>Dr Tin Zaw Lwin – Moe Moe Inya lives in Sar Pay Law Ka

>

မိုးမိုး (အင်းလျား) စာပေလောကမှာ နေသည်

ဒေါက်တာ တင်ဇော်လွင်
မတ် ၁၁၊ ၂၀၁၀
          လွန်ခဲ့တဲ့ အနှစ် ၃၀ တုန်းက။
          ၁၉၈၀ ပြည့်နှစ် ဆေးတက္ကသိုလ် -၂ (မင်္ဂလာဒုံ) ရဲ့ နှစ်လည်မဂ္ဂဇင်းကို ထုတ်ဝေမယ်လုပ်တော့ ထူးထူးခြားခြားဖြစ်အောင်ဆိုပြီး မဂ္ဂဇင်းကို အတူတူ ကိုင်တဲ့ သူငယ်ချင်း ဘုန်းရောင် (အခုတော့ ဒေါက်တာဘုန်းရောင်၊ ကျန်းမာရေး ညွှန်/ချုပ်) က စာပေလောကပုံနှိပ်တိုက်မှာ ရိုက်ဖို့ စီစဉ်လာခဲ့တယ်။ အဲသည်တုန်းက စာပေလောက ပုံနှိပ်တိုက်ပိုင်ရှင် ကိုမျိုးညွန့်ကလည်း တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွေ တစ်ခါမှ မရိုက်ဖူးသေးတော့ ရိုက်ဖူးချင်နေတာနဲ့ အတော်ပဲတဲ့။ အဲဒီလိုနဲ့ အလုပ်လက်ခံပြီး စာပေလောကတိုက်က ဆေးတက္ကသိုလ် (၂) နှစ်လည်မဂ္ဂဇင်းကို စပြီး ရိုက်တော့တာပေါ့။
          မဂ္ဂဇင်း အဓိက စီစဉ်သူတွေဖြစ်တဲ့ ဘုန်းရောင်ရယ်၊ ကျနော်ရယ်၊ မြင့်မောင်ရယ် (အခုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ခွဲစိတ်ကုဆရာဝန်ကြီး ဒေါက်တာမြင့်မောင်) ၃ ယောက်သားမှာလည်း မဂ္ဂဇင်းအတွက် ပြင်ရင်းဆင်ရင်း ကျောင်းပြေးကြတယ်။ ဆေး (၂) နဲ့ ၃၃ လမ်းကို လွန်းပြေးသလို (အဲဒီတုန်းက ထောက်ကြန့် နံပါတ် ၉ ဟီးနိုးဘတ်စ်ကား စီးပြီး) သွားကြတယ်။ ၂ ရက်ခြားတစ်ခါ ၃ ရက်ခြားတစ်ခါ၊ တစ်အုပ်လုံးကို ‘ကိုင်’ရတာဆိုတော့ အဲဒီလို စာပေလောကတိုက်မှာ (မအိပ်ရုံတမည် ဖင်မြဲမြဲနဲ့) အချိန်ယူပါမှ မဂ္ဂဇင်းက အချိန်မီ ခန့်ခန့်ညားညား ထွက်လာနိုင်မှာ မဟုတ်လား။ အဲဒီလို တလှည့်စီ တလှည့်စီ ဒရစပ် သွားကြရင်း ကိုမျိုးညွန့်နဲ့ သိကျွမ်းရင်းနှီးလာကြပြီး ဇနီးဖြစ်တဲ့ မမိုးမိုး (အင်းလျား) နဲ့ပါ သိကျွမ်းခဲ့တော့တယ်။
x        x        x        x        x        x

          အဲဒီ ၁၉၈၀ မှာ မမိုးမိုးဟာ ထင်ရှားတဲ့ စာရေးဆရာမကြီး ဖြစ်နေပါပြီ။ အမျိုးသားစာပေဆုလည်း ရပြီးနေပါပြီ (‘ပျောက်သောလမ်းမှာ စမ်းတ၀ါး’ နဲ့ ၁၉၇၄ မှာ ပထမဆုံးအကြိမ်ပါ)။ ထွက်သမျှ လုံးချင်း၊ ၀တ္ထုရှည်၊ ၀တ္ထုတိုတွေကို စာဖတ်ပရိသတ်က အငမ်းမရ ကြိုက်နေကြပါပြီ။ ‘ရွှေတိဂုံကို မြင်လျှင်’၊ ‘မှတပါး အခြားမရှိပြီ’ ဆိုတဲ့ ၀တ္ထုခေါင်းစီး နာမည်တွေလည်း ပရိသတ်ကြားမှာ လှိုင်းထ ပဲ့တင်နေပါပြီ။

          အဲဒီ ၁၉၈၀ မှာ ကျနော်တို့နဲ့ စပြီး သိကျွမ်းတော့ မမိုးမိုးက အသက် ၃၅-၃၆ လောက်။ (ကျနော်တို့က အစိတ်ပတ်ဝန်းကျင်လောက်ဆိုတော့) ၁၀ နှစ်လောက် ကြီးပါတယ်။ မျက်နှာကြည်ကြည် ချိုချို၊ ကိုယ်နေဟန် ပြည့်ပြည့်နဲ့ ကျနော်တို့ ပရုဖတ်တဲ့ ပုံနှိပ်ခန်းထဲကို (စက်သံတွေ ဆူညံသော်လည်း) ၀င်လာပြီး စကားစမြည် ပြောလေ့ရှိပါတယ်။ တခါတလေလည်း တိုက်ရှေ့က ခုံကလေးမှာ သူ့ဘာသာ သူ့အတွေးနဲ့ ငြိမ်ငြိမ်လေး ထိုင်နေလေ့ရှိပါတယ်။ တခါတလေ ကျနော်တို့နဲ့အတူတူ လာထိုင်ပါတယ်။ ညနေစောင်းမှာ ကမ်းနားဘက်က တိုက်လာတတ်တဲ့ လေအေးအေး (‘ဆူးလေလမ်းက လေနုအေး’လို့ပဲ ခေါ်ချင်ရင်ခေါ်) ကို ရှူရှိုက်ရင်းပေါ့ (အခု ၂၀၁၀ မှာရော အဲဒီလေတွေဟာ အရင်ကလို အေးနေတုန်းပါပဲလား)။ ပုံနှိပ်လုပ်ငန်းတွေ အမျိုးမျိုးရှိတဲ့ အဲဒီ ၃၃ လမ်းထဲကိုလည်း စာပေလောကသားတွေ ဥဒဟို ၀င်ကြထွက်ကြပေါ့။
          အဲဒီလို ဆေးတက္ကသိုလ် (၂) မဂ္ဂဇင်းကို ၂ နှစ်ဆက်တိုက် လုပ်မိကြတော့ ကျနော်တို့ ၃ ယောက်လည်း ကိုမျိုးညွန့်၊ မမိုးမိုး (အင်းလျား) တို့နဲ့သာမက အဲဒီစာပေလောကတိုက်ကို ၀င်ထွက်နေတဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ ဓာတ်ပုံဆရာတွေနဲ့ပါ သိကျွမ်းခွင့် ရခဲ့ကြတယ်။ နောက်ပြီး (၂၀၀၈ ခုနှစ်မှာ) ကွယ်လွန်သွားရှာတဲ့ ကိုမျိုးညွန့်ရဲ့အဖေ၊ စာပေလောက စာအုပ်တုက်ကို ဦးစွာ စတင်တည်ထောင်သူ (အဘ) သခင်ခင်ညွန့် (ရေနံချောင်း) ဆီကလည်း “အဘတို့ခေတ်တုန်းက ဒီလိုမဟုတ်ပေါင်ကွာ …” အစချီတဲ့ ခေတ်ရဲ့ သုံးသပ်ချက်တွေကိုလည်း နာယူခွင့် ရခဲ့ကြသေးတယ်။ (အဘဆုံးတော့ ဒေါ်စုရဲ့ NLD  ပါတီ အမှုဆောင် ကိုယ်စားလှယ်တစ်ဦးအဖြစ်နဲ့ပါ)။

x        x        x        x        x        x
          ခေတ်ကို ကွက်ကွက်ကွင်းကွင်း ထင်ဟပ်ပြီး ဖန်တီးမှုအာရုံ အားကောင်းကောင်းနဲ့ ဒေါင်းဒေါင်းပြေး ရေးနေတဲ့ မမိုးမိုးက ဂစ်တာတီးသင်ချင်ပါတယ်ဆိုလို့ မြင့်မောင်က သင်ပေးရသေးတယ်။ (တကယ်တော့ မမိုးမိုးကို အဲဒီအချိန်တုန်းက မိန်းကလေးတွေချည်း ဖွဲ့ထားတဲ့ Venus ဆိုတဲ့ ခေတ်ပေါ်တေးဂီတအဖွဲ့က အတီးသမားတစ်ယောက်က အိမ်ကိုမှန်မှန်လာပြီး သင်ပေးနေကျပါ။) အဲဒီမှာ မြင့်မောင်က ကြိုကြားကြိုကြား Short Cuts ကလေးတွေကို လွယ်လွယ်နဲ့ မြန်မြန်တီးတတ်အောင် ပြပေးလိုက်တော့ မမိုးမိုးက ပိုသဘောကျရှာတယ်။ (“‘အဘိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့ဦး’ ကနေ စပြီး ပြပေးလိုက်တာပေါ့ကွာ” တဲ့ မြင့်မောင် ပြန်ပြောပုံက။ “လက် အသားမာ တက်သွားလား” လို့ ကျနော်က ထပ်မေးကြည့်တော့ ဟဲ ဟဲ ဟဲ ဆိုပြီး ရယ်ကျဲကျဲ လုပ်နေတယ်။ “ဂစ်တာတီးတတ်ဖို့ ဆိုရင် လက်မှာ အသားမာတက်အောင် ကျင့်မှ ရတယ်ကွ” လို့ ဂီတ ‘ဒုန်းဝေး’တဲ့ ကျနော့်ကို သူက သြ၀ါဒ ခြွေဖူးတယ်လေ။)
          ခရစ်ယာန် မဟုတ်ပေမယ့် ခရစ္စမတ် အကြိုညမှာ Carol Singing သွားကြရအောင်လို့ မမိုးမိုးရဲ့ အဆိုပြုချက်အရ မြို့ထဲတ၀ိုက် (ဘားလမ်း၊ ၃၂ လမ်း၊ ၃၃ လမ်း)က မိတ်ဆွေအသိ အိမ်တွေဆီ ကားလေးတစ်စီးနဲ့ လျှောက်သွားကြတယ်၊ သီချင်းတွေ ဆိုကြတယ်။ အုပ်စုလိုက်ပေါ့။ မြင့်မောင်က ဂစ်တာတီးတယ်။  ‘Jingle Bell’ ၊ ‘ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာ ရောက်စေသော်’ စတဲ့ ခရစ္စမတ် နှစ်ကူးသီချင်းတွေပေါ့။ အားလုံး ပျော်ကြ ရွှင်ကြရင်း မင်းသားကြီး ၀င်းဦးရဲ့ တိုက်ခန်းကိုအရောက်မှာ မြင့်မောင် ဖျော်ဖြေတင်ဆက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ရဲ့ အမည်က ‘သစ္စာ’ တဲ့။ (‘အမြဲတသ စွဲလမ်းခဲ့တဲ့ တစ်ပွင့်တည်းသော ပန်းသစ္စာ’ ဆိုတဲ့ သစ္စာ။) ၀င်းဦးကို ၀င်းဦးရဲ့သီချင်းနဲ့ ဖျော်ဖြေတာလေ။ လူမှုရေးနောကျေတဲ့ မင်းသားကြီးက (သူ့ရဲ့ Trade Mark) ရယ်သံလွင်လွင်နဲ့ တုံ့ပြန်လိုက်ပုံက “ဆရာဝန်လောင်းလေး ဆိုလိုက်တော့ သီချင်းက တမျိုးကောင်းသွားပါတယ်ဗျာ” တဲ့။
x        x        x        x        x        x

          အဲဒါတွေက လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကပါ။
          အဲဒီ ဆေးတက္ကသိုလ် (၂) မဂ္ဂဇင်းကို ၂ နှစ်ဆက်တိုက် ကိုင်ခဲ့တဲ့နှစ်တွေမှာပဲ မြနှောင်းညိုရဲ့ ပထမဆုံးဝတ္ထု (ခက်ကလေး ပန်စရာ) နဲ့ ပြေ (ဆေး-၂) ရဲ့ ပထမဆုံးဝတ္ထု (၀တ္ထုအမည်တော့ မမှတ်မိတော့) ကို မွေးဖွားပေးနိုင်ခဲ့တယ်။ ၁၉၈၂ မှာ ဆေးကျောင်းက ဘွဲ့တွေရပြီးတော့ ကျနော်တို့ ၃ ယောက်လည်း ကိုမျိုးညွန့်၊ မမိုးမိုး၊ အဘ သခင်ခင်ညွန့်တို့ ၃ ယောက်နဲ့ အလှမ်းဝေးသွားတော့တယ်။ ‘သားရေး သမီးရေးနဲ့ အိမ်ထောင်ရေးတွေ ၀င်၊ ဘယ်လောက်ပဲ ခင်ခင် တဖြည်းဖြည်းနဲ့ အနေဝေး’ ကြကုန်တယ်။ အကြောင်းကိစ္စရှိလို့ ရန်ကုန်ကို ရောက်မှ (မြို့ထဲကို ရောက်မှ) ၃၃ လမ်းက ‘စာပေလောက’ ကို ရောက်ဖြစ်ကြတယ်။ နှုတ်ဆက်ဖြစ်ကြတော့တယ်။ မမိုးမိုးက အမျိုးသားစာပေဆု ၃ ဆု ထပ်ရတော့ စုစုပေါင်း ၄ ဆု ဖြစ်သွားတော့တာပဲ။
          အဲဒီလိုနဲ့ နောက်ထပ် ၁၀ နှစ် ထပ်ကြာသွားပြီး .. ‘၁၉၉၀ မတ်လ ၁၃ ရက်နေ့မှာ ကွယ်လွန်ရှာပြီ’ ဆိုတဲ့ သတင်းကို မယုံနိုင်စရာ ကြားရတော့တာပဲ။ ည တရေးနိုးအချိန်မှာ ဗိုက်အောင့်လို့ ဆေးရုံရောက်တယ်၊ ဆေးရုံမှာပဲ ဆုံးရှာတာပဲ တဲ့။ ငယ်ငယ်ရွယ်ရွယ် အချိန်မသင့်သေးတော့ နှမြောတာပေါ့။ အဲဒီတုန်းက ကျနော်က မြန်မာပြည်မှာ မရှိဘူး၊ အင်္ဂလန်ကို ရောက်နေပြီ။ သတင်းနားထောင်ပြီး အဝေးကပဲ ဆုတောင်း နှုတ်ဆက် လုပ်ရတော့တယ်။ လွမ်းဆွတ်တဲ့စာ၊ စကားတွေ မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ ဝေေ၀ဆာဆာ ပါလာတာကို ဖတ်ရင်းနဲ့ပဲ ဖြေသိမ့်ရတော့တယ်။ လူထုဒေါ်အမာက “တို့ မြန်မာစာပေသရဖူက စိန်တစ်လုံး ပြုတ်ကျသလို တို့အဖို့ ဆုံးရှုံးရပြီကော” လို့ တသသနဲ့ နှမြောရှာတယ်။
x        x        x        x        x        x

          အဲဒီလိုနဲ့ နောက်ထပ် ၁၀ နှစ်အကြာ ၂၀၀၀ ပြည့်နှစ်မှာတော့ မမိုးမိုး ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အာရုံပြု ကုသိုလ်ယူတဲ့အစီအစဉ်ကို ဗဟန်းက ရွှေကျင် (သာသနာ လင်္ကာရ) ကျောင်းတိုက်မှာ လုပ်ဖို့ ကိုမျိုးညွန့်က ဖိတ်တယ်။ (ကျနော် အဲဒီတုန်းက မြန်မာပြည် ပြန်ရောက်နေပြီ။) ဒါပေမယ့်လည်း ကိစ္စမြားမြောင် လူတို့ဘောင်ဝယ် ဆိုတဲ့ စကားအတိုင်းလား၊ စိတ်သွားတိုင်း ကိုယ်မပါနိုင် ဆိုတဲ့ ဆုတောင်းမှားခဲ့လို့ပဲလား မရောက်ဖြစ်ခဲ့ဘူး။ အဘ သခင်ခင်ညွန့်ကို တွေ့ချင်တာလည်း မတွေ့ဖြစ်ခဲ့ဘူး။
          ဟော .. အခု နောက်ထပ် ၁၀ နှစ် ထပ်အကြာ ၂၀၁၀ ကို ရောက်လာပြန်ပြီ။ မမိုးမိုး ဆုံးတာလည်း နှစ် ၂၀ ရှိပါပြီ။ အဘ သခင်ခင်ညွန့်လည်း ၂၀၀၈ ခုနှစ်က ဆုံးရှာပါပြီ။
          ဒီတခါ မြန်မာပြည် သွားရင်တော့ ၃၃ လမ်းက စာပေလောက ကို သွားရဦးမယ်။ (သွားဖြစ်အောင်ကို သွားရမယ်။) အဘ သခင်ခင်ညွန့် နဲ့ မိုးမိုး (အင်းလျား) တို့ရဲ့ အမည်ဝိသေသတွေကို အရိုအသေ ပေးတဲ့အနေနဲ့ပါ။        ။
(ဓာတ်ပုံများ – မိုးမိုး(အင်းလျား) ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်တုန်းက စာပေလောကထုတ် အမှတ်တရဓာတ်ပုံများ)