပြုလုပ်တဲ့ တြိဂံတိုင်း တပ်တွင်းအရာရှိများ အစည်းအဝေးမှာ တိုင်းမှူးမင်းအောင်လှိုင်က မူးယစ်ဆေးဝါးလုပ်တဲ့ကိစ္စမှာ    ၀-တွေ ပါဝင်နေတယ်ဆိုတာ တကမ္ဘာလုံးက သိထားကြောင်း အမေရိကန်ကလည်း သူတို့ကို အလိုရှိနေကြောင်း အမေရိကန်ကသာ ကူညီမယ်ဆိုရင် အပစ်အခတ်ရပ်စဲထားတဲ့ ၀, ကချင် စတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို အလျှင်အမြန် ချေမှုန်းပစ်နိုင်မှာဖြစ်ကြောင်း-လို့ ပြောကြားသွားပါတယ်။ (RFA 2010-2-16)
အကယ်၍ အပစ်အခတ်ရပ် တိုင်းရင်းသားအဖွဲ့တွေက နယ်ခြားစောင့်တပ်ပြောင်းရင် ၄င်းအဖွဲ့တွေ ၀ါးစည်းပြေသလိုဖြစ်သွားမယ်။ အရင်က ၄င်းလက်နက်ကိုင် အဖွဲ့တွေရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ နေနေကြတဲ့ တိုင်းရင်းသားတွေဟာ အကာအကွယ်မဲ့ဖြစ်သွားပြီး စစ်အာဏာရှင်တွေရဲ့ လက်ခုပ်ထဲကရေလို ဖြစ်သွားတဲ့အခါ ၄င်းတို့ဟာ ဘ၀လဲတုန်း လူမျိုးလဲပြုန်း ဖြစ်သွားမှာမို့ စစ်အာဏာရှင်တွေရဲ့ မရိုးသားတဲ့အကြံအစည်ကို လက်မခံကြတာဖြစ်တယ်။
 နိုင်ငံတော်ရဲ့ စေတနာတဲ့။
          တိုင်းမှူး မင်းအောင်လှိုင် ထပ်ပြောတာက တရုတ်အစိုးရအနေနဲ့ ဒီတိုင်းရင်းသား အဖွဲ့အစည်းတွေကို ခြံစည်းရိုးအဖြစ် အသုံးပြုနေကြောင်း၊ ဒါကြောင့် နိုင်ငံတော်ရဲ့ စေတနာမှန်ကို နားလည်ပြီး ဥပဒေဘောင်အတွင်း ၀င်ရောက်လာကြစေရန်သာ နိုင်ငံတော်အကြီးအကဲများက အနုနည်းနဲ့ စည်းရုံးသိမ်းသွင်းနေတာ ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားပါတယ်။ ( RFA 2010-2-16)
နိုင်ငံတော်ရဲ့ စေတနာမှန်-ဆိုတာ တိုင်းရင်းသားတွေ ဘ၀တုန်း လူမျိုးပြုန်းအောင် ချေမှုန်းဖို့လုပ်တာဟာ နိုင်ငံတော်ရဲ့ စေတနာမှန်တဲ့လား။ ဥပဒေဘောင်အတွင်း ၀င်ရောက်လာစေရန် ဆိုတာကော တရားဥပဒေမရှိဘဲ မင်းဆိုးမင်းယုတ်တွေ ကြီးစိုးနေတဲ့နိုင်ငံမှာ ဘယ်ကဥပဒေဘောင်အတွင်းကို ၀င်ရမှာလဲ၊ ဒါကို အားမနာတန်းပြောရရင် ခွေးပါးစပ်က နတ်စကားထွက်တာနဲ့ အတူတူပါပဲ။
  နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး လက်မခံ
          တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက န အ ဖ ရဲ့ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို လက်မခံရခြင်း အကြောင်း နှစ်ရပ်ရှိပါတယ်။
က။ တိုင်းရင်းသားများရဲ့ တောင်းဆိုချက်ကို န အ ဖ-က လက်မခံ။
 (၁)။ န အ ဖ စစ်အုပ်စုနဲ့ ငြိမ်းချမ်းရေး ယူစဉ်က နောက်တက်လာတဲ့ အရပ်သားအစိုးရနဲ့ နိုင်ငံရေးဆွေးနွေးရေး ဆိုတဲ့ သဘောတူညီချက်အရ ငြိမ်းချမ်းရေးအဖွဲ့တွေက နောက်တက်လာတဲ့အရပ်သားအစိုးရ လက်ထက်ကျမှ နိုင်ငံရေး ဆွေးနွေးရန်။
(၂)။ ၁၉၄၇ ပင်လုံစာချုပ်အတိုင်း တိုင်းရင်းသားများတန်းတူအခွင့်အရေး ရရှိရန်။ ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရန်။ ဖယ်ဒရာယ်ပြည်ထောင်စု တည်ထောင်ရန်
(၃)။ တဘက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈-ခု ဥပဒေပါ အချက်အချို့ကို ပြင်ဆင်ပေးရန် စတဲ့အချက်များကို တောင်းဆို တယ်။ ဒါပေမယ့် စစ်အာဏာရှင်တွေက တချက်မှ ပြင်မပေးပါ။
(၄)။ မိမိတို့နယ်မြေအတွင်း မိမိတို့အုပ်ချုပ်ရန်။
(၅)။ နယ်ခြားစောင့်တပ်များကို မိမိတပ်များဖြင့်သာ ဖွဲ့စည်းရန်—– စသည်တို့ ဖြစ်ပါတယ်။
 ခ။ စစ်အာဏာရှင်များရဲ့ မတရားတောင်းဆိုချက်များမှာ
(၁)။ ငြိမ်းအဖွဲ့များက နယ်ခြားစောင့်တပ် ပြောင်းတဲ့အခါ တပ်ရင်းတရင်းမှာ အရာရှိအဆင့် ၁၈-ဦး အခြားအဆင့်
၃၀၈-ဦး စုစုပေါင်း= ၃၂၆-ဦး ရှိရမယ်။
(၂)။ အုပ်ချုပ်ရေး၊ တပ်ရေး၊ တပ်ထောက်    စတဲ့ အရေးကြီးနေရာများနဲ့ ရုံးတာဝန်များတွင် နအဖ စစ်တပ်မှ အရာရှိ ၃၀-ခန့်ပါဝင်ရမယ်။
(၃)။ စစ်အင်အားလျှော့ချရမယ်။ ဥပမာ-စစ်အင်အား ၃၀,၀၀၀ ခန့်ရှိတဲ့ ၀သပ-ကို ၃၀၀၀-အထိ လျှော့ချရမယ်။
(လက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ အင်အားကို 10% သာ ထားရမယ်။ ကျန်အင်အားတွေကို ဖျက်သိမ်းပေးရမယ်လို့ ဆိုလိုတယ်။)
(၄)။ နအဖရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိရမယ်။
(၅)။ လက်နက်တွေကို နအဖ ထံ အပ်ရမယ်။
(၆)။ နအဖကပေးတဲ့ စစ်သင်တန်းတွေမှာ သွားတက်ရမယ်။
(၇)။ တပ်သားသစ် ထပ်မစုဆောင်းရ။
(၈)။ လက်နက်စက်ရုံပိတ်ရမယ် -စတဲ့ အချက်တွေ လိုက်နာရမယ်လို့ ဖိအားပေးတယ်။
 တိုင်းရင်းသားတွေတောင်းဆိုတဲ့ အချက်တွေကို တချက်မှ လိုက်လျောခြင်းမရှိပဲ နအဖက ချမှတ်ထားတဲ့ အချက်တွေကိုသာ လိုက်နာရမှာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့ အများစုက လက်မခံကြပါ။ ငြိမ်းအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေကို လျော့မပေးပေမယ့် သတ်မှတ်ချိန်ကို အကြီမ်ကြိမ် လျော့ပေးပါတယ်။ နောက်ဆုံးအကြောင်းပြန်ရမယ့်အချိန်ကို ၂၀၀၉-အောက်တိုဘာလကုန်၊ ၂၀၀၉-ဒီဇင်ဘာလကုန်၊ ၂၀၁၀-ဖေဖော်ဝါရီလကုန် ၃-ကြိမ် ရွှေ့ဆိုင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ငြိမ်းအဖွဲ့တွေဘက်က လက်မခံသလို နအဖဘက်က လည်း လျော့မပေးပါ။
 ခုလို နအဖဘက်က အကြိမ်ကြိမ် ရွှေ့ဆိုင်းပေးတာဟာ အကြောင်းမဲ့မဟုတ်။
(၁)။ သူတို့လိုချင်တဲ့ အကွက်ထဲ မ၀င် ၀င်အောင် ပရိယာယ်နဲ့ ဆွဲသွင်းနေတာရယ်။
(၂)။ ခေါင်းမာနေတဲ့ ငြိမ်းအဖွဲ့ခေါင်းဆောင်တွေကို အစည်းအဝေးနဲ့ မျှားပြီး ဖမ်းဆီးထားဖို့ရယ်။
ဥပမာ-ကိုးကန့်ဗဟိုကော်မတီ အစည်းအဝေးလုပ်ဖို့ နအဖ-က ဖုန်ကျားရှင်ကိုခေါ်ခိုင်းတယ်။ “သူ”သွားရင် အဖမ်းခံရနိုင်တယ်-လို့ နယ်စပ်စစ်ရေးနဲ့ နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇော-က တွက်ဆထားတယ်။ (ဧရာဝတီ-၂၅-၈-၀၉)
(၃)။ လစ်ရင်လစ်သလို လုပ်ကြံဖို့ရယ်၊
ဥပမာ-“နယ်ခြားစောင့်တပ် ဖွဲ့ဖို့ ငြင်းဆိုနေတဲ့ မိုင်းလားအဖွဲ့ အတွင်းရေးမှူး ဦးမင်းအိမ်-၂၇-၁-၂၀၁၀-နေ့မှာ အသတ်ခံရတာလည်း နအဖ လက်ချက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်”-လို့လဲ ဦးအောင်ကျော်ဇော-က ပြောပါတယ်။ (DVB 27-1-2010)
(၄)။ ခုလဲ “၀သပ ခေါင်းဆောင် ပေါက်ယူချန်းကို လားရှိုးမြို့လာဖို့ ဗိုလ်ချုပ်ရဲမြင့်-က အကြိမ်ကြိမ် ဖိတ်ခေါ်တာလဲ သဘောရိုး ဟုတ်ချင်မှ ဟုတ်မယ် အကယ်၍ ပေါက်ယူချန်း သွားရင် အဖမ်းခံရနိုင်တယ်”-လို့ စစ်ရေးအကဲခတ် တဦးကပြောတယ်။ (ခေတ်ပြိုင်-15-2-2010)
(၅)။ “နယ်ခြားစောင့်တပ် ဖွဲ့ဖို့ ငြင်းတဲ့ ငြိမ်းအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီးမှ လုပ်ကြံသတ်ဖြတ်ဖို့ ဗိုလ်ချုပ်ရဲမြင့်-က သူ့တပ်မှူးတွေကို လျှို့ဝှက်အမိန့်ထုတ်ထားတယ်”-ဆိုတဲ့ ဒီဗွီဘီ-ရဲ့ အတည်မပြုနိုင်သေးတဲ့ တပ်တွင်းကလာတဲ့သတင်းတပုဒ်မှာ တွေ့ရတယ်။ (DVB 7-1-2010)
ဒီလိုအခြေအနေတွေကြောင့် တိုင်းရင်းသားတွေဘက်က စစ်အာဏာရှင်တွေအပေါ် အယုံအကြည်ကင်းမဲ့ လာပြီး တဖက်နဲ့တဖက် တင်းမာလာတာဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်တွေကို မယုံစားကြဖို့ ယုံစားရင် အကုန်မှားပြီး ဘ၀တုန်း လူမျိုးပါ ပြုန်းလိမ့်မယ်လို့ အကြိမ်ကြိမ် သတိပေးနေရခြင်း ဖြစ်ပါတယ်။
 လက်ရှိအခြေအနေ။
          ခုချိန်ထိ ငြိမ်းအဖွဲ့တွေထဲက
(၁) ကချင်ဒီမိုကရေစီသစ် တပ်မတော်။ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)နဲ့ ကိုးကန့်အထူးဒေသ (၁) တို့ အဖွဲ့သာ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲခဲ့ကြတယ်။
အရင် ၂၀၀၉-ခုနှစ်ကတည်းက နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်ခံခဲ့တဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) က အခု လက်မခံတော့ဘူး ဖြစ်လာနေပြီ။( ဧရာဝတီ-၂-၂၄/၂၅-၂၀၁၀)
 ကျန်အင်အားကြီးတဲ့
(၁) ပေါက်ယူချန်းရဲ့ ၀ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA)
(၂) ဦးဇောင်းဟရားရဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)
(၃) ဦးစိုးလင်း-ရဲ့ မိုင်းလားအဖွဲ့။
(၄) ဗိုလ်ချုပ်လွယ်မောင်-ရဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N)
(၅) ရွက်ဆစ်-ရဲ့ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း (SSA-S)
(၆) နိုင်ထောမွန်-ရဲ့ မွန်ပြည်သစ်ပါတီ
(၇) ဗိုလ်ထိန်မောင်-ရဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA) စတဲ့ အဖွဲ့တွေက ဘို့တဘို့-တည်းရှိတဲ့ နအဖ-ရဲ့ အစီအစဉ်ကို လက်မခံကြပါ။
 နောက်ဆုံးအကြိမ် ၂၆-၂-၂၀၁၀ နေ့က ဗိုလ်ချုပ်ရဲမြင့်နဲ့ ပေါက်ယူချန်းတို့ ရှမ်းပြည်မြောက်ပိုင်း တာယန်းမြို့မှာ တွေ့ဆုံတဲ့အခါ ၀သပ-ဘက်က အရင်တောင်းဆိုထားတဲ့ အချက် ၉-ချက်ကို ထပ်မံတောင်းဆိုပေမယ့် ဗိုလ်ချုပ်ရဲမြင့်က လုံးဝမလိုက်လျော၊ တရုတ်အစိုးရဘက်က ကိုယ်စားလှယ်တွေက ကြားဝင် စေ့စပ်ပေမဲ့ စစ်အာဏာရှင်တွေဘက်က အလျော့မပေး၊ ကြားဝင်ဖြန်ဖြေပေးတဲ့ တရုတ်တွေကိုတောင် သွယ်ဝိုက်ပြီးခြိမ်းခြောက်လိုက်သေးကြောင်း သိရပါတယ်။ (VOA 26-2-2010)
ခုဆိုရင် နယ်ခြားစောင့်တပ် ဖွဲ့ရေး ငြင်းဆိုနေတဲ့အဖွဲ့တွေကို မတရားအသင်း ကြေညာမယ်လို့ ခြိမ်းခြောက်နေသလို တရုတ်အာဏာပိုင်တွေက ၀,တပ်ဖွဲ့ကို နယ်ခြားစောင့်တပ် ပြောင်းရေး ဖျောင်းဖျပေးဖို့ နအဖ-က တောင်းဆိုနေတယ်လို့ သိရပါတယ်။
KIO ကတော့ နအဖ တောင်းဆိုချက်ကို အဖြေပေးဖို့ မတ်လ ၂-ရက်နေ့ကစပြီး လိုင်ဇာမြို့မှာ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပနေကြောင်း သိရပါတယ်။ (ခေတ်ပြိုင် ၈-ရက် မတ်လ ၂၀၁၀)
ငြိမ်းအဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ၀သပ အရင်ပြောဖူးတာကတော့ ခေါင်းပြတ်ဗိုလ်ချုပ်အဖြစ် ခံမယ်၊ အမျိုးပြုတ်တဲ့ ကျွန်ဘ၀အဖြစ် မခံဘူး-လို့ ပြတ်ပြတ်သားသား ပြောထားပါတယ်။ (RFA 13-1-2010)
ခုလောက်ဆို ပြည်နယ်ပြည်မ ဒေသအားလုံးရှိ လက်နက်မြဲ့ပည်သူများ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအပေါ် စစ်အာဏာရှင်တွေက ဘယ်လိုသဘောထားတယ်ဆိုတာ သိလောက်ပါပြီ။ စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေး တခုတည်းအတွက်ကိုသာကြည့်ပြီး လိမ်ညာလှည့်စားတာ၊ အပြောတမျိုး အလုပ်တမျိုး လုပ်တာ၊ ကတိဖျက်တာ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို အကြောင်းရှာ အမှုဆင်ပြီး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကြောင့် ပြည်သူတွေဆင်းရဲဒုက္ခရောက်ကုန်ကြပြီ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အကျင့်စာရိတ္တ …….စတာတွေ ပျက်စီးကုန်ပါပြီ။
ဒါကြောင့် ဒီစစ်အာဏာရှင်တွေရဲ့ လှည့်စားမှုများကို နောက်ထပ်မယုံစားကြပါနဲ့၊ ယုံစားရင် အကုန်မှားပြီး ဘ၀ပါတုန်း၊ လူမျိုးပါပြုန်း-ကုန်ကြလိမ့်မယ့်အကြောင်း ထပ်လောင်း၍ သတိပေးလိုက်ရပါကြောင်း။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts